ဧပြီလ ၁ ရက်နေ့က ထွက်ရှိခဲ့တဲ့၊ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ Frenzo အဖွဲ့သားများရဲ့ “ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းကိုပရိသတ်များက ကြိုက်နှစ်သက်ပြီး ယခင်ကလည်း Pencell Studio က Animation ဖန်တီးပေးထားတဲ့ Big Bag အဖွဲ့ရဲ့ “သတိရတယ်” Music Video ကိုလည်း အားပေးမှုများစွာ ရရှိခဲ့ပါတယ်။
အဆိုပါ “ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းရဲ့ Music Video ကို Animation များနဲ့ ဖန်တီးပေးခဲ့တဲ့ Pencell Studio ရဲ့ Art Director ဖြစ်သူ နိုဘယ်အောင်ကို Music Video ဖန်တီးခဲ့တဲ့ အကြောင်းအရာများ၊ Pencell Studio နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ဧရာဝတီက အခုလိုပဲ မေးမြန်းထားပါတယ်။
မေး။ ။ Frenzo က အဆိုတော်တွေရဲ့”ငါ့ရည်းစာက ပိုမိုက်တယ်” Music Video ကို တာဝန်ယူ ဖန်တီးခဲ့တဲ့အချိန် ကာလ ဘယ်လောက်ကြာခဲ့လဲ။ သီချင်းကပေါက်ပြီးသားဆိုတော့ ဘယ်လောက်ထိ တာဝန်ကြီးလဲ။
ဖြေ။ ။ တာဝန်ကတော့ တော်တော်ကြီးတယ်။ သူတို့က မြန်မာနိုင်ငံရဲ့ အဟော့ဆုံး အဆိုတော်တင်မကဘူး။ သူတို့ရဲ့ တအား ပေါ်ပြူလာဖြစ်နေတဲ့ သီချင်းကိုပါ ပေးလိုက်တာပေါ့။ ကျနော်တို့ လက်ထဲကို ရောက်လာတော့ ဖိအား ရှိတယ်။ ဒီသီချင်းနဲ့ ကျနော်တို့ လုပ်လိုက်တာနဲ့ ပရိသတ်တွေ လက်မခံနိုင်ရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ ဖိအား ရှိတယ်။ အဲဒီတော့ ကျနော်တို့လည်း ပိုပြီး လုပ်ရတယ်။ Story စ စဉ်းစားကတည်းက ၄ ၊ ၅ ခုလောက် စဉ်းစားတယ်။
သူတို့ရဲ့ အပြင်လောကက Personal တွေပါ မထိခိုက်အောင် သူတို့ရဲ့ရည်းစားတွေကို ဘယ်လိုလုပ်ကြမလဲ။ အဲဒါတွေကအစ အသေးစိတ် စဉ်းစားတယ်။ သူတို့ရဲ့ ရုပ်ထွက်ဟန်၊ ဆိုတဲ့ပုံစံတွေအစ အပြင်ကပုံစံနဲ့ မတူရင် ဘယ်လိုလုပ်မလဲပေါ့။ အဲဒါတွေကို ထပ်ခါထပ်ခါ လေ့ကျင့်တယ်။ ကျနော်တို့ထဲက Animator တွေကပဲ သရုပ်ဆောင်ကြည့်တယ်။ အဲဒါကို လေ့ကျင့်ပြီးတော့ လုပ်ရတာ ၇ လလောက်ကြာတယ်။ အစအဆုံးဆိုရင်။
မေး။ ။ ဒီထဲမှာ တယောက်ချင်းစီရဲ့ ကာရိုက်တာကို ပုံဖော်တဲ့အချိန်မှာ ကိကိရဲ့ ကာရိုက်တာက ဘီလူးခေါင်းနဲ့ဖြစ်တာက သူ့ရဲ့ရုပ်ရှင်ထုတ်လုပ်ရေး Logo နဲ့ တိုက်ဆိုင်သွားတာကရော။
ဖြေ။ ။ ဘီလူးခေါင်းက ရုပ်ရှင်ထုတ်လုပ်ရေးရှိလို့ လုပ်ခဲ့တာ မဟုတ်ဘူး။ ကာရိုက်တာ တခုချင်းစီမှာ သူတို့ရဲ့ ထူးခြားတဲ့အချက်လေးတွေ ထည့်တာပေါ့နော်။ အဲဒီလို ထည့်လိုက်ရင်းနဲ့မှ သူကလည်း ရုပ်ရှင်ထုတ်လုပ်ရေးရှိတယ်ဆိုတော့ တိုက်ဆိုင်သွားပြီး ကွက်တိပဲပေါ့။ လုပ်ပြီးမှ သိတာပေါ့။
မေး။ ။ တချို့ပရိသတ်တွေကလည်း လူအစစ်တွေနဲ့ ပုံဖော်မယ် ထင်ထားပေမယ့် Animation နဲ့ထွက်သွားတဲ့အချိန်မှာ အံ့သြပြီးကြိုက်နှစ်သက်ခဲ့ကြတယ်။ ဒီဟာကို ဖန်တီးဖို့ကျတော့ ဘယ်လိုမျိုး အိုင်ဒီယာ စဉ်းစားခဲ့ရလဲ။
ဖြေ။ ။ Animation ထဲကကောင်မလေးတွေလည်း လှပါတယ်။ ကျနော်တို့ ပထမဆုံးစဉ်းစားတာက Story ပဲ။ Story ကောင်းမှ ကြိုက်မှာလေ။ Story ကောင်းအောင်ပဲ ထပ်ခါထပ်ခါ လုပ်တယ်။ Story ကိုပဲ ၂ လ ၃ လလောက် အချိန်ယူတယ်။ ကျန်တဲ့လတွေက ဆွဲတာပေါ့။ ဆွဲတာက အဲဒီလောက် မကြာတော့ဘူး။
မေး။ ။ လူတွေအများကြီးနဲ့ ဖန်တီးရေးဆွဲခဲ့ရတာ ဆိုတော့ ကုန်ကျစရိတ် အနေနဲ့ကရော ဘယ်လို ရှိမလဲ။
ဖြေ။ ။ လူတွေနဲ့ ရိုက်တာတော့ ကျနော်တို့ မရိုက်ဖူးလို့ မသိဘူး။ Animation နဲ့လုပ်တာဆိုရင်တော့ ကုန်ကျစရိတ်က အယောက် ၃၀ ကို ၇ လလောက် လုပ်တော့ တယောက်ကို ၁ သိန်းပဲယူ၊ ဘယ် Artist မှ ၁ သိန်းနဲ့ ထမင်းစားလို့ မရဘူး။ ဒီတိုင်းအပြင်မှာ လုပ်နေတဲ့ အလုပ်သမား တယောက်တောင် ၁ သိန်းနဲ့ မလုပ်ဘူး။ ထားပါတော့ အကြမ်းဖျင်း ၁ သိန်းကို အယောက် ၃၀ ဆိုရင် သိန်း ၃၀ လောက် ရှိတယ်။ ၇ လဆိုရင် သိန်း ၂၀၀ လောက် ရှိနေပြီ။ အဲဒီလောက် ဝန်းကျင် ကုန်တယ်ပေါ့။ ဒါတောင် အနည်းဆုံး ယူထားတာ။ Artist အားလုံးက အနစ်နာခံတယ်။ အဓိက သူတို့က ဝါသနာပါတာကို လုပ်ချင်တာဆိုတော့။ ကုန်တာက ၂၀၀ ဝန်းကျင်လောက် ရှိပါတယ်။
မေး။ ။ Pencell Studio အနေနဲ့ရော အခုဆိုရင် သက်တမ်း ဘယ်လောက် ရှိပြီလဲ။
ဖြေ။ ။ Pencell က အခုဆိုရင် ၂ နှစ်ပြည့်တော့မယ်။ ပထမနှစ်မှာ Big Bag အတွက် သတိရတယ်ကို လုပ်တယ်။ ဒုတိယနှစ်က ဒီဟာပေါ့။ ကြားထဲမှာလည်း လုပ်ဖြစ်တာတွေ အများကြီးပဲ။ လူတွေသိနေတဲ့ Animation တွေ တီဗီမှာလွှင့်နေတာတွေ ရှိတယ်။ နောက်ပိုင်းလည်း ကျနော်တို့ ဆက်လုပ်မယ့် TV seires တွေ ဆက်လာလိမ့်မယ်။ အဲဒါတွေလည်း စောင့်မျှော်ပေးပါဦး။
မေး။ ။ စတင်ခဲ့တဲ့ အချိန်နဲ့ အခု ၂ နှစ်အတွင်းမှာ ဘယ်လိုတွေ ရုန်းကန်ခဲ့ရလဲ။
ဖြေ။ ။ ရုန်းကန်ခဲ့ရတာ အများကြီးပဲ ရှိတယ်။ ဘယ်ကစပြောရမှန်းတောင် မသိဘူး။ လူတွေက မသိတော့ ပိုလုပ်ပေးရတာပေါ့။ ဘတ်ဂျက်ကို အကုန်မခံနိုင်တဲ့အချိန်မှာ အိတ်စိုက်တာတွေလုပ်ရတယ်။ လုပ်ရတဲ့သူတွေကလည်း နေ့မအိပ် ညမအိပ် လုပ်ရတယ်။ အဲဒါတွေကို လူတွေသိအောင် Workshop တွေလည်း လုပ်ရတယ်။ အခုဆိုရင် စိုင်းစိုင်းခမ်းလှိုင်တို့နဲ့လုပ်တော့ လူက ပိုသိတယ်။ အစကတည်း ပေါ်ပြူလာဖြစ်ပြီးသား။ Big Bag လည်း ပေါ်ပြူလာဖြစ်တယ်။ အဲဒီလိုတွဲပြီးလုပ်တော့မှ လူတွေက မြင်တာ။ အဲဒီလို တွဲမြင်တော့မှ ပြောပြခွင့်ရတာ။ နောက်လည်းဖြစ်လာမှာပါ။
မေး။ ။မြန်မာနိုင်ငံမှာက Animation နဲ့ ပတ်သက်ပြီးတော့ သိပ်မထွန်းကားသေးတဲ့အခါကျတော့ အစ်ကိုတို့ လုပ်ရတဲ့အပိုင်းမှာ ဘယ်လို အခက်အခဲ ရှိမလဲ။
ဖြေ။ ။ အနောက်တိုင်းနိုင်ငံတွေကတော့ ပြောစရာကို မလိုတော့ဘူး။ ရုပ်ရှင်ရုံမှာ သွားကြည့်လိုက်ရင် သူတို့ ကာတွန်းကားတွေချည်းပဲ။ အာရှနိုင်ငံဆို တင်တာ တော်တော် ရှားတယ်။ ဂျပန်က ကောင်းတဲ့ရုပ်ရှင်တွေတောင် ရုံမှာ သိပ်မတင်ဘူး။ ကျနော်တို့ကလည်း တဖက်တလမ်းက လိုက်နိုင်အောင် အကောင်းဆုံးကြိုးစားတယ်။ မြန်မာကနောက်ကျနေပြီ ဆိုပေမယ့် မြန်မာကလူတွေ အဲဒီလောက် မညံ့ပါဘူး။ မြန်မာနိုင်ငံမှာ လုပ်တဲ့ လူငယ်တွေ ရှိတယ်။ အဓိကကလူတွေ မသိသေးတာ။
အဲဒီလိုတွေကို Support လုပ်ရမယ်ဆိုတာ မသိသေးတာ။ ခုနကပြောတဲ့ သိန်း ၂၀၀ ကုန်တယ် ဆိုတာ ဘယ်သူက သိန်း ၂၀၀ ပေးမှာလဲပေါ့။ ၅ မိနစ်စာအတွက်။ နာမည်ကြီး မင်းသား၊ မင်းသမီးနဲ့ ကြေငြာလိုက်ရင် သိန်း ၂၀၀ နဲ့ အေးဆေး ရတယ်။ ဒါပေမဲ့ ဒီဟာလေးတခု ရဖို့အတွက် ဘာလို့ သိန်း ၂၀၀ အကုန်ခံလဲဆိုတာ လူတွေက နားမလည်တာပေါ့။ အဲဒီ အခက်အခဲလေးတွေ အများကြီး ရှိတယ်။
မေး။ ။ သူများနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဘာတွေ လိုအပ်နေသေးလဲ။
ဖြေ။ ။ ထိုင်းတို့ဘာတို့မှာ ပေါ်ပြူလာအဖြစ်ဆုံးက Animation ဖြစ်နေပြီ။ အခုဆိုရင် မိဘတွေက သားသမီးတွေ ကြီးလာရင် Animator လုပ်ရမယ်နော်။ လစာကောင်းကောင်း ရတယ်။ အဲဒီလိုတွေ ဖြစ်နေကြပြီ။ မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးကလည်း ထိုင်းပဲ။ မြန်မာရဲ့နောက် ၅ နှစ်လောက် ပြောလို့ရတယ်။ Animation Career က မြန်မာနိုင်ငံမှာ သိပ်မကြာခင် တက်လာလိမ့်မယ်။ ကျနော်တို့ Studio လိုပဲ။ တခြား Studio တွေလည်း တဖြည်းဖြည်းချင်း ရှိလာပြီ။ ဒီ ၂ နှစ်လောက် အတွင်းမှာ သိသာတယ်။
မေး။ ။ ဝါသနာအရင်းခံပြီး လုပ်နေကြပေမယ့် Animator တွေအနေနဲ့ ရပ်တည်ရတဲ့ အခက်အခဲတွေ ရှိရင်လည်း ပြောပြပေးပါ။
ဖြေ။ ။ ရပ်တည်တာတော့ ဖုတ်လှိုက်ဖုတ်လှိုက်ပဲ။ ကျနော်တို့ဆီမှာဆို ဆရာဝန်တွေ ရှိတယ်။ ဆေးကျောင်းပြီးထားတဲ့သူတွေ ရှိတယ်။ သဘောၤလိုက်နေတဲ့သူတွေ ရှိတယ်။ သဘောၤကပ္ပတိန်တွေ ပါပါတယ်။ အင်ဂျင်နီယာလုပ်နေတဲ့ သူတွေလည်း ရှိတယ်။ အဲဒီတော့ပြောရရင် သူတို့တွေက အဲဒီအလုပ်တွေမှာ လစာကောင်းကောင်းနဲ့ အသာလေး ရတယ်။ အဲဒီကနေထွက်ပြီး ဒီအလုပ်ကိုလုပ်တာပေါ့။ သူတို့အိမ်က မိဘတွေက ဘယ်လိုမြင်မလဲပေါ့။ ကျနော်တို့က အဲဒီလိုအဖြစ်မခံဘူး။
အဲဒီအလုပ်တွေလောက် ရချင်မှ ရမှာဆိုပေမယ့် ကျနော်တို့ ထိုက်ထိုက်တန်တန် ပေးတယ်။ လုပ်ရကျိုးနက်အောင် Credit တွေလည်း ပေးတယ်။ အခုဆိုရင် မနှစ်ကထက်စာရင် အများကြီး ပြေလည်သွားတယ်။ ဝန်ထမ်းတွေလည်း လစာတွေ တိုးရလာပြီ။ သင်တန်းကျောင်းတွေ ပေါ်လာပြီ။ နိုင်ငံခြားမှာလည်း သွားတက်တာတွေလည်း ပြန်လာပြီ။ ဒီလိုနဲ့ Animation လုပ်တဲ့သူတွေ ပိုများလာပြီ။
မေး။ ။ အခုဆိုရင်တော်တော်လေးလည်း လူသိများအောင်မြင်လာပြီးတော့ နိုင်ငံခြားမှာလည်း ဆုတွေရထားတာဆိုတော့ ဘယ်လိုမျိုး ဝမ်းသာ ပီတိ ဖြစ်မိလဲ။
ဖြေ။ ။ ပျော်တာပေါ့။ ကျနော်တို့ စားရတာ အစား မဟုတ်ဘူး။ ပီတိပဲ စားရတာ။ Artist တော်တော်များများက ပီတိပဲ စားရတယ်ပေါ့။ ချီးကျူးခံရတော့ နောက်တခု လုပ်ဖို့အတွက် အားရှိတယ်။ အမှန်ဆို တခုလုပ်ပြီးရင် မောသွားပြီ။ ဒါပေမယ့် အခုလိုအားပေးကြတော့ ဝမ်းသာပြီး ပီတိဖြစ်ရတယ်။ နောက်ထပ် Plan တွေ အများကြီးရှိတယ်။ နောက်ထပ် ပရောဂျက်တွေလည်း ရှိတယ်။ တဖြည်းဖြည်းနဲ့ သိလာပါလိမ့်မယ်။
မေး။ ။ Animation ကို စိတ်ဝင်စားတဲ့ လူငယ်တွေကိုရော ဘာများပြောချင်ပါသေးလဲ။
ဖြေ။ ။ Animation ကို ဝါသနာပါတဲ့ လူငယ်တွေအနေနဲ့ ပုံဆွဲတတ်ဖို့ လိုပါတယ်။ ပုံဆွဲများများ လေ့ကျင့်ကြပါ။ Animator က ပုံဆွဲတတ်ဖို့ လိုတယ်။ ကျနော်တို့ ကွန်ပျူတာကိုက အားကိုးလို့ မရဘူး။ ပြောရရင် စက္ကူနဲ့ ခဲတံနဲ့ ဆွဲတတ်ဖို့တောင် လိုတယ်။ ပုံဆွဲတာကို သင်ပြီးတော့မှ Animation အဆင့်ကို သွားလို့ ပြောချင်ပါတယ်။ ။
The post Pencell Studio မှ Art Director နိုဘယ်အောင်နှင့် တွေ့ဆုံခြင်း appeared first on ဧရာဝတီ.