Canel+ ရုပ်သံလိုင်းကနေ မကြာခင်ပြသမယ့် “လောကကြိုးဝိုင်း” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ယဉ်လက်က ပရိသတ်တွေထင်ထားတဲ့ ပုံစံမျိုး မဟုတ်အောင် သရုပ်ဆောင်ထားပြီး လက်ဝှေ့ထိုးသူတွေရဲ့စိတ်ဓာတ်က အရမ်းလေးစားဖို့ကောင်းတယ်လို့ ပြောပါတယ်။
“လောကကြိုးဝိုင်းကားထဲမှာ ညီမ ဘယ်လိုပုံစံမျိုးနဲ့ ပါမလဲဆိုတာ ပရိသတ်အမြင်ကို မျှော်လင့်တာပေါ့နော်။ ပရိသတ်တွေ ထင်ထားတဲ့ ပုံစံမျိုး မဟုတ်အောင် သရုပ်ဆောင်ထားပါတယ်။ ငယ်ငယ်ကတည်းက လက်ဝှေ့ပွဲကြည့်ပြီး ငိုတာ။ ရင်ထဲမှာ တမျိုးခံစားရတယ်။ သူတို့စိတ်ဓာတ်တွေက စင်ပေါ်ရောက်လို့သာ တမျိုးမြင်ရတာ သူတို့စိတ်ဓာတ်တွေက အရမ်းနူးညံ့တယ်။ တယောက်နဲ့ တယောက် အရမ်း ချစ်ကြတယ်။ အရမ်းလေးစားဖို့ကောင်းတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေပါ”
“ညီမ ငယ်ငယ်တုန်းက ဦးလုံးချောတို့ခေတ် အရမ်းသွားကြည့်တယ်။ “လောကကြိုးဝိုင်း” ရိုက်ချိန်မှာ လက်ဝှေ့ စထိုးတာပါတော့ ဒါက နောက်ထပ် အိပ်မက်တခုလားတော့ မပြောတတ်ဘူး။ ရေကူးတာရော၊ မြင်းစီးတာရော၊ တိုက်ကွမ်ဒိုရော ငယ်ငယ်ကတည်းက ဖေဖေကြောင့် လုပ်ခဲ့ရတယ် ဆိုပေမယ့် နောက်အဲ့ဒါတွေကိုကြိုက်ပြီး ချစ်လာတာပေါ့။ လက်ဝှေ့ကိုလည်း ထိုးနေရင်းနဲ့ ချစ်လာသလိုလိုပဲ”လို့ ယဉ်လက်က ပြောပါတယ်။
အခုလည်း နောက်ထပ် ရိုက်ကူးရမယ့် ရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာအတွက် မြန်မာအကနဲ့ အနောက်တိုင်း အကကို လေ့လာသင်ယူနေတယ်လို့ ဆိုပါတယ်။
“နောက်လမှာ ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီး အတွက်လည်း ယဉ်လက် အခု အက သင်နေပါတယ်။ မြန်မာ့ရိုးရာအကရယ်၊ အနောက်တိုင်းအကရယ်ကို ပေါင်းစပ်ပြီးတော့ ပုံမှန်မြင်နေကျ မဟုတ်တဲ့ ပုံစံမျိုးနဲ့ ဖန်တီးထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။ အဲဒီအတွက် ယဉ်လက်လည်း အစွမ်းကုန် ကြိုးစားပြီးတော့ သင်ယူနေပါတယ်’’
“လတ်တတော့ “ပြဿနာ” ရုပ်ရှင်ဇာတ်ကားကြီး ဦးမီးပွားရိုက်ကူးတဲ့ ကားမှာ ပါဝင်သရုပ်ဆောင်ထားတာ မေလ၉ရက်နေ့မှာ ရုံတင်မှာပါ။ နောက်ရုပ်ရှင်ကားကြီး ရိုက်ကူးထားတာေတွေလည်း ရှိတယ်”လို့ ယဉ်လက်ကဆိုပါတယ်။
မြန်မာအကနဲ့ အနောက်တိုင်းအက နှစ်ခုစလုံးကို တပြိုင်တည်း လေ့လာသင်ကြားနေရတာ ဖြစ်တဲ့အတွက် အခက်အခဲတွေ အများကြီးရှိတယ်လို့ ယဉ်လက်က ပြောပါတယ်။
“အရင်တုန်းကတော့ ဇာတ်ရုပ်အတွက် လိုအပ်တဲ့ ကကွက်လေးတွေကိုတော့ သင်ထားဖူးတာ ရှိတယ်။ ဒါပေမယ့် ဒီလောက် ကြီးကြီးမားမားကြီးတော့ မလုပ်ဖူးဘူးပေါ့နော်။ ဒါကြီးကတော့ အရမ်းကို ခက်ခဲမယ့် အရာပေါ့။ ကတာတောင်မှ ပုံမှန်မြင်နေကျ ကကွက်မျိုးတွေ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ အများကြီး ကြိုးစားရပါတယ်”
“အက ကတဲ့ပညာရပ် ဆိုတာကလည်း တကယ်ကို ခက်ခဲတဲ့ အရာပဲလေ။ နှစ်ခုစလုံးကတော့ မလွယ်ကြဘူး။ နှစ်ခုစလုံးကို ပေါင်းစပ်တဲ့အချိန်မှာ ပိုမလွယ်ဘူး။ အဲဒီအတွက် ညီမကတော့ အကောင်းဆုံးကြိုးစားနေပါတယ်။ သရုပ်ဆောင်အသစ် တယောက်နေနဲ့ အမြဲတမ်း ကြိုးစားသင်ယူနေရမယ် ဆိုတာကို တွေးတယ်။ ဘယ်လို စိန်ခေါ်မှုရှိတဲ့ ဇာတ်ရုပ်ဖြစ်ဖြစ် ညီမကတော့ ကြိုးစားချင်တယ်’’ လို့ ဆိုပါတယ်။
သရုပ်ဆောင် ယဉ်လက်ကတော့ အက်ရှင်ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖိုက်တင် မင်းသမီးလို့ လူသိများကြပါတယ်။ သူမ ကိုယ်တိုင်လည်း တိုက်ကွမ်ဒို ခါးပတ်နက် ရထားပြီး အတိုက်အခိုက်တွေမှာ ကျွမ်းကျင်သူတယောက်လို့ သိရပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း အရမ်းကို ၂ နှစ်ဝန်းကျင်သာ ရှိပါသေးတယ်။
The post လက်ဝှေ့ထိုးဖို့ စိတ်ဝင်စားနေတဲ့ ဖိုက်တင်မင်းသမီး ယဉ်လက် appeared first on ဧရာဝတီ.