Netflix ကုမ္ပဏီဟာ “Crazy Rich Asians” ရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ ထိုင်းနိုင်ငံမှာ ရေကြီးပြီး ၁၀ ရက်ကြာ ပိတ်ခဲ့တဲ့ ဂူအတွင်းက လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြတို့ကို ကယ်ထုတ်ခဲ့အကြောင်း ရိုက်ကူးမယ့် မီနီစီးရီးတခုကို ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားအခြေစိုက် အွန်လိုင်း ရုပ်ရှင်ကုမ္ပဏီကြီးနဲ့ SK Global Entertainment တို့ဟာ ဧပြီလ ၃၀ ရက်နေ့မှာ ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနမှာ သဘောတူညီချက်ရရှိခဲ့တာ ဖြစ်ပါတယ်။ ငွေကြေးပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ဖော်ပြခဲ့တာမရှိခဲ့ပေမယ့် ကနဦးသတင်းတွေအရ တောဝက်လူငယ် ဘောလုံးအသင်းဟာ မူပိုင်ခွင့်အတွက် တဦးလျှင် ထိုင်းဘတ်ငွေ ၃ သန်းစီ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလူငယ်ဘောလုံးအသင်းနဲ့ သူတို့ရဲ့ နည်းပြဟာ တောင်တန်းထူထပ်တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းက ဂူတခုထဲမှာ ဂူတွင်းရေကြီးမှုကြောင့် ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက ပိတ်မိနေခဲ့တာဖြစ်ပါတယ်။ သူတို့ တဦးချင်းစီကို ကယ်ထုတ်ဖို့ နိုင်ငံတကာ ပူးပေါင်းကယ်ဆယ်ရေး အဖွဲ့နဲ့အတူ ကမ္ဘာတဝန်းက ဂူတွင်းအထူးကျွမ်းကျင် ရေငုပ်သမားတွေ ပါဝင်ကူညီပေးခဲ့ကြပြီး သီတင်း ၂ ပတ်ကျော်ကြာ လူပြောများခဲ့တဲ့ သတင်းဖြစ်ခဲ့ပါတယ်။
အဲဒီကယ်ဆယ်ရေးလုပ်ငန်းအတွင်းမှာပဲ ထိုင်းရေတပ် ဆီးလ်အဖွဲ့ဝင်ဟောင်း တယောက် သေဆုံးခဲ့ရပါသေးတယ်။ ထိုင်းနိုင်ငံဟာ Netflix အတွက် အရမ်းအရေးကြီးတဲ့ ဈေးကွက်တခုဖြစ်ပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဒေသတွင်း အကြောင်းအရာတခုကို ကမ္ဘာတဝန်းမှာရှိတဲ့ ပရိသတ်တွေအတွက် ယူဆောင်လာဖို့မျှော်လင့်နေပါတယ်လို့ နိုင်ငံတကာ Originals စီးရီကဏ္ဍဒါရိုက်တာ Erika North က ပြောဆိုထားပါတယ်။
ဘီလီယံနာ သူဌေးကြီး Elon Musk ရဲ့ ဒုံးကျည်ကုမ္ပဏီ Space Exploration Technologies Corp မှ အင်ဂျင်နီယာတွေဟာလည်း ကယ်ဆယ်ရေးမှာ ကူညီဖို့ ကလေးတယောက်စာ နည်းပညာမြင့်ရေငုပ် သင်္ဘောတစင်းကို တည်ဆောက်ပေးပေမယ့် လိုအပ်တဲ့အချိန်အထိ မရောက်ခဲ့ပါဘူး။
ဂူထဲမှာပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်း ကယ်ဆယ်ရေး မီနီစီးရီးကိုတော့ ထိုင်းနိုင်ငံက ဒါရိုက်တာ Nattawut Poonpiriya နဲ့ Crazy Rich Asians ဒါရိုက်တာ Jon M. Chu တို့က ပူးတွဲ ရိုက်ကူးပေးကြမှာပါ။
အခု တောဝက်ဘောလုံးအသင်းကို ကယ်ဆယ်ရေးအကြောင်း ဖော်ပြထားတဲ့ စာအုပ်နှစ်အုပ်ကို ဖြန့်ချိထားပြီး လာမယ့် ဒီဇင်ဘာလမှာ ရိုက်ကူးပြီးဆုံးမယ့် “The Cave” ဆိုတဲ့ ရုပ်ရှင်ကိုလည်း ဗြိတိသျှ-ထိုင်းဒါရိုက်တာ Tom Waller ကဖန်တီးနေတယ်လို့ Hollywood Reporter မီဒီယာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ဆက်စပ် သတင်းလင့်ခ် – Netflix ရုပ်ရှင်မှာ တဦးကို ထိုင်းဘတ် ၃ သန်းစီ ရရှိကြမယ့် ထိုင်းတောဝက် အသင်းသားများ
Ref:Bangkokpost
The post ထိုင်းတောဝက် ဘောလုံးအသင်းအကြောင်း မီနီစီးရီး ရိုက်ရန် Netflix သဘောတူညီချက် ရရှိ appeared first on ဧရာဝတီ.