Myanmr Idol သီချင်းဆိုပြိုင်ပွဲ Season 2 ကနေ ပရိသတ်အားပေးမှု ရရှိလာခဲ့တဲ့ အသံအားကောင်းကောင်းနဲ့ Rock သီချင်းတွေ သီဆိုတတ်တဲ့ အဆိုတော် မိုင်းမိုင်ဆိုင်းကတော့ သူမရဲ့ တကိုယ်တော်ခွေ “ခေတ်သစ်နီတိ”ကို အခက်အခဲများစွာကြားထဲကနေ ထွက်ရှိလာရတာလို့ ဆိုပါတယ်။
“အခွေ ထွက်ရတဲ့ ခံစားချက်ကတော့ တာဝန်ကျေသွားပြီလို့ ခံစားရတာပေါ့။ ပြိုင်ပွဲပြီးကတည်းက အခွေကို လုံးပန်းခဲ့ပြီး ပရိသတ်လက်ထဲကို ပေးချင်တာ။ အခု ဒီနေ့မှာ ပေးလိုက်နိုင်ပြီဆိုတော့ တာဝန်ကျေသွားပြီလို့ ခံစားရတယ်။ ဒီခွေလေးထွက်ဖို့ အခက်အခဲတွေကတော့ ထောင့်ပေါင်းစုံက ရှိပါတယ်။ အားသန်တဲ့ လိုင်းတွေ ပါသလို အားမသန်တဲ့ လိုင်းတွေလည်း ပါတာပေါ့။ ဆိုနေရင်းကနေ စိတ်ဓာတ်ကျပြီး ဆက်မဆိုဖြစ်တာမျိုးတွေ ရှိတယ်”လို့ မိုင်းမိုင်ဆိုင်းက ပြောပါတယ်။
“ငွေရေးကြေးရေးအပိုင်းကလည်း ကိုယ့်ကို ပရိသတ်တွေသိတော့ ပွဲတွေ ငှားတယ်။ ပွဲတွေဆိုရင်း ငွေတွေ စုရတာပေါ့။ အခက်အခဲတွေကတော့ ရှိတာပေါ့နော်။ အခက်အခဲတွေကြားထဲကနေ ထွက်ရှိလာတဲ့ အခွေပါ။ ဒီခွေလေးမှာ မိုင်းမိုင်က မိုင်းမိုင်ကြိုက်တဲ့ Rock သီချင်းတွေနဲ့ သီချင်းအေးအေးလေးတွေ တွဲပြီးမှ မျှပြီးထည့်ထားတာ ဖြစ်တဲ့အတွက် အားမသန်တာတွေလည်း ရှိမှာပဲ။ မိုင်းမိုင်က ပညာရှင် မဟုတ်သေးတော့ အရာအားလုံး ဘယ်ပြီးပြည့်စုံမလဲ”လို့ မိုင်းမိုင်ဆိုင်းက ဆိုပါတယ်။
ပရိသတ်တွေရဲ့ အားပေးမှုအများဆုံးနဲ့ အကြိုက်ဆုံး သီချင်းတွေကို ကြည့်ပြီး Music Video ရိုက်ဖြစ်မယ်လို့ လည်း မိုင်းမိုင်ဆိုင်းက ဆိုပါတယ်။
“ခွေထဲမှာ သီချင်းအားလုံးပေါင်း ၁၁ ပုဒ် ပါပါတယ်။ မိုင်းမိုင် တယောက်တည်းပါပဲ။ တေးရေးကတော့ ၈ ယောက် ပါပါတယ်။ ကိုအောင်ကိုမြင့်၊ ကိုညီမင်းခိုင်၊ ကိုဝေကြီး၊ ကိုထုံကြီး၊ ကိုစစ်တူး၊ ကိုဇော်လင်းကြည်နောက် သူငယ်ချင်းတွေဖြစ်တဲ့ ဘိုဘိုထွန်းနဲ့ ဝကြီးတို့က ရေးပေးထားပါတယ်။ ဘယ်သီချင်းကိုကြိုက်လဲ ဆိုတာ မရှိဘူး။ သီချင်းတွေကတော့ ကိုယ်အကြိုက်ဆုံးတွေရွေးပြီး လုပ်တာမို့ အားလုံးကို အရမ်းကြိုက်ပါတယ်”
“အွန်လိုင်းကနေလည်း တင်ပေးနိုင်အောင် Application တွေနဲ့ စကားပြောထားတာတော့ ရှိပါတယ်။ ဒီခွေထဲက အားပေးမှုအများဆုံးနဲ့ အကြိုက်ဆုံး သီချင်းတွေက ဘယ်သီချင်းတွေလဲ ဆိုတာကို ကြည့်ပြီး Music Video ရိုက်ပါမယ်”လို့ မိုင်းမိုင်ဆိုင်းက ပြောပါတယ်။
မိုင်းမိုင်ဆိုင်းရဲ့ “ခေတ်သစ်နီတိ” တကိုယ်တော်တေးစီးရီးကို မေလ ၄ ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပြီး Bo Bo Entertainmemt ကနေ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ Myanmar Idol Season 2 မောင်နှမများနဲ့လည်း မေလ ၄ ရက်နေ့၊ လှည်းတန်းစင်တာမှာ အခွေ Promotion Show ကို ကျင်းပသွားမယ်လို့ သိရပါတယ်။
The post “ခေတ်သစ်နီတိ” တေးစီးရီးအကြောင်း ပြောပြတဲ့ အဆိုတော် မိုင်းမိုင်ဆိုင်း appeared first on ဧရာဝတီ.