ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က Myanmar National Airlines လေယာဉ် အမှတ် UB 103 ဟာ ရန်ကုန်- မန္တလေး ခရီးစဉ်အတွင်း မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်စဉ် ရှေ့ဘီး ချမရတာကြောင့် လေယာဉ် ရှေ့ဦးပိုင်းစိုက်အနေအထားနဲ့ ဆင်းသက်ခဲ့ရမှု ဖြစ်ပွားခဲ့ရပြီး ခရီးသည် မည်သူတဦးတယောက်မျှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ သိရပါတယ်။
အဲဒီ ခရီးစဉ်အတွင်းမှာ လိုက်ပါခဲ့တဲ့ သရုပ်ဆောင် နေမင်းဟာ လေယာဉ်ပေါ်မှာ အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတဲ့အကြောင်း ဗီဒီယိုရိုက်ပြီး Facebook မှာ တင်လိုက်တဲ့အပေါ် ပရိသတ်အချို့ရဲ့ ဝေဖန်မှုများ ရှိနေခဲ့ပါတယ်။ အဲဒီ ဝေဖန်မှုတွေ ရှိတဲ့အပေါ် နေမင်းက ယနေ့၊ မေလ ၁၄ ရက်နေ့မှာ စာနယ်ဇင်းများကို အခုလိုပဲ ရှင်းပြခဲ့ပါတယ်။
“ပထမဦးဆုံး စဖြစ်တာကတော့ သေဖို့များတယ်ပဲ တွေးမိတာပေါ့။ ကျနော် ကြားဖူးတာကလည်း လေယာဉ်ပျက်ပြီဆို သေကြတာပဲပေါ့။ အဲ့လိုပဲ ကျနော်တို့လည်း သေမှာပဲပေါ့။ စိတ်ထဲမှာ ဘာစဉ်းစားမိလဲဆိုတော့ အခုချိန်သေလည်း ကောင်းပါတယ်ပေါ့။ ကိုယ်လည်း ကောင်းကောင်းမွန်မွန်လေး ရှင်သန်နေတယ်။ ကိုယ့်မိဘတွေလည်း အေးအေးဆေးဆေး ဖြစ်နေပြီလို့ တွေးမိတယ်။ နောက်တခုက စိတ်ထဲမှာ ဒီလေယာဉ် ဘာဆက်ဖြစ်မလဲပေါ့။ မြစ်ထဲရောက်ရင်ရော ဘယ်လိုလုပ်မလဲ တွေးနေပြီး ဘုရားပဲတပြီး ငြိမ်ငြိမ်လေး တရားမှတ်နေလိုက်တယ်”
“နောက်ဆင်းခါနီးမှာ ဘာပစ္စည်းမှ မယူပါနဲ့ ပြောချိန်မှာ ကျနော့် ပစ္စည်းတွေ အကုန်ထားလိုက်တယ်။ ဖုန်းလေးတော့ ကိုင်ထားမိလိုက်တယ်။ ကိုင်ထားမိတဲ့ ရည်ရွယ်ချက်ကလည်း ကိုယ်ကလည်း ရုပ်ရှင်သမားဆိုတော့ အတွေးလေးတော့ ရှိတယ်။ ငါသေသွားခဲ့လို့ မီးမလောင်ဘဲ ဖုန်းလေး ကျန်ခဲ့ရင် နောက်လူတွေ ကြည့်နိုင်ပါစေပေါ့။ တယောက်ကို တယောက် ဘယ်လောက် စာနာကြလဲ။ စည်းလုံးကြတယ်။ နောက်ကျနော့် အဖေ၊အမေ ၊တူတွေ၊ တူမတွေ မြင်နိုင်အောင် အဲ့အတွက် ဖုန်းလေးကိုင်ပြီး ရိုက်လိုက်တာပါ”လို့ နေမင်းက ပြောပါတယ်။
မိဘကို စိတ်ချမ်းသာအောင်ထားတဲ့အတွက် အခုလိုမျိုး အသက်ဘေးလွတ်တယ်လို့ ခံစားမိကြောင်း နေမင်းက ဆိုပြီး သူ ဇာတ်ကား ရိုက်တုန်းက ရရှိထားတဲ့ ရွှေဒင်္ဂါးလေးကို လေယာဉ်မှူးအတွက် ပေးချင်တယ်လို့ ဆိုပါတယ်။
“မနှစ်ကလည်း ကားအက်စီးဒင့်ဖြစ်တယ်။ အခု လေယာဉ်နဲ့ ပတ်သက်ပြီး ဖြစ်တယ်ပေါ့။ ကျနော် ဘာသာရေးကတော့ အခုနောက်ပိုင်း တောက်လျှောက် လုပ်ဖြစ်ပါတယ်။ အိမ်မှာ ပဋ္ဌာန်းရွတ်တယ်။ အမေနဲ့ အဖေကိုလည်း တတ်နိုင်သမျှ စိတ်ချမ်းသာအောင် ထားတယ်။ အဲ့လို စိတ်ချမ်းသာအောင် ထားတဲ့အတွက် အခုလိုမျိုး အသက်ဘေးလွတ်တယ်လို့ ခံစားမိတယ်”
“ကျနော် မင်းသား စလုပ်စဉ်ကရော၊ ငယ်စဉ်ကရော အခုချိန်ထိ ကျနော် သူများအပေါ် တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပြီး ဖြတ်သန်းတယ်။ ကိုယ်လုပ်ပေးနိုင်သလောက် လုပ်ပေးတယ်။ ဘဝမှာ မှားခဲ့ဖူးတာဆိုလို့ ကျနော်မှာ ပြောစရာဆိုလို့ ဟို အတင်းပြောတဲ့ ကိစ္စလေးတခုပဲ ရှိပါတယ်။ လူဆိုတာတော့ အမှားနဲ့ မကင်းဘူးပေါ့နော်။ ကျနော့် ဘက်ကနေလည်း မှားတယ်ဆိုတာကို ဝန်ခံခဲ့သလို မှားတယ်ဆိုတာ ကိုလည်း ပြုပြင်တယ်။ ကျနော်ဇာတ်ကား ရိုက်တုန်းက ကျနော်ကို ပေးထားတဲ့ဆု ရှိတယ်။ အဲ့ဆုလေးကို လေယာဉ်မှူးကို ပေးချင်တယ်”လို့ နေမင်းက ပြောပါတယ်။

အခုလိုမျိုး လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့တဲ့ အခြေအနေကို သရုပ်ဆောင် နေမင်းနဲ့ အတူ သရုပ်ဆောင် စည်သူမောင်၊ ယုသန္တာတင်၊ ခင်လေးနွယ်၊ မုဏ်းတို့ကလည်း အတူတူ တွေ့ကြုံခဲ့ရတာ ဖြစ်ပါတယ်။
The post “ပထမဦးဆုံး စဖြစ်တာကတော့ သေဖို့များတယ် တွေးမိတာပေါ့”လို့ ပြောတဲ့ နေမင်းရဲ့ အတွေ့အကြုံ appeared first on ဧရာဝတီ.