အဆိုတော် ပိုပိုက ဒီနေ့ မေလ ၁၆ ရက်နေ့မှာ အသက်၂၉ နှစ် ပြည့်သွားပြီ ဖြစ်ပါတယ်။ ပိုပိုက မွေးနေ့မှာ ဘုရားသွားပြီး လှူဒါန်းမှူတွေ ပြုလုပ်သလို မွေးနေ့အတွက် ကုသိုလ်ကောင်းမှုအနေနဲ့ မေလ ၂၁ ရက်နေ့မှာ စစ်ကိုင်းမှာ သီလရှင်ဝတ်မယ်လို့ ဆိုပါတယ်။
“ဒီနှစ် မွေးနေ့မှာ ဘုရားသွားတယ်။ Fan တွေက Surprise လုပ်တယ်။ မွေးနေ့အတွက် ကုသိုလ်ကောင်းမှုအနေနဲ့ မေ၂၁ ရက်နေ့၊ စစ်ကိုင်းမှာ သီလရှင်ဝတ်မယ်။ မဝတ်နိုင်တဲ့သူတွေ ဝတ်ချင်တဲ့သူတွေကိုလည်း ဝတ်ပေးမယ်။ ပို့ သူငယ်ချင်းတွေရော၊ Fan တွေရော ဝတ်မယ်။ ဒါယိကာမ လုပ်ပြီး ကုသိုလ်ပြုပါမယ်။ ၉ ရက်လောက် ဝတ်မယ်”လို့ အဆိုတော် ပိုပိုက ပြောပါတယ်။
“ဘယ်သူ့ကိုမှ ဒုက္ခ မပေးချင်ပါဘူး။ ဒါပေမယ့် ဆံချ သီလရှင် ဝတ်မယ့်နေ့မှာတော့ ကိုယ် အရမ်းအားကိုးပြီး ချစ်ရတဲ့သူတချို့ ရှိစေချင်တာပဲ။ ပြီးရင် ငိုမိမလား မသိဘူး။ အဘွားကို လွမ်းတယ်။ ၂၁ ရက်နေ့ စစ်ကိုင်းမှာ ဝတ်မယ်။ မွေးနေ့မှာ ဆုတောင်းဖြစ်တာတခုက နိဗ္ဗာန်ရောက်ကြောင်း တရားတွေကို အမြန်ဆုံး သိလွယ် တတ်လွယ်တဲ့သူ ဖြစ်ပါစေ ဆုတောင်းတယ်”လို့ ပိုပိုက ဆိုပါတယ်။
ဒီနှစ် မွေးနေ့မှာတော့ ရထားတဲ့ လက်ဆောင်တွေ အကုန်ကြိုက်ပြီး ကိုယ်ကြိုက်တဲ့ ပစ္စည်းတွေပဲတောင်း ထားတယ်လို့ ပိုပိုက ပြောပါတယ်။ မွေးနေ့ညနေကိုတော့ ပိုပိုက သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းမယ်လည်း ဆိုပါတယ်။
မွေးနေ့ကနေစပြီး ရင့်ကျက်ဖို့တွေ အများကြီး ပြင်ဆင်ထားသလို တရားဓမ္မတွေနဲ့ ရှေ့ဆက်ဖို့ အများကြီးပြင်ဆင်ထားတယ်လို့လည်း ပိုပိုက ဆိုပါတယ်။
“နောက်နှစ်ဆို ထိပ်စီးပြောင်းတော့မှာဆိုတော့ ပြင်ဆင်ထားတာဆိုရင် ထူးထူးခြားခြား ပြင်ဆင်ထားတာ မရှိဘူး။ ပြောင်းလဲဖို့ ကြိုးစားရမယ်။ စိတ်ဆိုးလွယ်တဲ့ အကျင့်တော့ ပြင်ဆင်ရမယ်။ ပိုပိုက စိတ်တိုလာရင် ဒေါသထွက်ပြီး ပေါက်ကွဲလိုက်ရော ပြီးရင် ဘာမှမဟုတ်ဘူးပေါ့။ အဲ့အကျင့်ကတော့ မကောင်းဘူး”
“တဖက်သား ခံရတဲ့အပေါ်မှာလည်း ပြီးရင် သနားနေတာပေါ့။ နောက်ပြီးတော့ စိတ်ထဲမှာ တယောက်ယောက်ကို မကျေနပ်ဘူး။ မကြိုက်ဘူးဆိုရင် စိတ်ထဲမှာ မှတ်ထားတာပေါ့။ ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်ဖို့တွေ အများကြီး ပြင်ဆင်ရမယ်။ တရားဓမ္မတွေနဲ့ ရှေ့ဆက်ဖို့ အများကြီးပြင်ဆင်ထားပါတယ်။ ဒီနှစ်တော့ မွေးနေ့မှာ တယောက်တည်း ဖြတ်သန်းပေမယ့် နောက်နှစ် တယောက်တည်းလား ဘယ်လိုဖြစ်မလဲတော့ မသိဘူး။ ကံပေါ့။ အချစ်ဆိုတာက ချောတာ မချောတာထက် ကိုယ့်ကိုချစ်နေဖို့ အရေးကြီးတာပဲ။ လူတိုင်းကတော့ ချောတာ လိုချင်တာပေါ့”လို့ ပိုပိုက ပြောပါတယ်။
အဆိုတော် ပိုပိုဟာ တကိုယ်တော် တေးစီးရီးများ အဖြစ် “ချစ်ဖူးခဲ့သမျှ” ၊ “အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို” ၊ “MasterPiece” စတဲ့အခွေများ ထွက်ရှိထားပြီး ပိုပိုက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုတဲ့ အဆိုတော် တဦးပါ။ ပိုပို ရေးတဲ့ အချစ်၊ အလွမ်းအဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြား ရေပန်းစားခဲ့သလို အခုချိန်ထိ ပရိသတ်တွေ နှစ်သက် အားပေးလျက် ရှိပါတယ်။
You may also like these stories:
အဘွားတည်ခဲ့တဲ့ ဘုရားမှာ မွေးနေ့အလှူ လုပ်မယ့် အဆိုတော် ပိုပို
ဟာသ သရုပ်ဆောင် ကစ်ကစ်အတွက် ကျန်းမာရေး ထောက်ပံ့မှုတွေ ပေးနေတဲ့ ခင်သဇင်နဲ့ ပိုပို
“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်အကြောင်း ပြောပြတဲ့ နေခြည်ဦး
စိတ်ဓာတ်ခွန်အားပေးတဲ့ သီချင်းများကို ကိုယ်တိုင်ရေးသား သီဆိုနေတဲ့ မေလသံစဉ်
The post မွေးနေ့ အမှတ်တရ မေ ၂၁ ရက်နေ့မှာ စစ်ကိုင်းသွားပြီး သီလရှင်ဝတ်မယ့် အဆိုတော် ပိုပို appeared first on ဧရာဝတီ.