ပရိသတ်တွေ ချစ်ကြတဲ့ LGBT (Lesbian, Gay, Bisexual, Transgender) စုံတွဲတတွဲဖြစ်တဲ့ ဟန်လင်းနဲ့ မေဦးတို့ကတော့ ချစ်သူနှစ်ယောက်မှာ စိတ်သဘောထားချင်း မတူတာတွေ ရှိတာကြောင့် ညှိယူရသလို နားလည်မှုတွေလည်း ယူရတယ်လို့ ဆိုပါတယ်။
“အများကြီးပါပဲ။ သူ ကြိုက်တာနဲ့ ကိုယ်ကြိုက်တာ ရှိသလို၊ မရှိတာလည်း များတယ်။ အရင်ကဆို ခဏခဏ ရန်ဖြစ်တယ်။ ရန်ဖြစ်သွားပြီးတိုင်းမှာ ညှိလို့ မရတာ ဘယ်လို အဆင်ပြေအောင်နေမလဲ ဆိုပြီး စဉ်းစားတယ်။ နှစ်ယောက်စလုံးက ပြတ်တော့မယ့်အထိလည်း ဖြစ်ဖူးတယ်။ ချစ်တဲ့သူတွေက ကြားထဲမှာ ပြန်ညှိပေးတယ်။ ရန်ဖြစ်တဲ့ ကိစ္စတွေ၊ အဆင်မပြေတဲ့ ကိစ္စတွေကိုလည်း ပြန်ပြီးတော့ ညှိယူခဲ့ရတယ်”
“သူလည်း စိတ်ကောက်တတ်တယ်။ မေဦးလည်း စိတ်ကောက် တတ်တယ်။ နားလည်မှုကတော့ အရမ်းယူရတာပေါ့။ လူတိုင်းမှာက စိတ်သဘောထားချင်း မတူတာတွေ ရှိတာကြောင့် ညှိယူရတာပေါ့။ သူက ရိုးသားတယ်။ သူတပါးအပေါ် ဘယ်တော့မှ အနိုင်မကျင့်ဘူး။ ဘယ်တော့မှလည်း မကောင်း မပြောဘူး။ အလှူအတန် းအရမ်းလုပ်ပြီး စိတ်ထားဖြူစင်တယ်”လို့ ချစ်သူ ဟန်လင်းအပေါ် မိတ်ကပ် မေဦးက ပြောပါတယ်။
ဆက်လက်ပြီး ဟန်လင်းနဲ့ မေဦးတို့ အတွဲကို ပရိသတ်က ချစ်ခင်ကြတဲ့အတွက် ပရိသတ်ရဲ့ အချစ်တွေ အလကား မဖြစ်အောင် ဆင်ဆင်ခြင်ခြင် နေထိုင်တယ်လို့လည်း မေဦးက ဆိုပါတယ်။
“မေဦးတို့ကို ချစ်နေတဲ့အတွက် ဘာလုပ်လုပ် အပြစ် မမြင်ကြဘူး။ အဲဒီ ချစ်တာတွေသည် အလကားဖြစ် မသွားအောင် အကောင်းဆုံး နေတယ်။ အမြင်ရိုင်းအောင် မနေဘူး။ ချစ်ဖို့ကောင်းအောင် နေတယ်။ မချစ်တဲ့သူတွေအတွက်လည်း အမြင်ကတ်အောင် မနေဘူး။ ပိုပြီး ဆင်ခြင်ပြီး နေတယ်။ ဝန်းရံတဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်။ မချစ်ဘဲ မကောင်းကြောင်း ပြောနေတဲ့သူတွေကိုလည်း မကောင်း မမြင်ဘူး။ အကောင်းမြင်နိုင်အောင် ကြိုးစားသွားမယ်”လို့ မေဦးက ပြောပါတယ်။
မေဦးရဲ့ ချစ်သူ ဟန်လင်းကတော့ မေဦးဟာ တော်ပြီးသားမလို့ အကြံဉာဏ် သိပ်မပေးဖြစ်သလို ချစ်သူကိုနားလည်မှုလည်း ပေးရတယ်လို့ ဆိုပါတယ်။
“နားလည်မှုပါပဲ။ သူက အလုပ်အရမ်းများတဲ့အတွက် ကျနော့်အတွက် သိပ် အချိန်မပေးနိုင်တာ ပိုများတယ်။ အဲဒီအတွက် သူ့ကို ပိုပြီးတော့ နားလည်မှု ပေးရတယ်။ မကောင်းတဲ့အကျင့်က အရမ်းနားငြီးတယ်။ ပွစိပွစိ အရမ်း လုပ်တယ်။ တကယ်တော့ သူက အလုပ်တွေ အများကြီး လုပ်နေရတဲ့အတွက် တိကျချင်တာပါ။ ပျော်ပါတယ်။ ချစ်တဲ့သူတွေလည်း များသလို၊ မုန်းတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ မုန်းတဲ့သူတွေရော ချစ်တဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ သူကတော်ပြီးသားဆိုတော့ အကြံဉာဏ်တော့ သိပ်ပေးတာ မရှိပါဘူး”လို့ ဟန်လင်းက ပြောပါတယ်။
နားလည်မှုတွေများစွာနဲ့ အေးချမ်းသာယာတဲ့ ပျော်ရွှင်ဖွယ် အချစ်ရေးကို ပိုင်ဆိုင်ထားတယ်လို့ ပရိသတ်တွေ သိထားကြတဲ့ ဟန်လင်းနဲ့ မေဦးတို့ ချစ်သူ အတွဲဟာ အမြဲလိုလို မခွဲဘဲ တွေ့မြင်နေရပါတယ်။ ဟန်လင်းနဲ့ မေဦးတို့ရဲ့ ချစ်သူ သက်တမ်းကတော့ လာမယ့် ဇူလိုင်လဆိုရင် ၃ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။
မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး One Stop Service ပေးတဲ့အလုပ်နဲ့ ပန်းအလှဆင်ခြင်းတွေ ပြုလုပ်နေပေးနေတဲ့ “May & Co” ဆိုတဲ့ လုပ်ငန်းကိုလည်း ဟန်လင်းနဲ့ မေဦးတို့ တွဲဖက် ဖွင့်လှစ်ထားပါတယ်။ မိတ်ကပ် မေဦးဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မိတ်ကပ်ပညာရှင်တွေထဲက တဦးဖြစ်ပြီး “မီ” ရုပ်ရှင်နဲ့လည်း Special Award (Costume & Make Up Award) ဆုကို ရရှိထားပါတယ်။
You may also like these stories:
“နှလုံးအဆို့ရှင် မကောင်းတဲ့ ရောဂါရှိတယ်” ဆိုတဲ့ ညီညီမောင်(စမ်းချောင်း)
“ပထမဦးဆုံး စဖြစ်တာကတော့ သေဖို့များတယ် တွေးမိတာပေါ့”လို့ ပြောတဲ့ နေမင်းရဲ့ အတွေ့အကြုံ
မွေးနေ့ အမှတ်တရ မေ ၂၁ ရက်နေ့မှာ စစ်ကိုင်းသွားပြီး သီလရှင်ဝတ်မယ့် အဆိုတော် ပိုပို
“မေမီကိုကိုက မိဘစကား နားထောင်ပြီး လိမ္မာတဲ့ သမီးတယောက်ပါ”လို့ မိဘနှစ်ပါး ပြော
The post ပရိသတ်က ချစ်ကြတဲ့အတွက် အမြင်ရိုင်းအောင် မနေဘူးလို့ ပြောတဲ့ မေဦးတို့ စုံတွဲ appeared first on ဧရာဝတီ.