Snare အဖွဲ့မှ အဆိုတော် နေဝင်းဟာ Travel Blogger အလုပ် လုပ်ကိုင်နေတဲ့ ချစ်သူ အိမ့်ချစ်ချောရဲ့ Travel Kueen Page အတွက် ဓာတ်ပုံတွေ ရိုက်ပေးဖြစ်သလို ချစ်သူ အလုပ်ကိုလည်း ပြန်လည် သုံးသပ်ပေးတာတွေ ရှိတယ်လို့ ပြောပါတယ်။
“Travel Blogger သူလုပ်တာ သူ့အိုင်ဒီယာတွေပါပဲ။ သူ့အိုင်ဒီယာကို ကျနော် လုပ်ပေးနိုင်တာ အကုန်လိုက်လုပ်ပေးတာပေါ့။ သူလုပ်ပြီးသွားမှ ပြန်ပြီး သုံးသပ်ပေးတယ်။ ကျနော် ပုံတွေလည်း သိပ်မရိုက်တတ်ပါဘူး။ သူ့ကိုပဲ ရိုက်ပေးတာပါ။ ကြက်ကန်းဆန်အိုး တိုးသွားတာပါ။ အခုလို ဆုရသွားပြီး ပရိသတ်တွေ အားပေးတော့ ကြက်ကန်းကြီး ပျော်တာပေါ့။ ကျနော်တို့ လက်ထပ်တာကတော့ လာမှာပေါ့၊ အေးဆေးပေါ့။ ပြောရင် ဝေးဝေးသွားလို့ မပြောချင်ဘူး”လို့ အဆိုတော် နေဝင်းက ပြောပါတယ်။
လက်ရှိ ဂီတဖန်တီးမှုအပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း နေဝင်းက အခုလို ဆိုပါတယ်။ “ကျနော့် အခွေထွက်ပြီးသွားတော့ Music Video အတွက်တော့ ပြင်ဆင်နေတယ်။ မိုးတွင်းဖြစ်တော့ ရှိုးပွဲတွေ နားထားတယ်ပေါ့။ G Family အတွက် သီချင်းတွေ လုပ်နေတယ်”လို့ နေဝင်းက ပြောပါတယ်။
Travel Blogger အိမ့်ချစ်ချောကတော့ Travel Kueen Page အတွက် ဓာတ်ပုံတွေ ရိုက်ပေးတဲ့ ချစ်သူ နေဝင်းကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
“ညီမ ခရီးသွား ဓာတ်ပုံတွေ အားလုံးက သူပဲ ရိုက်ပေးတာပေါ့နော်။ အဲ့တော့ ဘာပဲပြောပြော သူ မရှိလို့ မဖြစ်ဘူး။ လူတွေက စာမဖတ်ခင် ဓာတ်ပုံတွေ အရင်ကြည့်တာလေ။ ဓာတ်ပုံတွေ ကြည့်ပြီးမှ စိတ်ဝင်စားမှ စာကို ဆက်ဖတ်တာ ဆိုတော့ ပထမဆုံးက ဓာတ်ပုံပေါ့။ အဲ့ဓာတ်ပုံတွေ အမိုက်စား ရိုက်ပေးနေတာ သူပါ။ သူ့ကို အရမ်းကျေးဇူးတင်ပါတယ်”
“တခါတလေ ကိုယ်က မရိုက်ချင်တော့ဘူးတောင် ပြောရတယ်။ သူက ဓာတ်ပုံတွေ ရိုက်ပေးလွန်းလို့။ သူကဝါသနာလည်း ပါတော့ ညီမ အလုပ်နဲ့လည်း အဆင်ပြေသွားတာပေါ့။ ဓာတ်ပုံရိုက်ပေးတာ တကယ်ကို တော်ပါတယ်။ ပုံတွေကြည့်ရင်လည်း သိကြမှာပါ။ လက်ထပ်ဖို့က အရင်တုန်းက သူအနုပညာတွေ လုပ်နေလို့ စောင့်နေပေးတာ။ အခု ညီမ ခရီးသွားနေလို့ ပြန်စောင့်ပေးနေရတယ်။ ခရီးတွေသွားဖို့လည်း ရှိပါသေးတယ်”လို့ အိမ့်ချစ်ချောက ပြောပါတယ်။
အဆိုတော် နေဝင်းနဲ့ အိမ့်ချစ်ချောတို့ကတော့ နေဝင်း အဆိုတော် မဖြစ်ခင်ကတည်းက လက်တွဲလာကြတဲ့ ချစ်သူတွေ ဖြစ်ပါတယ်။ နေဝင်းကတော့ ဂီတလောကမှာလည်း အောင်မြင်တဲ့သူတယောက်ဖြစ်သလို စီးပွားရေးအနေနဲ့လည်း O.M.G Fashion Brand တွေ ထုတ်လုပ်နေသူလည်း ဖြစ်ပါတယ်။
နေဝင်းရဲ့ ချစ်သူ အိမ့်ချစ်ချောကတော့ Travel Blogger တယောက် ဖြစ်သလို မိန်းကလေးဖက်ရှင် အင်္ကျီဆိုင်ကိုလည်း ဖွင့်လှစ်ထားသူဖြစ်ပြီး Myanmar Influencer Awards 2018 ဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။
You may also like these stories:
ချစ်သူသက်တမ်း ၁၀ နှစ်ပြည့်သွားပြီ ဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ စုံတွဲ
“ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းရေးဖြစ်ပုံနဲ့ ပတ်သက်ပြီး ပြောပြတဲ့ ဘန်နီဖြိုး
“ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှ လက်ထပ်မယ်”
အလှအပအတွက် မျက်နှာ ခွဲစိတ်ကုသမှု လုပ်ရမှာ ကြောက်တဲ့ နန်းသူဇာ
The post ချစ်သူ Travel Blogger အတွက် ခရီးသွားပုံတွေ ရိုက်ပေးနေတဲ့ အဆိုတော် နေဝင်း appeared first on ဧရာဝတီ.