ရုံတင်ပြသနေတဲ့ “ဟစ်တိုင်” ဇာတ်ကားကို ပညာပေးအနေနဲ့ ရိုက်ပြထားတယ်ဆိုတဲ့ ဒါရိုက်တာ ဟိန်းစိုးက ဒီဇာတ်ကားကို ရိုက်ကူးစဉ်မှာ မျက်ရည်ထိန်းခဲ့ရတယ်လို့ ဆိုပါတယ်။
“ဇာတ် စဖတ်လိုက်ကတည်းက “ဒေါင်းနီ” ဇာတ်ရုပ်အတွက် ကြည့်လိုက်တာ အူဝဲပဲ သွားမြင်တယ်။ အူဝဲကလွဲလို့ ဒီ Mood ကြီးကို အစအဆုံး ခေါ်သွားနိုင်မယ့်သူ ကျနော့်ရင်ထဲ မတွေ့လို့ အူဝဲနဲ့ ရိုက်တာ။ ပြည့်ပြည့်လေးကို အစတုန်းက သိပ်မယုံသေးဘူး။ ကလေးက ရိုက်လိုက်ချိန်မှာ အမေအပေါ် တုံ့ပြန်တာ တော်တော် ကောင်းလို့ ရိုက်ရင်းနဲ့တောင် မျက်ရည်ထိန်းခဲ့ရတယ်”
“ဒီကားမှာ အူဝဲလည်း တော်တော်ပင်ပန်းတယ်။ ဒီဇာတ်ကားက ကျနော်တို့ မြန်မာနိုင်ငံမှာ ကြည့်နေတဲ့ သမရိုးကျ ဇာတ်လမ်းကနေ ရဲရဲရင့်ရင့် ဖောက်ထွက် ရိုက်လိုက်တဲ့ ဇာတ်ပါ။ သက်ငယ်မုဒိမ်းဆိုတာ ကျနော်တို့ မြန်မာနိုင်ငံမှာ အဖြစ်များပြီး နေ့စဉ်နဲ့အမျှ တွေ့နေရတာကို ပုံဖော်ချင်လို့ ဆရာမ သျှင်မရေးတဲ့ ဟစ်တိုင်ကို ဖတ်မိပြီး ရိုက်ဖြစ်သွားပါတယ်” လို့ ဒါရိုက်တာ ဟိန်းစိုးက ပြောပါတယ်။
ဒါရိုက်တာ ဟိန်းစိုးက “ဟစ်တိုင်” ရုပ်ရှင်ကို သက်ငယ်မုဒိမ်းမှု ပညာပေးအနေနဲ့ ရိုက်ပြခဲ့တာ ဖြစ်ပြီး သက်ငယ် မုဒိမ်းကျူးလွန်သူတွေ အပေါ် သေဒဏ်ပေးသင့်တယ်လို့ သူက ဆိုပါတယ်။
“ပညာပေးအနေနဲ့လည်း တပြည်လုံးသိအောင် ရိုက်ပြချင်တာလည်း ပါတယ်။ ၁ နာရီ မိနစ် ၃၀ တော့ ပရိသတ်တွေ ရင်ဘတ်အောင့် ရမယ်။ မျက်ရည်ကျစေရမယ်လို့ အာမခံပါတယ်။ သက်ငယ်မုဒိမ်း အဖြစ်များ နေတဲ့ အပေါ်မှာ နောက်ထပ် မဖြစ်အောင်ဆိုပြီး ပညာပေးကြည့်တာပါပဲ။ သက်ငယ် မုဒိမ်းမှုတွေကိုတော့ သေဒဏ်ပေးသင့်တယ်။ လွတ်လာရင် ပြန်လုပ်နေဦးမယ်”လို့ ဒါရိုက်တာ ဟိန်းစိုးက ပြောပါတယ်။
လူငယ် ဒါရိုက်တာတွေလည်း ကြိုးစားပြီး ရိုက်ပြနေတဲ့ ဒီနေ့ ခေတ်မှာ ကိုယ်တိုင်လည်း သူတို့နဲ့ တန်းတူသွားနိုင်အောင် အကောင်းဆုံးကြိုးစားနေတယ်လို့လည်း ဒါရိုက်တာ ဟိန်းစိုးက ဆိုပါတယ်။
“ကျနော် နောက်ထပ်ဖန်တီးမယ့် ဇာတ်ကားတွေ အတွက် ဇာတ်လမ်းတွေ ရေးနေတုန်းပါ။ အခုနောက်ပိုင်းပရိသတ်တွေကလည်း အသိဉာဏ် ကြွယ်သွားပြီပေါ့။ ကောင်းအောင်ရိုက်ရင် ကောင်းတဲ့သူကို အားပေးမှာပဲ။ ညံ့အောင်ရိုက်ရင် ညံ့တဲ့သူကို အားပေးမှာ မဟုတ်ဘူး။ လူငယ် ဒါရိုက်တာတွေကလည်း ကြိုးစားပြီး မတူညီတာတွေ ရိုက်တယ်။ ကိုယ်တွေကလည်း ကလေးတွေနဲ့ Level သွားနိုင်အောင် အကောင်းဆုံး လုပ်ရမယ်။ ကားကောင်းအောင် ရိုက်ရင် မကြည့်တဲ့သူ မရှိပါဘူး”လို့ ဒါရိုက်တာ ဟိန်းစိုးက ပြောပါတယ်။
မြန်မာရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ ပရိသတ်ရဲ့ စိတ်ဝင်စားမှု များစွာမြင့်တက်နေတဲ့ “ဟစ်တိုင်” ဇာတ်ကားကြီးကို ဒါရိုက်တာ ဟိန်းစိုး ပုံဖော်ထားပြီး ဝတ္ထု သျှင်မ၊ ဇာတ်ညွှန်းကို ကြိုးသျှင်တို့က ရေးသားထားပါ တယ်။ အဓိက သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ မေသန်းနု၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်နဲ့ အခြားသော သရုပ်ဆောင်သစ်များစွာ ပါဝင်သရုပ်ဆောင် ထားပါတယ်။
You may also like these stories:
“ဟစ်တိုင်” ဇာတ်ကားထဲမှာ အိန္ဒြာကျော်ဇင်ရဲ့ သူငယ်ချင်းနေရာက သရုပ်ဆောင်ထားတဲ့ မုဏ်း
“ဟစ်တိုင်ကို အကယ်ဒမီ မမျှော်လင့်ရဲဘူး၊ ပရိသတ်တွေ ကြိုက်တာနဲ့တင် ကျေနပ်ပြီ”
“ဟစ်တိုင်”ကို ဝတ္ထုဖတ်ချိန်ကတည်းက ရင်ထဲဆို့နင့်နေလို့ နားပြီးမှ ဖတ်ခဲ့ရတဲ့ အိန္ဒြာကျော်ဇင်
“မုဒိမ်းကျင့်ခံရတဲ့ဇာတ်ရုပ်ကခက်တော့ ကြိုးစားရမယ်” လို့ ပြောတဲ့ကလေးသရုပ်ဆောင် ပြည့်ပြည့်
The post “ဟစ်တိုင်” ဇာတ်ကားကို ကိုယ်တိုင် မျက်ရည်ကျပြီး ရိုက်ကူးခဲ့တယ်လို့ ဒါရိုက်တာ ဟိန်းစိုး ပြော appeared first on ဧရာဝတီ.