သိပ္ပံရုပ်ရှင် ဇာတ်ကားသစ်မှာ မင်းသား ဆောင်ဂျွန်ကီနဲ့ မင်းသမီး ကင်တေးရီတို့ ပါဝင်သရုပ်ဆောင်ဖို့ အတည်ပြုလိုက်ပါပြီ။ “Lightning Ship” လို့ ယာယီ နာမည်ပေးထားတဲ့ သိပ္ပံရုပ်ရှင်ကို ဟောင်ကောင်အခြေစိုက် Huayi Tencent Entertainment ကလည်း ဒေါ်လာ ၄ ဒဿမ ၂ သန်းကျော် ရင်းနှီးမြှုပ်နှံထားတယ်လို့ အဆိုပါ ရုပ်ရှင်ကို ဖြန့်ချိမယ့် ထုတ်လုပ်ရေး ကုမ္ပဏီ Merry Christmas က ဆိုပါတယ်။
စကြာဝဠာနောက်ခံ သိပ္ပံဇာတ်ကားအမျိုးအစားဖြစ်တဲ့ “Lightning Ship” ရုပ်ရှင်မှာ အဓိကဇာတ်ဆောင် တွေအဖြစ် မင်းသား ဆောင်ဂျွန်ကီနဲ့ မင်းသမီး ကင်တေးရီတို့အပြင် မင်းသား ဂျင်ဆောင်ဂူကလည်း ပါဝင်အား ဖြည့်သွားမှာပါ။ ဒါရိုက်တာကတော့ ယခင် ဆောင်ဂျွန်ကီနဲ့ လက်တွဲခဲ့ဖူးတဲ့ “A Werewolf Boy” ဇာတ်ကား အပြင် “Phantom Detective” ဇာတ်ကားရိုက်ခဲ့ဖူးသူ ဂျိုဆွန်ဟီး ဖြစ်ပါတယ်။
အကုန်ကျခံ ရိုက်ကူးမယ့် Huayi Tencent Entertainment ဟာ Huayi Brothers Media Corporation နဲ့ အတူပူးပေါင်းထားတဲ့ လုပ်ငန်းတခုဖြစ်လို့ သိပ္ပံရုပ်ရှင်အသစ်ကို တရုတ်ဈေးကွက်ကိုပါ စတင်ခြေလှမ်း ထိုး ဖောက်နိုင်မယ့် ကိုရီးယားရုပ်ရှင်အဖြစ် ရည်ရွယ်ထားပါတယ်။
တရုတ်ဈေးကွက်တင် မဟုတ်ဘဲ အာရှရုပ်ရှင် ဈေးကွက်ထိကိုပါ ထိုးဖောက်နိုင်ဖို့ ရည်ရွယ် ရိုက်ကူးသွားမှာဖြစ်တယ်လို့ Merry Christmas ရဲ့ CEO ယူဂျွန်ဟွန်က ဆိုပါတယ်။ ဇာတ်ကားသစ်ကို တရုတ်လုပ်ငန်းဘက်က ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် တရုတ်ဈေးကွက်အပြင် နိုင်ငံတကာကိုပါ ထိုးဖောက်နိုင်ချေရှိတဲ့ အလားအလာတွေရှိ နေလို့ ကျေနပ်မိတယ်လို့ ဆိုပါတယ်။
Huayi Tencent ဘက်ကလည်း “ရိုက်ကူးမယ့် ဒါရိုက်တာ ဂျိုဆွန်ဟီးရဲ့ အရင်ရုပ်ရှင်လက်ရာတွေကို သဘောကျ ယုံကြည်ခဲ့ပြီး ဒီဇာတ်ကားမှာလည်း မြင်နေကျ မဟုတ်တဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေရယ် ဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ ရိုက်ကူးမှာဖြစ်သလို သရုပ်ဆောင်တွေကလည်း ထိပ်တန်းအဆင့်တွေမို့ ပထမဆုံး ကိုရီးယား သိပ္ပံ ဇာတ်ကားကို ရင်းနှီးမြှုပ်နှံဖြစ်ခဲ့တာပါ” လို့ ကုမ္ပဏီရဲ့ဒါရိုက်တာ ဟွာဂျွန်ရီက ဆိုပါတယ်။
သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်အတွက် လိုအပ်နေသေးတဲ့ အကြိုပြင်ဆင်မှုအပိုင်းတွေ ပြီးရင်တော့ သိပ္ပံဇာတ်ကား “Lightning Ship” ကို ဇူလိုင်လထဲမှာ စတင်ရိုက်ကူးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ရုံတင်မယ့်ရက်ကို တော့ ၂၀၂၀ ပြည့်မှာ တင်နိုင်ဖို့ ကြိုးစားနေပါတယ်။
Ref: Soompi
You may also like these stories:
ညစာစားပွဲမှာ တင်းကျပ်လွန်းတဲ့ဝတ်စုံကြောင့် မူးမေ့လဲခဲ့ရတဲ့ မင်းသမီး Elle Fanning
ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပရိသတ်တခဲနက်အားပေးတာခံရတဲ့ လီယိုနာဒိုနဲ့ ဘရက်ပစ်တို့ရဲ့ ရုပ်ရှင်
“Baahubali The Conclusion” ရုပ်ရှင်အောင်မြင်မှုအကြောင်း ပြောပြတဲ့ မင်းသား Prabhas
ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီနဲ့ မင်းသမီး မီဂန်မာကယ်တို့ ပထမဆုံးရင်သွေး ရရှိ
The post သိပ္ပံရုပ်ရှင် ဇာတ်ကားသစ်မှာ ပါဝင်ဖို့ လက်ခံလိုက်တဲ့ ဆောင်ဂျွန်ကီနဲ့ ကင်တေးရီ appeared first on ဧရာဝတီ.