အောင်မြင်တဲ့ သရုပ်ဆောင်၊ အဆိုတော် အကယ်ဒမီ ချိုပြုံးက မြေးဖြစ်သူ ဝင်းခန့်မိုးကို သရုပ်ဆောင်ရတဲ့ အိုက်တင်အပိုင်းတွေနဲ့ ပတ်သက်ပြီး မသင်ပေးဖြစ်ဘူးလို့ ဆိုပါတယ်။
“ဝင်းခန့်မိုးက တကား ပြီးသွားပြီ။ နောက်တကားက ဇွန်လမှာ ပြန်စရိုက်မယ်။ ဒီနှစ်ကုန်လောက်တော့ သူ့ကားလေးတွေ မြင်ရမှာပေါ့။ သူရိုက်တဲ့ အိုက်တင်တွေတော့ တော်တော် ကြိုက်တယ်။ ဒီကားရိုက်ဖို့ ဒါရိုက်တာကလည်း ဂရုစိုက်ပါတယ်။ ဂရုစိုက်တဲ့အပြင် ကားရိုက်ဖို့ Training ကိုလည်း ၆ လ၊ ၇ လ လောက်ယူတော့ မေချို ပြန်လှည့်ကြည့်ဖို့ မလိုဘူး”
“သူ့ရိုက်ကွင်းတွေကို မေချို တခါမှ မလိုက်ဘူး။ အရိပ်တခု မိုးနေရင် မကောင်းဘူး။ အောင်မြင်တဲ့ သရုပ်ဆောင် တယောက်ရဲ့ မြေးဖြစ်လို့လည်း သရုပ်ဆောင်ရတဲ့ အိုက်တင်အပိုင်းတွေကို မသင်ပေးဘူး။ သင်ပေးလိုက်ရင်လည်း ကိုယ့်အိုက်တင်ဖြစ်မှာ ကြောက်တယ်။ အခုခေတ် လူငယ်တွေ အရမ်းတော်တယ်”လို့ သရုပ်ဆောင် အကယ်ဒမီ ချိုပြုံးက ပြောပါတယ်။
“မေချိုတို့ မြေးခေတ်ကို အရမ်းကျေနပ်တယ်။ သားသား ကားလည်း ပြီးရော အရမ်း ပင်ပန်းသွားတာ။ ကလေးဆိုတော့ အဲ့လောက် ကြိုးကြိုးစားစားလည်း မလုပ်ခဲ့ဖူးဘူး။ ရုပ်ရှင်ရိုက်တယ်ဆိုတာ နေကောင်းလား၊ ဟေ့ ဘာလား ညာလား ပေါ့ပေါ့လေး ထင်တာ။ တကယ် ရိုက်လည်းပြီးရော ပင်ပန်းပြီး ဖလက်ပြသွားတယ်။ ဘယ်လိုမှ မရတော့ဘူး”
“သူ ဒီကားမှာ စိတ်ထည့်တာ သိသာတာပေါ့။ မေချို့ကို ပြန်လာရင် အကုန်ပြောပြတယ်။ သူ့ကားတွေ မထွက်သေးလို့ သူ့ကို မေ့နေပြီလား ဆိုပြီး ပြောတယ်။ မေ့တာ မဟုတ်ဘူး။ ကားမထွက်သေးရင်တော့ ဒီလိုပဲ သား နေရမယ်လို့ ပြောထားရတယ်”လို့ ချိုပြုံးက ပြောပါတယ်။
သရုပ်ဆောင်လည်းလုပ်၊ သီချင်းတွေလည်း ဆိုတဲ့ ချိုပြုံးက အခုနောက်ပိုင်း အရင်က ကားကောင်းတွေကို ဇာတ်လမ်းတွဲတွေ ပြန်ရိုက်လာကြတာ၊ သရုပ်ဆောင်သစ်လေးတွေ ပြန်သရုပ်ဆောင်တာတွေ အရမ်းကောင်းတယ်လို့ ဆိုပါတယ်။
“မေချို လက်ရှိမှာတော့ သီချင်းတွေပဲ ဆိုနေတာ ရုပ်ရှင်တွေ သိပ်မရိုက်ရဘူး။ အခုက အမေခန်းတွေလည်း ဝင်ရိုက်နေကြတော့ မေချိုတို့ မရိုက်ရဘူးပေါ့။ မေချိုတို့က သီချင်းဆိုရတော့ တော်သေးတယ်။ တခြားအမေ တွေဆို ဘာမှ လုပ်စရာ မရှိတော့ဘူး။ မေချို ကားဟောင်းတွေ ပြန်ရိုက်ရင်တော့ ရှေ့ကားတွေ မကြည့်ဘူး။ အရိပ်တွေ မိုးသွားမှာ စိုးလို့ မကြည့်ဘူး”
“တချို့တွေတော့ မသိဘူး။ မေချို အခုနောက်ပိုင်း အရင်က ကားကောင်းတွေကို ဇာတ်လမ်းတွဲတွေ ပြန်ရိုက်လာကြတာ၊ သရုပ်ဆောင်သစ်လေးတွေ ပြန်သရုပ်ဆောင်တာတွေရော အရမ်းကောင်းပါတယ်။ အရမ်း ကျေနပ်တယ်။ သဘောလည်း ကျတယ်။ တခုတော့ ရှိတယ်။ အဲ့ရိုက်တဲ့ ကားပေါ်မှာ သက်ဝင် ယုံကြည်မှု လေးတော့ ထည့်ဖို့လိုတယ်”လို့ ချိုပြုံးက ပြောပါတယ်။
ဆက်လက်ပြီး ချိုပြုံးက ရုပ်ရှင်လောကအပေါ် သူ့အမြင်ကိုလည်း အခုလိုပဲ ပြောပါတယ်။
“ရုပ်ရှင်လောက တိုးတက်လာတယ်။ တိုးတက်လာတဲ့ ကားလေးတွေတော့ အချိန်မီလေး ပြစေချင်တယ်။ ရုံ ပြဿနာပေါ့။ ၂၀၁၉ မှာ ဝတ်ထားတဲ့ အဝတ်အစားတွေက ၂၀၂၀၊ ၂၀၂၁ မှာ မဖြစ်နိုင်တော့ဘူးလေ။ အဲ့မှာပြောတဲ့ စကားတွေက ဟိုဘက်ခေတ်မှာ ခေတ်စားချင်မှ ခေတ်စားတော့မှာပေါ့။ အဲ့ဒါတော့ နာတယ်။ အခုခေတ်က စက်တွေ အရမ်းအားကောင်းလာတယ်။ လူတွေက စက်တွေကိုပဲ အားမကိုးစေချင်ဘူး။ သူတို့က အရမ်းကံကောင်းကြတယ်။ ကံကောင်းတဲ့အပေါ် ကံကောင်းအောင် ကံသစ်လေးကို တူးကြလို့ မှာချင်တယ်”လို့ ချိုပြုံးက ပြောပါတယ်။
သရုပ်ဆောင် အကယ်ဒမီ ချိုပြုံးဟာ အသက် ၇၀ ကျော် အရွယ်ထိ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရတုန်းဖြစ်ပြီး အခုချိန်ထိလည်း ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင်ကြီး တဦးပါ။ သူ့ရဲ့ မြေးလေး ဝင်းခန့်မိုးကတော့ အခုလက်ရှိမှာ ဇာတ်ကားတွေလည်း ရိုက်ကူးနေပြီ ဖြစ်ပါတယ်။
You may also like these stories:
“အချစ်ရေးမှာ ဖောက်ပြန်တာမျိုးကို ခွင့်လွှတ်လို့ မရဘူး”လို့ ပြောတဲ့ ဝိုင်းလေး
“စရိုက်” ရုပ်ရှင်ကားရဲ့ သရုပ်ဆောင်မှုအပိုင်းကို ကျေနပ်မှုရှိတယ်လို့ ခိုင်သင်းကြည် ပြော
သတင်း မီဒီယာတွေ အရေးယူခံနေရချိန် လွှတ်တော် ဘာကြောင့် နှုတ်ဆိတ်
“ဖြိုးငွေစိုးက သရုပ်ဆောင် အမူအရာ ပိုကောင်းလာတယ်”လို့ သားညီပြော
The post မြေးဖြစ်သူ ဝင်းခန့်မိုးကို အိုက်တင်အပိုင်းတွေ မသင်ပေးဖြစ်ဘူးလို့ ချိုပြုံး ပြော appeared first on ဧရာဝတီ.