တနှစ်ကျော်ကြာ အမှုရင်ဆိုင်နေဆဲဖြစ်တဲ့ အဆိုတော် အစ္စဏီရဲ့ အမှုကို မေလ ၂၇ ရက်နေ့မှာ ရုံးချိန်းပြုလုပ်ခဲ့ပြီး အဆိုပါ ရုံးချိန်းမှာတော့ တရားလိုပြသက်သေ ၂ ဦးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
“ဒီတပတ်က ၂ ယောက် စစ်ပါတယ်။ စစ်ဆေးချက်မှာ ပေါ်ပေါက်ခဲ့တာကတော့ အမှုဖြစ်ဖြစ်ချင်း မနက်ခင်းမှာ တရားလိုက မုဒိမ်းကျင့်ခံရတယ်ဆိုတာကို အစကတည်းက ပြောခဲ့တယ်။ တဖက်က သမီးရည်းစားပြဿနာလို့ ပြောတယ်။ မုဒိမ်းကျင့်ခံရပါတယ် ဆိုတာကို သွေးကွက်တွေလည်း တွေ့တယ်။ နောက်ပြီးတော့ တရားလိုက သူ့ကို ရေဇလုံထဲ နှစ်တယ်ဆိုတာကို ရုံးက ဒီနေ့ စစ်ခဲ့တဲ့ သက်သေခံ တဦးကို ပြောပြခဲ့တယ်ဆိုတာ ပေါ်ပေါက်လာတယ်။ အခုချိန်ထိပြောမယ်ဆိုရင် သံကြိုးကွင်းဆက်က ရှိပါသေးတယ်။ နောက်တပတ်ကို သက်သေ ဆက်စစ်မယ်”လို့ တရားလိုရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ တပတ်ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ စူးရှထက်က အဆိုတော်အစ္စဏီရဲ့ အစ်ကိုဖြစ်သူ ပြောတဲ့ သမီးရည်းစား ပြဿနာဆိုတဲ့စကားကို မကျေနပ်တာကြောင့် အမှုကျေအေးဖို့ကို ရုတ်သိမ်းခဲ့ပါတယ်။ အဆိုပါ သမီးရည်းစား ပြဿနာဆိုတဲ့ ကိစ္စကိုတော့ မေလ ၂၇ ရက်ရုံးချိန်းမှာ အတည်ပြုသွားတယ်လို့ အစ္စဏီရဲ့ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက ပြောပါတယ်။
“သက်သေ ၂ ယောက် ထပ်စစ်တယ်။ အမှုထူးခြားတာကတော့ တဖက်ကတောင် ထကန့်ကွက်ရတာ ရှိတယ်။ ရည်းစားဆိုတဲ့ကိစ္စကို တရားလိုပြသက်သေက ထွက်သွားတာ ရှိတယ်။ အပြင်းအထန် ကန့်ကွက်တယ်။ ရည်းစား ပြဿနာဆိုတာ အတည်ပြုသွားပါတယ်”လို့ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။
တရားလိုဖြစ်သူ စူးရှထက်အား တရားရုံးက စစ်ဆေးမေးမြန်းရမယ့် အချက်များကို စစ်ဆေးပြီးဖြစ်ကာ တခြားသော စစ်ဆေးရန် ကျန်ရှိနေတဲ့ သက်သေများကိုတော့ ဆက်တိုက် စစ်ဆေးသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် တရားလို စူးရှထက်ကတော့ ဒီအမှုကို နေပြည်တော်တရားရုံးထိ စာတင်ထားပြီး နေပြည်တော်ကို ပြောင်းရွေ့ထားတဲ့ အခြေအနေကိုလည်း စူးရှထက်ရဲ့ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က အခုလိုပြောပါတယ်။
“ကျနော်တို့က တရားဥပဒေ လမ်းကြောင်းအရ ဥပဒေပါ အခွင့်အရေးကို ကျင့်သုံးခြင်း ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကလည်း ခွင့်ပြုတယ်။ ဥပဒေလမ်းကြောင်းအရ ဆက်သွားနေတယ်။ နေပြည်တော်ကို ပြီးခဲ့တဲ့ မေလဆန်းက တင်တာဆိုတော့ ဇွန်လထဲမှာတော့ လက်ခံရေးကို ကြားနာလိမ့်မယ် ထင်ပါတယ်။ အချိန်ဘယ်လောက်ကြာမလဲ ဆိုတာတော့ မပြောနိုင်သေးပါဘူး။ ၂ ဖက်စလုံးက မြန်ချင်ကြတာပဲ။ အဖြေမှန်တခုကို ထုတ်ချင်ကြတာပဲ” လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
အမှုဖြစ်ပွားခဲ့တဲ့ တနှစ်အတွင်း တရားလိုဘက်မှ တာမွေတရားရုံးမှာ စစ်ဆေးရတာ အဆင်မပြေတဲ့အတွက် ခရိုင်တရားရုံး ၊ တိုင်းတရားရုံးများကို အဆင့်ဆင့် ပြောင်းရွှေ့ လျှောက်ထားခဲ့သော်လည်း မူလတရားရုံးဖြစ်တဲ့ တာမွေမြို့နယ် တရားရုံးကိုသာ ပြန်လည် စစ်ဆေးခွင့် ရခဲ့ပါတယ်။ ဒါကြောင့် နေပြည်တော်ထိ အမှုကို တက်တိုင်ထားတာလည်း ဖြစ်ပါတယ်။
You may also like these stories:
ကင်မရာနဲ့ ပထမဆုံးအကြိမ် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများ
အောင်ရဲထွေးအမှု ဘာကြောင့် ရုတ်သိမ်းခဲ့တာလဲ
မူလမြို့နယ်တရားရုံးမှာပဲ အစ္စဏီရဲ့ အမှု ပြန်လည်စစ်ဆေးမည်
အသုံးပြုသူပေါင်း ၁၄ သန်းရဲ့ ပို့စ်တွေကို Public မှားပြောင်းမိလို့ တောင်းပန်လိုက်ရတဲ့ Facebook
The post တရားလိုဘက်မှ သက်သေ ၂ ဦးကို ဆက်လက် စစ်ဆေးခဲ့တဲ့ အစ္စဏီ ရုံးချိန်း appeared first on ဧရာဝတီ.