ဒီတခါမှာတော့ IMDB Rating (6.9) အထိ ရရှိထားတဲ့ ဘောလိဝုဒ် ဇာတ်ကားကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒရာမာအမျိုးအစား ဒီရုပ်ရှင်ကားကိုတော့ “Lunch Box” ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Ritesh Batra က ရိုက်ကူးထားတာဖြစ်ပြီး ဘောလိဝုဒ်ရဲ့ သဘာဝမင်းသားလို့ ခေါ်ဝေါ်ကြတဲ့ မင်းသား Nawazuddin Siddiqui နဲ့ မင်းသမီး Sanya Malhotra တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်း အကြောင်းအရာကတော့ ရာဖေးဟာ မွန်ဘိုင်းမြို့မှာ ဓာတ်ပုံဆရာတဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုသူ တဦးပါ။ တရက်မှာတော့ သူ ဓာတ်ပုံ လှည့်လည် ရိုက်ကူးရာနေရာမှာ မယ်လိုနီဆိုတဲ့ အမျိုးသမီးတဦးဟာ ဓာတ်ပုံလာရောက် ရိုက်ကူးရင်း ဓာတ်ပုံ ထုတ်ပေးနေတုန်းမှာပဲ သူ့ကို တစုံတယောက်က လှမ်းခေါ်နေတာကြောင့် ဓာတ်ပုံကိုလည်း မယူ၊ ဓာတ်ပုံဖိုးလည်း မရှင်းခဲ့ဘဲ ကပျာကယာ ထွက်သွားခဲ့ပါတယ်။
ရာဖေးဟာ မွန်ဘိုင်းမှာသူငယ်ချင်းဖြစ်သူ ဓာတ်ပုံဆရာတွေနဲ့အတူ နေထိုင်ပြီး သူ့ရဲ့ရွာမှာတော့ အဘွားဖြစ်သူဟာ တဦးတည်း နေထိုင်ပါတယ်။ အဘွားဖြစ်သူဟာ ရာဖေးကို အိမ်ထောင်ရက်သားကျကာ အတည်တကျ အလုပ်တခုနဲ့ နေထိုင်စေလိုတာကြောင့် အိမ်ထောင်ပြုဖို့ မကြာခဏ နားပူနားဆာ လုပ်တတ်သူလည်း ဖြစ်ပါတယ်။
ဒီလို နားပူနာဆာလုပ်လွန်းတဲ့ အဘွားကို တရက်မှာတော့ မယ်လိုနီရဲ့ဓာတ်ပုံကို သူ့ကောင်မလေးဖြစ်ကြောင်း၊ မကြာခင်မှာ လက်ထပ်တော့မှာဖြစ်ကြောင်း စာရေးပြီး ပို့လိုက်ပါတော့တယ်။ အဘွားဖြစ်သူဟာ ဝမ်းသာအားရဖြစ်ပြီး မွန်ဘိုင်းကို လိုက်လာချိန်မှာတော့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်ကားကို ဆက်လက်ကြည့်ရှုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ဘောလိဝုဒ်ရဲ့ သာမန် ဒရာမာ ဇာတ်ကားတွေလို ကတာ၊ ခုန်တာ၊ ချစ်ခန်းကြိုက်ခန်းတွေ မပါဝင်တဲ့ ဒီဇာတ်ကားဟာ ဆိုရင် ဒရာမာ ဇာတ်ကားကြိုက်သူတွေကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
ဇာတ်လမ်းဟာ ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိတဲ့အပြင် ရုပ်ရှင် ဝေဖန်ရေးသမားတွေကြား ကောင်းမွန်တဲ့ Review တွေ ရရှိထားပြီး ကြည့်ရှုပြီးသွားတဲ့အခါ ရိုးရိုးလေးနဲ့ မိုက်တယ်ဆိုတဲ့ ခံစားမှုမျိုးကို ပေးနိုင်မှာ ဖြစ်တာကြောင့် ဒရာမာ ရုပ်ရှင်ချစ်သူတွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။
The post ဓာတ်ပုံထဲက အခိုက်အတန့်များ (သို့မဟုတ်) Photograph (2019) appeared first on ဧရာဝတီ.