အမျိုးသားစာပေဆုရ စာရေးဆရာ တင်ညွှန့်ရဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ဝတ္ထုကို “ဇာတ်လိုက်” ဆိုတဲ့ နာမည်နဲ့ ရုပ်ရှင်ကားအဖြစ် ပြန်လည် ပုံဖော်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ကိုပေါက်က တလအတွင်း ရိုက်ကူးပြီးစီးခဲ့တဲ့ အဲဒီရုပ်ရှင်ကားအကြောင်း အခုလိုပဲ ပြောပြခဲ့ပါတယ်။
“ဇာတ်လိုက်ကတော့ အောင်မြင်စွာနဲ့ ရိုက်လို့ပြီးသွားပြီ။ ဒီကားကတော့ သိတဲ့အတိုင်း ဆရာတင်ညွှန့်ရဲ့ ‘ရိုးမပေါ်ကျတဲ့ မျက်ရည်’ ဆိုတဲ့ဝတ္ထုကို ပြန်ရိုက်တာပါ။ ကျောင်းဆရာဇာတ်လေး ဖြစ်တဲ့အတွက် ဒီဇာတ်ကားမှာ ပါဝင်ကြတဲ့ မြင့်မြတ်၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ တခြား ဇာတ်ပို့ဇာတ်ရံတွေ အားလုံး ကျနော်ကြိုက်သော ကျေနပ်သော ဇာတ်ကောင်တွေ ဖြစ်ကြတဲ့အတွက် ကျေနပ်ပါတယ်။ ဒီကားလေးကလည်း ပရိသတ်ကြိုက်တဲ့ ဒရာမာ ဇာတ်ကားတကား ဖြစ်ဖို့အတွက် မျှော်လင့်ပါတယ်”လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။
အဆိုပါ “ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားကိုတော့ မေလ ၁၃ ရက်နေ့မှစတင်ကာ ဇွန်လ ၂ ရက်နေ့အထိ ရိုက်ကူးခဲ့ပြီး အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဇောင်းတူရွာမှာ ဇာတ်ကားရဲ့ ၄ ပုံ ၃ ပုံကို ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။
“ကျနော် မေလ ၁၃ ရက်နေ့မှာ ရိုက်တာ။ ဇွန်လ ၂ ရက်နေ့မှာ ပြီးတာပေါ့။ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဒီဇာတ်လမ်း အခြေတည်ခဲ့တဲ့ နေရာမှာပဲ ရိုက်တယ်။ ဇာတ်လမ်းရဲ့၄ ပုံ ပုံရင် ၃ ပုံလောက်ကို အဲဒီရွာမှာပဲ သွားရိုက်ခဲ့တာပေါ့။ ပြီးတော့မှ တချို့အပိုင်းလေးတွေသာ ၁၁၅ မိုင်၊ ဖြူးကညွှတ်ကွင်းမှာ သွားရိုက်တာပေါ့”လို့ ကိုပေါက်က ပြောပါတယ်။
“ဇာတ်လိုက်” ကား ရိုက်ကူးရေး နောက်ဆုံးနေ့မှာတော့ အိန္ဒြာကျော်ဇင်က ရိုက်ကူးရေးလုပ်ရင်း ခြေထောက်ကို ပေါက်ပြားနဲ့ ထိခိုက်မိသွားခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပြောပြခဲ့ပါတယ်။
“သူက နောက်ဆုံး ရိုက်တဲ့ အခန်းမှာဖြစ်တာ။ သူက ယောကျ်ားလျာဆိုတော့ ကိုင်းလုပ်၊ လယ်လုပ် ၊ ထင်းခုတ်၊ ရေခပ်ပေါ့။ ဒီလိုမျိုးတွေ လုပ်ရတဲ့အတွက် ပေါက်ပြားနဲ့ မြေကြီး တူးတဲ့အခန်းမှာ မြင့်မြတ်နောက်ကို ပေါက်ပြားနဲ့ လိုက်ခုတ်ရင်း သူ့ဖနောင့်နဲ့ရိုက်မိသွားပြီး ဖနောင့်ကွဲသွားတာပေါ့”လို့ ကိုပေါက်က ပြောပါတယ်။
“ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ မြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ ကောင်းမြတ်စံ၊ လင်းအောင်ခေတ်၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ မေမြင့်မိုရ် နဲ့တခြား ဇာတ်ပို့ ဇာတ်ရံများ ပါဝင် သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
မိုးမိုး (အင်းလျား) ရဲ့”ငြိမ်းကိုရှက်ပါ” ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေတဲ့ ဒါရိုက်တာ ဏကြီး
“ဆရာကြီး၊ ဆရာမကြီးတွေရဲ့ ဝတ္ထုကို ပြန်ရိုက်ရတာ တာဝန် အရမ်းကြီးတယ်”
ရွှေဝါရောင်တော်လှန်ရေးရဲ့ အငွေ့အသက်တွေ ပါဝင်တဲ့ “မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင်
The post ၁ လအတွင်း ရိုက်ကူးပြီးစီးခဲ့တဲ့ “ဇာတ်လိုက်” ရုပ်ရှင်အကြောင်း ပြောပြတဲ့ ဒါရိုက်တာ ကိုပေါက် appeared first on ဧရာဝတီ.