သရုပ်ဆောင် ပြေတီဦးက ဇာတ်ကားတွေရိုက်ကူးတဲ့အခါမှာ ကိုယ့်အတွက် လုပ်ကွက်မရပေမယ့် ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် ဇာတ်မျိုးဆိုရင် လက်ခံရိုက်ကူးဖြစ်တယ်လို့ ဆိုပါတယ်။
“ဇာတ်ကားက လုပ်ကွက်ရလို့ သရုပ်ဆောင်တာလားဆိုတော့ ကျနော်တို့က ကားတကားကို ရိုက်တဲ့နေရာက ကိုယ့်နေရာကောင်းမှ၊ ကိုယ့်လုပ်ကွက်ရမှ ကိုယ့်အနုပညာကို ချပြတဲ့ဇာတ်လမ်းမျိုးဖြစ်မှ ရိုက်မယ်ဆိုတဲ့ စိတ်မျိုး ကျနော့်မှာတော့ မရှိဘူး။ ကျနော်က ဘာကိုပဲ အဓိကထားရွေးလည်းဆို ဇာတ်လမ်းကကောင်းမယ်၊ ပရိသတ်ကြည့်ရတာ ထိုက်ထိုက်တန်တန်ဖြစ်မယ့် ကားတကားဖြစ်မယ်၊ အနုပညာညီအစ်ကို မောင်နှမတွေလည်း လုပ်ကွက်ရမယ့် ကားမျိုးလေးလည်း ဖြစ်မယ်ဆိုရင် ရိုက်ဖြစ်တယ်”
“ကိုယ့်အတွက် လုပ်ကွက်လည်း မရနိုင်ဘူး။ ကားလည်း မကောင်းဘူးဆိုရင် ဘယ်သူ့အတွက်မှလည်း အကျိုးမရှိဘူးဆိုရင် မရိုက်ချင်ဘူးပေါ့။ ကျနော့်အတွက် မကောင်းရင်တောင် ပရိသတ်အတွက် ကောင်းမယ်ဆိုရင်ရိုက်ဖြစ်တာမျိုးလေးရှိမယ်။ ကိုယ်တိုင်ဦးဆောင်ပြီးပြေးရတဲ့ ကားမျိုးဆိုရင်လည်း ရိုက်ဖြစ်ပါတယ်”လို့ သရုပ်ဆောင် ပြေတီဦးက ဆိုပါတယ်။
ပြေတီဦးခေါင်းဆောင်ပါဝင်ထားတဲ့ မကြာခင် ရုံတင်ပြသမယ့် “နှစ်ပတ်အလို” ဇာတ်ကားနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။
“နှစ်ပတ်အလို” ဇာတ်ကားမှာ ကျနော့်ကာရိုက်တာက ဘဏ်ပိုင်ရှင်သူဌေးပေါ့။ အရမ်းချစ်တတ်တဲ့ ယောကျာ်းတယောက် ပေါ့။ အရမ်းRo ထားတယ်။ ဇာတ်ကားထဲမှာ ကတဲ့အခန်းတွေ ပါတဲ့အတွက် သင်ယူခဲ့ရတာတွေ ရှိတယ်။ အရမ်းလည်း ခက်ခဲခဲ့တယ်။ ဒီဇာတ်ကားကို နာမည်တူတာနဲ့ပဲ ကော်ပီလို့ ထင်ယောင်ထင်မှား ဖြစ်တတ်ကြပါတယ်။ နာမည်ပဲသွားဆင်တာပါ” လို့ ပြေတီဦက ဆိုပါတယ်။
ဗီဒီယိုခေတ်မရှိတော့တဲ့အတွက် နောက်ပိုင်း သရုပ်ဆောင်အသစ်တွေ အနုပညာလောကမှာ နေရာရဖို့ ခက်ခဲလာတယ်လို့ ဆိုပြီး ဒီအပေါ်မှာလည်း သူ့အမြင်ကို အခုလိုဆိုပါတယ်။
“ကျနော် ဒီနှစ်ထဲမှာ ရုပ်ရှင် ရိုက်တာ နှစ်ကားထက်မပိုနိုင်ဘူး။ ဇာတ်ကောင်းလေးတွေ ပရိသတ်ကိုပေးချင်တာရယ်၊ ဇာတ်လမ်းကို ရွေးချယ်တဲ့ ပုံစံလေးတွေရော ရိုက်ချင်တဲ့ ပုံစံတွေမတူနိုင်တော့ဘူးပေါ့။ ကျနော်တို့ရုပ်ရှင်မှာ အသစ်လေးတွေအတွက် ခက်ခဲနေတာတော့ အမှန်ပဲ။ ကျနော်တို့ခေတ်တုန်းက ဗီဒီယိုရှိတာကို။ ဒီဗီဒီယိုမှာမှ ပရိသတ်ရင်ထဲရောက်အောင် သွားကြရတာ ဗီဒီယိုကနေ ရုပ်ရှင်ပါလိုက်ခွင့်ရလာတယ်”
“ အခု ဗီဒီယိုမရှိတော့ဘူးဆိုတော့ သရုပ်ဆောင်သစ်တွေအတွက် နေရာရနိုင်ဖို့ နည်းနည်း ခက်သွားတယ်။ ဒါပေမယ့် တိုင်းပြည်တိုးတက် ပြောင်းလဲလာတာနဲ့အမျှ သရုပ်ဆောင်သစ်တွေ အတွက် လုပ်ပိုင်ခွင့်ရဖို့ သူ့အချိန်နဲ့သူတော့ ပေးပေါက်လာမယ်လို့ထင်ပါတယ်။ သူတို့ အတွက် အခွင့်အရေးတွေလည်း ပေါ်လာဦးမှာပါ”
“ ကျနော်တို့တွေက တက်ရမယ့်ကျောင်းတွေလည်းမရှိတော့ အတွေ့အကြုံပေါ်မှာ သင်ယူခဲ့ကြရတယ်။ ကျနော်တို့ ဆီမှာလည်း သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်တဲ့ ကျောင်းတွေ ပေါ်လာမယ်လို့ ထင်တယ်”လို့ ပြေတီဦးက ဆိုပါတယ်။
သရုပ်ဆောင် ပြေတီဦးဟာ၂၀၁၁ ခုနှစ်မှာ “အာဒမ်ရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်ကား၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ” ရုပ်ရှင်ကား၊ ၂၀၁၃ ခုနှစ်မှာ “နင်စေရင်” ရုပ်ရှင်ကား၊ ၂၀၁၄ ခုနှစ်မှာ “နှလုံးသားဖြင့် ပြုလုပ်သည်” ရုပ်ရှင်ကားတို့နဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုများကို ရရှိခဲ့သူ ဖြစ်ပါတယ်။
You May Also Like These Stories:
အပြင်မှာလည်း သရဲမကြောက်တတ်တဲ့ သရုပ်ဆောင် ပြေတီဦး
“ကိုတင်ဖေ” ကနေ “မင်းမျိုးနွယ်” ဇာတ်ရုပ်ထိ ပရိသတ်အားပေးခြင်းခံရတဲ့ အောင်ရေချမ်း
The post “ကိုယ်လုပ်ကွက်ရမှ ရိုက်မယ်ဆိုတဲ့ စိတ်မျိုး ကျနော့်မှာ မရှိဘူး” လို့ ဆိုလာတဲ့ ပြေတီဦး appeared first on ဧရာဝတီ.