
သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် (ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ)
ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို တကမ္ဘာလုံးက ချစ်သူများနေ့အဖြစ် သတ်မှတ်ထားကြတာပါ။ ချစ်သူများနေ့ဟာ အခြားသောနေ့များဖြစ်တဲ့ အဖေများနေ့၊ အမေများနေ့လိုပဲ လူအများစိတ်ဝင်စားခြင်းခံရတဲ့ နေ့တနေ့လည်း ဖြစ်ပါတယ်။
အဲဒီနေ့ဟာ ကိုယ်ချစ်တဲ့ ခင်တဲ့သူအချင်းချင်း ချောကလက်လက်ဆောင်၊ ပန်း၊ အရုပ် စတဲ့ လက်ဆောင်များ အပြန်အလှန်ပေးကြကာ ရင်ခုန်စရာကောင်းတဲ့နေ့တနေ့လည်းဖြစ်ပါတယ်။ ဒါ့အပြင် ချစ်သူမရှိကြတဲ့ လူပျိုကြီး အပျိုကြီးတွေကိုလည်း ဒီလိုနေ့ဟာ စလို့နောက်လို့ ကောင်းတဲ့နေ့တနေ့လည်းဖြစ်နေပါတယ်။ အချင်းချင်း ချစ်စနိုးနဲ့ စနောက်တဲ့ အဲဒီနေ့ကို မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ အဆိုတော်တဦးလည်းဖြစ်တဲ့အပြင့် အခုချိန်ထိ လူပျိုကြီးလည်း ဖြစ်နေပြီး သူရဲ့အချစ်ရေးကို ပရိတ်သတ် အမြဲတမ်းစိတ်ဝင်ခြင်းခံနေရသူ ဟစ်ဟော့ပ် အဆိုရှင်တဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကရော ဘယ်လိုမြင်သလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ချစ်သူများနေ့နဲ့ပတ်သက်လို့ “လောလောဆယ်မှာတော့ အဲဒီနေ့နဲ့ပတ်သက်ပြီး ခံစားချက်ကတော့ အထွေအထူးတော့မရှိသေးပါဘူး။ အဲဒီနေ့ သီချင်းဆိုဖို့ပွဲလည်း မရှိသေးပါဘူး။ ကျနော်အတွက်ကတော့ ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့ကျမှ ချစ်ရမယ်ဆိုတဲ့ ခံစားချက်မရှိပါဘူး။ ကျနော်အတွက်ကတော့ ချစ်နေတဲ့နေ့တိုင်းက ချစ်သူများနေ့ဖြစ်မှာပါ။ တခြားနေ့တွေလည်း အဲဒီလိုပဲ သတ်မှတ်ပါတယ်။ အဖေနေ့မှ အဖေကိုပိုချစ်တာမျိုး အမေနေ့မှ အမေကို ပိုချစ်တာမျိုး မဟုတ်ပါဘူး။ ကျနော်အတွက် နေ့တိုင်းက အဖေဟာအဖေ၊ အမေဟာ အမေပါပဲ။ ချစ်သူများနေ့ကလည်း အဲဒီလိုသဘောမျိုးပါပဲ။ ချစ်သူဟာလည်း ချစ်သူပါပဲ။ ဒါပေမယ့်ဗျာ တခုရှိတာက ဗယ်လ်လင်တိုင်းဒေးစ် ဆိုပြီး တယောက်နဲ့တယောက် ပန်းစည်းတွေ ပေးကြတယ်။ အဲဒီနေ့ဆိုရင် စုံတွဲလေးတွေကို ပြုံးရွှင်ပျော်ရွှင်စွာနဲ့ မြင်နေရတယ်။ တယောက်နဲ့တယောက် သတ်ပုတ်နေကြတာ မဟုတ်ဘူး။ တယောက်နဲ့တယောက်ချစ်ခင်နေကြတာလေ။ တခါတလေဆိုရင် ကလေးငယ်ငယ်လေးတွေကအစ စိုင်းစိုင်းရေဆိုပြီးချောကလက်တွေ ကျွေးတာရှိတယ်။ ပန်းစည်းတွေ ပေးတာမျိုးတွေရှိတယ်။ ဘာပဲဖြစ်ဖြစ် ပျော်ဖို့ကောင်းပါတယ်။ ပစ်နေခတ်နေတာထက် ချစ်နေ ကြိုက်နေတာ တွေကအများကြီး ပိုကောင်းပါတယ်” လို့ ဧရာဝတီကို ချစ်သူများနေ့နဲ့ပတ်သက်တဲ့ ခံစားချက်များကို ပြောပြပါတယ်။
သူ့အနေနဲ့ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာတော့ ရန်ကုန်မှာရှိမှာဖြစ်ပြီး လောလောဆယ်မှာတော့ အဲဒီနေ့မှာ သီချင်းဆိုဖို့ အစီိအစဉ်မရှိသေးကြောင်းလည်း သိရပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က ချစ်သူများနေ့မှာ Surprise လုပ်ပေးဖူးတဲ့သူတယောက်ရှိခဲ့ပါတယ်။ အဲဒါကတော့ကြာခဲ့ပါပြီ ဒီလိုပဲ ဒီနှစ်မှာရော တယောက်ယောက်ကို ချစ်သူများနေ့မှာ Surprise လုပ်ပေးဖို့ အစီအစဉ်ရှိလားဆိုတာနဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာတော့ “အဲဒါတော့ လောလောဆယ်မှာတော့ မရှိသေးပါဘူးဗျာ” လို့ ပြောပြပါတယ်။
လတ်တလောမှာလည်း စိုင်းစိုင်းခမ်းလှိုင်ခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်ထားတဲ့ “အေဒင်ရဲ့နတ်သမီး” ရုပ်ရှင်ဇာတ်ကားကြီးက ရှေ့ဆောင်ရုံမှာ ပထမတပတ်ပြသစဉ်ကာလအတွင်း သတ်မှတ်ထားတဲ့ ၀င်ငွေရရှိခဲ့လို့ နောက်ထပ်လေးပတ်ဆက်လက်ပြသခွင့်ရရှိထားပါတယ်။
The post ပစ်နေ ခတ်နေတာထက် ချစ်နေ ကြိုက်နေတာက ပိုကောင်းပါတယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် appeared first on ဧရာဝတီ.