COVID-19 ကြောင့် အထိနာခဲ့ရတဲ့ ရုပ်ရှင်လုပ်ငန်းကို ပြန်အဖတ်ဆယ်နိုင်ဖို့ တောင်ကိုရီးယားအစိုးရ ဦးဆောင်တဲ့ ဈေးလျှော့ပေးရေး အစီအမံတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကထက် နိုင်ငံတွင်းမှာ ရုပ်ရှင်ကြည့်တဲ့သူ အရေအတွက် ၂ ဆကျော် တက်လာတယ်လို့ ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရုပ်ရှင်ကြည့်ရှုသူ အရေအတွက် ၁၅၂,၂၈၄ ဦးသာ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တို့မှာတော့ အရေအတွက်ဟာ ၃၁၆,၉၂၉ ဦးအထိ တက်လာခဲ့ပါတယ်။
ဒါဟာ ဒယ်ဂူမြို့မှာ COVID – 19 အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့အချိန်ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၂ နဲ့ ၂၃ ရက်မှာ ရှိခဲ့တဲ့ အရေအတွက်ကနေ ကြည့်မယ်ဆိုရင် လူကြည့်နှုန်း အမြင့်ဆုံး အနေအထားလည်း ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ခဲ့ရတဲ့ ရုပ်ရှင်လုပ်ငန်းကို ထောက်ပံ့ကူညီဖို့ တောင်ကိုရီးယား အစိုးရဟာ ဒေါ်လာ ၁၃ ဒဿမ ၈ သန်း ရန်ပုံငွေ ချမှတ်ခဲ့ပြီး လျှော့ဈေး ကူပွန်တွေကို ဖြန့်ဝေပေးခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကစလို့ ပျှမ်းမျှ ဝမ် ၁၂၀၀၀ တန် ရုပ်ရှင်လက်မှတ် တစောင်ကို ဝမ် ၆၀၀၀ နဲ့ ဝယ်ယူနိုင်မယ့် ကူပွန်တွေ ဖြန့်ချိခဲ့ပါတယ်။
ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကာကွယ်တားဆီးဖို့ လူတွေကို အိမ်မှာပဲနေဖို့ အကြံပြုထားလို့ CJ CGV အပါအဝင် ဒေသတွင်း ရုပ်ရှင်ရုံတွေမှာ တော်တော်လေး ခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒါဇင်နဲ့ ချီတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ရုပ်ရှင်တွေကိုလည်း ပြသဖို့ ရွှေ့ဆိုင်းခဲ့ရပါတယ်။ လစဉ် ရုပ်ရှင်ကြည့်တဲ့သူ အရေအတွက်ဟာ ပြီးခဲ့တဲ့ ဧပြီလတွင်းမှာ စံချိန်တင်လောက်အောင် ကျဆင်းသွားခဲ့ပါတယ်။
အခုတော့ ရုပ်ရှင်လုပ်ငန်းဟာ နွေရာသီ လူသွားလူလာများမယ့် ရာသီအတွက် ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေပြီး အဆင်မပြေသေးတဲ့ အနေအထားတွေ ရှိနေပေမယ့် အခုနွေရာသီမှာ နာမည်ကျော် ရုပ်ရှင်တချို့ကိုလည်း စတင်ပြသဖို့ ရှိနေပါတယ်။
ဒီနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ဖိတ်ကြားခံထားရတဲ့ ဒါရိုက်တာ Yeon Sang-ho ရဲ့ “Peninsula” ရုပ်ရှင်ကို လာမယ့် ဇူလိုင်လအစောပိုင်းမှာ ပြသတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီ “Train to Busan” နောက်ဆက်တွဲ ရုပ်ရှင်မှာ မင်းသား Gang Dong-won နဲ့ မင်းသမီး Lee Jung-hyun တို့ ဦးဆောင်ပါဝင်ထားကြပြီး အခုနွေရာသီ ကာလအတွက် ပရိသတ်တွေ တော်တော်လေး စိတ်ဝင်စားနေကြတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ဖိတ်ကြားခံထားရတဲ့ ဒါရိုက်တာ Hong Won-chan ရဲ့ “Deliver Us From Evil” အက်ရှင်ရုပ်ရှင်၊ မင်းသား ဆောင်းဂျွန်ကီနဲ့ မင်းသမီး ကင်ထယ်ရီတို့ရဲ့ “Space Sweepers” အာကာသ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တွေကိုလည်း ဆက်တိုက် ဆိုသလို ပြသဖို့ စီစဉ်ထားပါတယ်။
Ref: Yonhap
You may also like these stories:
Black Lives Matter လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မက်ဒေါနား
ရည်းစားဟောင်းရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို ခံခဲ့ရတဲ့ မြတ်နိုးအေး
The post တောင်ကိုရီးယားမှာ ရုပ်ရှင်ကြည့်ရှုသူ ၂ ဆ ပိုများလာ appeared first on ဧရာဝတီ.