မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာရှိတဲ့ ရုပ်ရှင်သမိုင်းပြတိုက်မှာ ကလေးအထူးဆု အကယ်ဒမီ ရရှိခဲ့တဲ့ သရုပ်ဆောင် ယွန်းယွန်းက ဝါရင့်အနုပညာရှင်တွေနဲ့ အတူ မှတ်တမ်းတင်ခံရတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်အတွက် စီစဉ်တင်ဆက်မယ့် Program ပေါ့။ အဲ့မှာ ကလေးသရုပ်ဆောင် အထူးဆု ရထားတဲ့ သရုပ်ဆောင် တယောက်အနေနဲ့ ပါဝင်ပေးဖြစ်တာပါ။ ခေတ်အဆက်ဆက်က သမိုင်းဝင် အနုပညာရှင်တွေ၊ တကယ်ကို လေးစားအားကျရတဲ့ ဝါရင့်ပညာရှင်ကြီးတွေနဲ့ အတူတူ ညီမရဲ့ ပုံလေးကို သေချာလေး နေရာပေးပြီး ထားပေးခံရတော့ ညီမအတွက်တော့ အရမ်းဂုဏ်ယူဖို့ ကောင်းပါတယ်။ ပျော်လည်း ပျော်ပါတယ်။ ကျေးဇူးလည်း တင်တယ်”
“ကလေးအထူးဆု ဆိုပေမယ့် တန်းတူ သေချာလေး မှတ်တမ်းတင်ပေးထားတော့ ညီမအတွက် တသက်လုံး အမှတ်တရ ဖြစ်နေမှာပါ။ ညီမတို့က New Generation အနေနဲ့ မီတော့ ဝမ်းလည်းဝမ်းသာတယ်။ ဒီလိုချိန်မျိုးမှာ ပါဝင်ခွင့်ရတော့ ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ နောင်တချိန်မှာလည်း ကိုယ်တွေက ဒီသမိုင်းကို မီခဲ့တဲ့ မျိုးဆက်သစ်အနေနဲ့ တာဝန်ရှိတယ် ထင်ပါတယ်”လို့ ယွန်းယွန်းက ပြောပါတယ်။
ကမ္ဘာတဝှမ်းမှာ ကြုံတွေ့နေရတဲ့ COVID-19 ရောဂါကြောင့် ရိုက်ကူးရေးတွေ ရပ်နားထားရပြီး ဒီအချိန်မှာ အိမ်မှာနေရင်း ဝါသနာပါတဲ့ အလုပ်တွေနဲ့ ဖြတ်သန်းနေရပုံကိုလည်း အခုလို ဆိုပါတယ်။
“ဒီရောဂါကြီးက ဘဝမှာ တခါမှ မကြုံဖူးဘူး။ ကျောင်းတွေ အလုပ်တွေ နားပြီး မနေခဲ့ဖူးတော့ စိတ်တွေလေတဲ့ အချိန်တွေလည်း ရှိတယ်။ စိတ်ငြီးငွေ့လာတဲ့အချိန် ဝါသနာပါတာတွေ လုပ်တယ်။ ဟင်းချက်တာတွေ လုပ်တယ်။ ပုံတွေ ဆွဲတယ်။ Online learning လုပ်တယ်”လို့ ယွန်းယွန်းက ဆိုပါတယ်။
ကပ်ရောဂါ ကာလကြီး ပြီးဆုံးသွားတဲ့အခါ ရည်ရွယ်ထားတဲ့ အနုပညာ အလုပ်တွေကို ဦးစားပေး ပြန်လုပ်မယ့်အကြောင်းလည်း ယွန်းယွန်းက အခုလိုပဲ ပြောပါတယ်။
“ညီမတို့ ပုံမှန်ဆို ၂ လပိုင်း၊ ၃ လပိုင်းမှာ လုပ်မယ်လို့ ရည်ရွယ်ထားတဲ့ လှုပ်ရှားမှုတွေက COVID-19 ပြီးလို့ ပြန်စလုပ်မယ့်အချိန်မှာ အရင်ဆုံး ဦးစားပေး ပြန်လုပ်ဖြစ်မယ်။ ဇာတ်ကားကြီး တကားလည်း ရိုက်ဖို့ ရှိသလို ဇာတ်လမ်းတွဲလည်း ရိုက်ဖို့ ရှိတယ်။ ရိုက်ကူးရေးတွေ လုပ်ဖို့ကတော့ ဆက်တိုက် ကြိုတင် ပြင်ဆင်ခဲ့တာပေါ့နော်”
“အခုလို ရပ်သွားတာဆိုတော့ လိုအပ်တဲ့ အဝတ်အစားပိုင်းတွေက အဆင်သင့်ဖြစ်နေပြီ။ Mood ဝင်ဖို့၊ ကာရိုက်တာ ဝင်ဖို့ကတော့ အနားနီးရင် ပြန်လုပ်ရမှာပေါ့။ အားလုံးလည်း ဒီကာလကြီးကို ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်ကြပါစေ။ ရှေ့ဆက်ပြီးတော့လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစား လုပ်သွားဖို့ ရှိပါတယ်”လို့ ယွန်းယွန်းက ပြောပါတယ်။
ယွန်းယွန်းဟာ ငယ်စဉ်ကတည်းက အနုပညာအလုပ်တွေ လုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင် တဦးဖြစ်ပြီး ပညာရေးပိုင်းမှာလည်း ထူးချွန်သူ ဖြစ်ပါတယ်။ ယွန်းယွန်းကတော့ ၂၀၁၂ ခုနှစ်က “တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု (အထူးဆု) ကို ရရှိခဲ့ပါတယ်။
You may also like these stories:
၁ လတိတိ အချိုရည် မသောက်တဲ့ Challenge စတင်လိုက်တဲ့ ယွန်းယွန်း
ထိုင်းဘာသာစကား လေ့လာတော့မယ့် သရုပ်ဆောင် ယွန်းယွန်း
The post ဝါရင့် အနုပညာရှင်တွေနဲ့အတူ မှတ်တမ်းတင်ခံရတဲ့ ယွန်းယွန်း appeared first on ဧရာဝတီ.