အမေရိကန်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေးခွဲခြားမှု ဆန္ဒပြပွဲတွေနဲ့ ရဲတွေရဲ့ လူမဆန်စွာ လုပ်ရပ်တွေကို လှုံ့ဆော်တဲ့အနေနဲ့ HBO Max ရုပ်သံကနေ ထုတ်လွှင့်ပေးနေတဲ့ “Gone with the Wind” ရုပ်ရှင်ကို ဖယ်ရှားလိုက်ပါတယ်။
အော်စကာဆု မြောက်မြားစွာ သိမ်းပိုက်ထားတဲ့ အဆိုပါ ဇာတ်ကားဟာ ၁၉၃၉ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး အချိန်တိုင်း ကြည့်ရှုသူအများဆုံးအဖြစ် နေရာယူနေဆဲပါ။ အမေရိကန် ပြည်တွင်းစစ်ကို အခြေခံရိုက်ကူးထားပြီး လူအချင်းချင်း ကျေးကျွန်ပြုမှုတွေနဲ့ တွန်းလှန်ခဲ့တဲ့ သူရဲကောင်းတွေအကြောင်း ပါဝင်နေပါတယ်။
“Gone with the Wind ရုပ်ရှင်ဟာ သူ့အချိန်တုန်းကတော့ တကယ့် ဇာတ်ကားကောင်း တကားပါပဲ။ အမေရိကန် လူ့အဖွဲ့အစည်းထဲမှာ တွေ့ရတဲ့ လူမျိုးရေးခွဲခြားမှုတွေကို ပုံဖော်ထားတာပါ” လို့ HBO Max ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဆန္ဒပြပွဲတွေဟာ အမေရိကန်နိုင်ငံတဝှမ်း ပြည်နယ်တွေမှာ မေလ ၂၅ ရက်တည်းက အာဖရိကန်နွယ်ဖွား အမေရိကန်လူမျိုး ဂျော့ဖလွိုက် (George Floyd) သေဆုံးမှုကြောင့် စတင်ဖြစ်ပေါ်လာခဲ့တာပါ။ လူမျိုးရေးခွဲခြားမှုနဲ့ ဆိုင်တဲ့ သင်္ကေတ၊ အမှတ်သားတွေကို ဖယ်ရှားပြီး ရဲဌာနကို ပြန်လည်ဖွဲစည်းဖို့ တောင်းဆိုနေခဲ့ကြတာပါ။
ယခင်လအတွင်းက ဂျော့ဖလွိုက်ဟာ ဖမ်းဆီးခံရစဉ်မှာ သူ့ရဲ့ လည်ပင်းကို မင်နီယာပိုလိစ် ရဲတပ်ဖွဲ့ဝင်တဦးက ဒူးခေါင်းနဲ့ ၉ မိနစ်နီးပါးလောက် ဖိထားခဲ့တာကြောင့် အသက်ရှုကြပ်ကာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ သူ့ကို ဖမ်းချုပ်ခဲ့တဲ့ ရဲ ၄ ယောက်စလုံးကို တရားစွဲဆိုထားပြီး အဓိကတဦးကိုတော့ အဆင့် ၂ လူသတ်မှုနဲ့ တရားစွဲထားပါတယ်။
“12 Years A Slave” ရဲ့ စာရေးဆရာ John Ridley က “Gone with the Wind” ကို ဒီချိန်မှာ တကယ်ပဲ ဖယ်ထားသင့်တာ အဓိကအချက်ကို ရောက်အောင် ရိုက်ပြနိုင်ခဲ့လို့ပဲ မဟုတ်ဘူး။ ဒီထဲမှာ လူအချင်းချင်း ကျွန်ပြုမှုတွေ၊ အသားရောင် တခုတည်းကြောင့် ကျွန်ပြုခံခဲ့ရလို့ ကြောက်လန့်တုန်လှုပ်စရာ နာကျင်မှုတွေကို လျစ်လျူ ရှုထားခံရတာလည်း ပါတယ်”လို့ LA Times နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
ရုပ်ရှင်ကို ဘယ်အချိန်မှာ ပြန်တင်ပေးမလဲဆိုတာကတော့ ပါဝင်တဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို ဆွေးနွေးပြီး ရက်အတိအကျကို ပြန်ကြေညာပေးမယ်လို့ HBO Max က ဖော်ပြထားတဲ့အပြင် ရုပ်ရှင်ထဲက အကြောင်းအရာတွေကို မဖြစ်ခဲ့သလိုမျိုး တည်းဖြတ်ပြင်ဆင်တာတွေ လုပ်သွားဖို့ မရှိဘူးလို့ ဆိုပါတယ်။
တဖက်မှာလည်း အချိန်အတော်ကြာ ပြသလာပြီး ရဲဝန်ထမ်းတွေရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ စီးရီးတွေကို Paramount Network က ရပ်ဆိုင်းလိုက်ပါတယ်။ နောက်ထပ် လူကြိုက်များတဲ့ ရှိုးတခုဖြစ်တဲ့ “Live PD” ထုတ် လွှင့်မှုကိုလည်း ရပ်ဆိုင်းလိုက်သလို ဂျက်ဆီကာ အယ်လ်ဘာ ပါဝင်ထားတဲ့ “LA Finest” ကို တနင်္လာနေ့မှာ ပြသဖို့ စီစဉ်ထားပေမယ့် ရွှေ့ဆိုင်းထားကြောင်း သိရပါတယ်။
Ref: Bangkok Post
You may also like these stories:
“Parasite” ရုပ်ရှင်ကို HBO ရဲ့ Limited စီးရီးအဖြစ် ပြန်လည်ဖန်တီးဖို့ ရှိနေ
“Game of Thrones” စီးရီးရဲ့ နောက်ဆုံး Season ကို ပြန်လည်ရိုက်ကူးပေးရန် ပရိသတ်များတောင်းဆို
The post HBO Max ကနေ “Gone with the Wind” ရုပ်ရှင် ဖယ်ရှားခံရ appeared first on ဧရာဝတီ.