Stay home ကာလမှာ Tik Tok စဆော့ခဲ့တဲ့ ဒါရိုက်တာ ကိုပေါက်ကတော့ အချိန်တိုအတွင်း Follower များစွာ ရရှိခဲ့ပြီး Tiktok ရိုက်သူများထဲမှ သဘောကျရတဲ့သူ ၄ ၊ ၅ယောက်ကို ရုပ်ရှင်ရိုက်တဲ့အခါမှာ ခေါ်ရိုက်ဖို့အတွက် စဉ်းစားထားတယ်လို့ ဆိုပါတယ်။
“Tik Tok ဆော့တာ တချို့ဝါသနာရှင်တွေအတွက်တော့ တကယ်ကောင်းတယ်။ တချို့လေးတွေ တွေ့တယ်။ တကယ် သရုပ်ဆောင် ကောင်းတယ်။ မှတ်ထားတယ်။ သူတို့လေးတွေကို ကျနော်ရုပ်ရှင်ရိုက်တဲ့အချိန် အဆင်ပြေရင် ထည့်သုံးဖို့ စဉ်းစားထားတဲ့လူတွေ ၄ ၊ ၅ယောက်လောက်ရှိတယ်” လို့ ကိုပေါက်က ပြောပါတယ်။
သူတို့ကိုလည်း ရုပ်ရှင်ဇာတ်ကား လူသိများဖို့အတွက် ပေါ်ပင်အနေနဲ့ သုံးသွားမှာ မဟုတ်ဘဲ ရေရှည်အတွက် သရုပ်ဆောင်ဖြစ်သွားစေရန် လုပ်ပေးချင်တာဖြစ်တယ်လို့ သိရပါတယ်။
“သူတို့ကို ကိုယ့်ဇာတ်ကားမှာ ပေါ်ပင်ဖြစ်ဖို့ရာအတွက် သုံးမှာ မဟုတ်ဘူး။ ရေရှည် သရုပ်ဆောင်ဖြစ်သွားအောင် တင်ပေးချင်တာပေါ့။ ခေါင်းထဲမှာတွေးထားတာ ၄ ၊ ၅ယောက်လောက် ရှိတယ်။ ရုပ်ရှင်တွေ ပြန်ရိုက်ရရင် သူတို့လေးတွေကို ခေါ်ရိုက်ဖို့ ရှိပါတယ်” လို့ ကိုပေါက်က ပြောပါတယ်။
Tik Tok ကို ကိုယ်တိုင်ဆော့တဲ့အခါမှာတော့ အဆင်ပြေတာတွေလည်း ရှိသလို အဆင်ပြေတာတွေလည်းရှိပြီး အဓိကကတော့ သူများပြောထားတာတွေကို ကိုယ့်ပါးစပ်နဲ့ အံဝင်ခွင်ကျဖို့က အရေးကြီးတယ်လို့ သိရပါတယ်။
“အဆင်ပြေတဲ့ဟာလည်း အဆင်မပြေတဲ့ဟာလည်း မပြေဘူးပေါ့။ အခေါက်ခေါက် အခါခါ ရိုက်ရတာတွေလည်း ရှိတယ်။ အဓိကအရေးကြီးတာက ကိုယ့်စိတ်ကူးနဲ့ ကိုယ့်အိုက်တင်နဲ့ လုပ်ရတာမဟုတ်ဘူး။ သူများလုပ်ပြီးသား ပါးစပ်ပေါက်ကို ကိုက်အောင် လုပ်ရတဲ့အတွက် အဲဒါလွဲလို့ မရတာပေါ့”
“ပါးစပ်ပေါက်က ဟသွားရင် သဘာဝ မကျတော့ဘူး။ သူ့ပါးစပ်ပေါက်နဲ့ သူ့အသံနဲ့ကိုယ့်ရုပ် ဖြစ်နေရမှာ။ အဓိက ပါးစပ်ပေါက် တည့်အောင် ခဏခဏ ရိုက်ရတယ်။ တကယ်တော့ Tik Tok ဆော့တာကလည်း နည်းနည်းတော့ ခက်တော့ခက်တယ်” လို့ ကိုပေါက်က ပြောပါတယ်။
ကိုပေါက်ကတော့ Tik Tok မှာ သူများရိုက်ပြီးသားများကိုသာ ပြန်ဆော့တာဖြစ်ပြီး နောက်ထပ်ရိုက်ဖို့အတွက် သိမ်းထားတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“Tik Tok မှာ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ သူများဆော့ပြီးသားတွေပဲ ဆော့တာပါ။ ဆော့တဲ့သက်တမ်းလည်း နည်းပါသေးတယ်။ ဒါပေမဲ့ ကျနော် ဇာတ်လမ်းတို ရယ်စရာလေးတွေ ဘာလေးတွေတော့ ရှိပါတယ်။ Tik Tok ကတော့ သူများဆော့ပြီးသားလေးတွေ ဆော့ဖို့သိမ်းထားတာလေးတွေရှိတယ်။ ကျနော်တို့ မိသားစုလေးကို ချစ်ပေးပါလို့” လို့ ကိုပေါက်က ပြောပါတယ်။
Tik Tok မှာ မိန်းမအင်္ကျီတွေနဲ့ ရိုက်ထားတာတွေကလည်း ယခင်က မိန်းမလျာ ကာရိုက်တာ ရိုက်ခဲ့စဉ်က အဝတ်အစားများဖြစ်ပြီး မိတ်ကပ်ကိုလည်း ကိုပေါက်ရဲ့အမျိုးသမီးက သင်ပေးထားတဲ့အတိုင်း လိမ်းပြီးရိုက်တာ ဖြစ်တယ်လို့သိရပါတယ်။
“ဟိုးအရင် အခြောက်ကားတွေ ရိုက်ကတည်းက စသင်ပေးတာ သူကအရင် Kanebo မှာ Supervisor လုပ်ခဲ့တော့ မိတ်ကပ်လိမ်းတဲ့ ပုံစံတွေ အကုန်သင်ပေးဖူးတော့ ကိုယ့်ဟာနဲ့ကိုယ် မိန်းမတယောက်လိုလိမ်းတတ်တယ်။ ရှုတင်သွားပြီ ဆိုရင် ကိုယ့်ဟာနဲ့ကိုယ်လိမ်းသွားတာ အခြောက်မကားဆို သူက မလိုက်ဘူး။ မိတ်ကပ်လိမ်းနည်း အဆင့်ဆင့်ကို သူသင်ပေးထားတာတွေနဲ့ပဲ အခုလည်း ဆက်လှိမ့်နေတာပေါ့” လို့ ကိုပေါက်က ပြောပါတယ်။
Tik Tok ဆော့တာကိုတော့ ကိုပေါက်က သရုပ်ဆောင် ခြူးလေးထံက သင်ထားတာဖြစ်ပြီး အခုဆိုရင် ကိုပေါက်ရဲ့ Tiktok မှာ Followers ၅ သိန်းကျော်ရှိနေပြီလို့ သိရပါတယ်။
You may also like these stories:
“ကျန်းမာရေးဌာနရဲ့ စည်းကမ်းတွေအတိုင်း နေကြပါ”လို့ ဟိန်းဝေယံ ပြော
တကိုယ်တည်းသမားဖြစ်တဲ့အတွက် မိဘကို စောင့်ရှောက်နေတဲ့ ခန့်စည်သူ
မြေးဖြစ်သူကို ပညာရေး အဓိက လုပ်စေချင်တဲ့ ဒေါ်နွဲ့နွဲ့စမ်း
The post Tik Tok မှာ သဘောကျသူတွေကို ရုပ်ရှင်ခေါ်ရိုက်မယ့် ကိုပေါက် appeared first on ဧရာဝတီ.