နာမည်ကျော် ဘောလိဝုဒ်မင်းသား Sushant Singh Rajput ကို ဇွန်လ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ သူ့ရဲ့နေအိမ်မှာ သေဆုံးလျက် အနေအထားနဲ့ တွေ့ရှိခဲ့ရပြီး ဒါဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
အသက် ၃၄ နှစ်သာရှိသေးတဲ့ မင်းသား Sushant ရဲ့ သေဆုံးမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ကြောင်း စာချန်ထားခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ မင်းသား Sushant ဟာ ပညာရေးဆိုင်ရာ ပြိုင်ဆိုင်မှုရဲ့ ပြင်းထန်လွန်းတဲ့ ဖိအားတွေအကြောင်း အခြေခံထားတဲ့ “Chhichhore” ဆိုတဲ့ ရုပ်ရှင်မှာ နောက်ဆုံးအနေနဲ့ သရုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် Netflix ရုပ်ရှင် “Drive” မှာလည်း သရုပ်ဆောင်ထားပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်တုန်းက သူ့ရဲ့ မန်နေဂျာဟောင်း Disha Salian ကို သေဆုံးလျက် တွေ့ရှိခဲ့ရပြီးနောက် အခုလိုမျိုး မင်းသားရဲ့ အဆုံးစီရင်မှုသတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ မင်းသားက “တော်တော်လေးကို စိတ်ထိခိုက်ရတဲ့ သတင်းပါပဲ” လို့ Instagram မှာ ရေးသားခဲ့ပါတယ်။
Instagram မှာ သူနောက်ဆုံးတင်ခဲ့တဲ့ ပို့စ်ကတော့ သူ့ရဲ့ မိခင်နဲ့ သက်ဆိုင်ပါတယ်။ “အရင်တုန်းက ကျခဲ့တဲ့ မျက်ရည်တွေ အငွေပျံသွားပြီး အပြုံးတွေနဲ့ ဝန်းရံနေတဲ့ အဆုံးမရှိ အိပ်မက်တွေ နှစ်ယောက်ကြားက စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ဘဝကို စတင်ခဲ့ပြီ” လို့ မင်းသားက ရေးသားခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရန်ဒါရာ မိုဒီကလည်း “Sushant Singh Rajput ရေ၊ တောက်ပတဲ့ လူငယ်မင်းသား တယောက် ကွယ်လွန်တာ စောလွန်းတယ်။ သူက ရုပ်သံနဲ့ ရုပ်ရှင်တွေမှာ ထူးချွန်တယ်။ သူ့ရဲ့ ကျော်ကြားမှုဟာ ဖျော်ဖြေရေးလောကမှာ လူတော်တော်များများရဲ့ အားကျခြင်းကို ခံရတယ်။ သူဟာ အမှတ်ရဖွယ် တင်ဆက်မှုတွေနဲ့ ထားသွားခဲ့ပြီ။ သူ့ရဲ့ ကွယ်လွန်မှုကြောင့် ထိတ်လန့်မိတယ်။ ကျနော်ကတော့ သူ့မိသားစု၊ ပရိသတ်တွေနဲ့ အတူ ရှိနေပါတယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
မင်းသား Sushant ဟာ နာမည်ကျော် ရုပ်ရှင်စီးရီး “Pavitra Rishta” နဲ့ နာမည်ရလာသူဖြစ်ပြီး ရုပ်ရှင်ဘက်မှာဆိုရင်တော့ “Kai Po Che!” ဆိုတဲ့ ဇာတ်လမ်းနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ မင်းသားရဲ့ ရုပ်ရှင်တိုင်းဟာ လူကြိုက်များခဲ့ပြီး ရုံဝင်ငွေလည်း တော်တော်ကောင်းခဲ့တာ တွေ့ရပါတယ်။ ခရစ်ကဒ်အသင်း ကပ္ပတိန်ဟောင်း MS Dhoni ရဲ့ ဘဝအတ္ထုပ္ပတ္တိ ရုပ်ရှင်နဲ့လည်း ရုပ်ရှင်ဆုတွေ ဆန်ခါတင် သတ်မှတ်ခံခဲ့ရပါတယ်။
၂၀၁၅ ခုနှစ်မှာတော့ Detective Byomkesh Bakshy! ဆိုတဲ့ရုပ်ရှင်မှာ ပါဝင်ခဲ့ပါတယ်။ အထူးခြားဆုံးက မင်းသား Aamir Khan ရဲ့ နာမည်ကျော် “PK” ရုပ်ရှင်မှာ ဇာတ်ပို့နေရာကနေ ပါဝင်ခဲ့တာပါပဲ။ မြန်မာပရိသတ်တွေ သူ့ကို အထူးတလည် သိသွားခဲ့တဲ့ ရုပ်ရှင်ကတော့ မင်းသမီး Sara Ali Khan နဲ့အတူ ပါဝင်ထားတဲ့ “Kedarnath” ရုပ်ရှင် ဖြစ်ပါတယ်။
Patna မြို့မှာ မွေးဖွားခဲ့တဲ့ မင်းသားဟာ ရူပဗေဒပညာရပ်မှာ အမျိုးသားအဆင့် အိုလံပစ် ဆုရှင်ဖြစ်ပြီး အင်ဂျင်နီယာဘာသာရပ်ကို လေ့လာခဲ့သူလည်း ဖြစ်ပါတယ်။ ပြဇာတ်နဲ့ အက တင်ဆက်မှုတွေမှာ ပါဝင်ခဲ့ပြီးနောက် သူ့ရဲ့ စာပေလေ့လာမှုတွေအတွက် အချိန်အခက်အခဲဖြစ်ခဲ့တယ်လို့ မင်းသားက အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။
မင်းသားဟာ အနုပညာလောကထဲ ခြေစုံပစ်ဝင်ဖို့ ဘွဲ့ရပြီး ၁ နှစ်အကြာမှာပဲ အင်ဂျင်နီယာအလုပ်ကနေ ထွက်ပစ်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ ဖခင်နဲ့ အစ်မ ၅ ဦးတို့ ကျန်ရစ်ပါတယ်။ မင်းသားဟာ မိသားစုထဲမှာ အငယ်ဆုံးဖြစ်ပါတယ်။
Sushant Singh ကွယ်လွန်မှုကို မင်းသား Akshay Kumar ၊ ဒါရိုက်တာ Farhan Akhtar ၊ မင်းသား Ajay Devgn နဲ့ မင်းသား Abhishek Bachchan တို့က ဝမ်းနည်းစကား အသီးသီး ဆိုခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံမှာ ဒီနှစ်အတွင်း နာမည်ကျော် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Rishi Kapoor နဲ့ Irrfan Khan တို့လည်း ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကွယ်လွန်ခဲ့ကြပါတယ်။
Ref: ndtv
The post ဘောလိဝုဒ်မင်းသား Sushant Singh ကိုယ့်ကိုယ်ကို အဆုံးစီရင် appeared first on ဧရာဝတီ.