လက်ရှိဖြစ်နေတဲ့ COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ ရုပ်ရှင်လုပ်ငန်းတွေ ရပ်တန့် ထားရပြီး ၂၀၂၁ ခုနှစ်မှာ ကျင်းပမယ့် အော်စကာဆုပေးပွဲကိုလည်း မူလက ကျင်းပနေကျ ဖေဖော်ဝါရလကနေ ဧပြီလအထိ နောက်ဆုတ်လိုက်ပြီဖြစ်ကြောင်း ဇွန်လ ၁၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အကြီးအကျယ်ဆုံး ဆုပေးပွဲကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ ရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အဲ့ဒီဆုပေးပွဲကို မူလကတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
COVID-19 ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းကစလို့ ကမ္ဘာတဝှမ်းက ရုပ်ရှင်ရုံတွေကို ပိတ်လိုက်ရတဲ့အပြင် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေပါ ရပ်ဆိုင်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
အကယ်ဒမီဆု ရွေးချယ်ရေးအတွက် ပါဝင်မယ့် ဇာတ်ကားတွေအဖြစ် မူလက ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြသခဲ့တာတွေ သတ်မှတ်ထားခဲ့ပေမယ့် အခုတော့ ဆုရွေးချယ်ရေးမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ ပြသမယ့် ရုပ်ရှင်တွေပါ အကျုံးဝင်လာမှာ ဖြစ်ပါတယ်။
အကယ်ဒမီအဖွဲ့ ဥက္ကဋ္ဌ David Rubin နဲ့ အကယ်ဒမီအမှုဆောင်အကြီးအကဲ Dawn Hudson တို့က “ အကျုံးဝင်မယ့် အချိန်အပိုင်းအခြားနဲ့ ဆုပေးမယ့်နေ့ကို တိုးလိုက်တဲ့ ကျနော်တို့ရဲ့ မျှော်လင့်ချက်ကတော့ တစုံတယောက်ရဲ့ ထိန်းချုပ်မှုကို လွန်ဆန်တာမျိုး မရှိဘဲ ရုပ်ရှင်တွေကို ပြသဖို့ ဖြန့်ချိဖို့ လိုအပ်နေတဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ ချောင်ချိရေးအတွက် ဖြစ်ပါတယ်” လို့ ပြောဆိုထားပါတယ်။
ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားလိုက်ရတဲ့ အတွက်ကြောင့်လည်း ရုပ်ရှင်ထုတ်လုပ်သူတွေဟာ အခုနှစ်ကုန်ပိုင်းမှာ ကုန်ဆုံးမယ့် အော်စကာဆု နောက်ဆုံး သတ်မှတ်ချက်အတိုင်း မမီလိုက်မှာကို စိုးရိမ်ခဲ့ကြပါတယ်။ ဒါဇင်နဲ့ ချီတဲ့ ရုပ်ရှင်တွေဟာလည်း လာမယ့် ၂၀၂၁ ခုနှစ်အထိ ပြသမယ့်ရက်ကို ရွှေ့ဆိုင်းထားကြပြီး ဖြစ်ပါတယ်။
အခုလိုမျိုး အော်စကာဆုပေးပွဲရက်ကို ပြောင်းလဲတာဟာ အခု တကြိမ်နဲ့ဆိုရင် သမိုင်းမှာ လေးကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ်တုန်းက လော့စ်အင်ဂျလိစ် ရေကြီးမှု၊ ၁၉၆၈ ခုနှစ်မှာ မာတင်လူသာကင်း လုပ်ကြံခံရမှု၊ ၁၉၈၁ ခုနှစ်တုန်းက သမ္မတ ရော်နယ်ရေဂန် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခံရမှုတွေကြောင့် အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။
အခုလိုမျိုး အော်စကာဆုပေးပွဲကို ရက်ရွှေ့လိုက်ရတာကြောင့် ရွှေကမ္ဘာလုံး ဆုပေးပွဲနဲ့ တခြား ဆုပေးပွဲတွေလည်း အချိန်ရွှေ့ဖို့ ဖြစ်လာနိုင်ချေ ရှိနေပါတယ်။ အခုတော့ လူအချင်းချင်း ခပ်ခွာခွာ နေတာနဲ့ မကြာခဏ စစ်ဆေးတာတွေ လုပ်ဆောင်ရမယ်ဆိုတဲ့ အသေးစိတ် ညွှန်ကြားချက်တွေနဲ့အတူ လော့စ်အင်ဂျလိစ်မြို့မှာ ထုတ်လုပ်ရေးလုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ခွင့်ပြုပေးထားပါပြီ။
လာမယ့် ရုပ်ရှင်အများစုကတော့ လာမယ့် စက်တင်ဘာလအထိ ရိုက်ကူးရေး ပြန်စနိုင်မယ့် ပုံမှာမရှိပါဘူး။ အခုလာမယ့် ဇွန်လကုန်ပိုင်းမှာရုံတင်မယ့် “Tenet” နဲ့ “Mulan” ရုပ်ရှင်တွေနဲ့ ရုံတွေကို ပြန်လည် ဖွင့်လှစ်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။
Ref: Reuters
You may also like these stories:
မွေးရပ်မြေက ရုပ်တုနှစ်ခုကို ဖယ်ရှားပေးဖို့ Taylor Swift တောင်းဆို
Stay home ကာလ အိမ်မှာနေရတာ စိတ်အပန်းပြေတယ်ဆိုတဲ့ ရွှေသမီး
သရုပ်ဆောင် Skill တက်အောင် Tik Tok ရိုက်ဖြစ်နေတဲ့ မြတ်နိုးအေး
The post ကိုဗစ်ကြောင့် ၂၀၂၁ အော်စကာဆုပေးပွဲကို အချိန် ၂ လ နောက်ဆုတ် appeared first on ဧရာဝတီ.