လတ်တလောမှာ ဦးနှောက်ခွဲစိတ်ထားမှုကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတဲ့ လူရွှင်တော် မန်းဝင်းကို လူကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့တဲ့ သရုပ်ဆောင် မတူးက မန်းဝင်းလို လူမျိုးကို ဆုံးရှုံးရမှာကြောက်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“သူကတော့ တကယ့်အနုပညာရှင် ဟာသမှာဆိုရင် ယှဉ်လို့ မရဘူးလေ။ ကိုယ့်အနုပညာညီအစ်ကို မောင်နှမဆိုတော့ သူ့လို လူမျိုးဆုံးရှုံးမှာ တအားကြောက်တာပေါ့။ မဆုံးရှုံးချင်ဘူးလေ။ ဒါပေမဲ့ အခုအချိန်မှာတော့ ၅၀ ၊ ၅၀ ပဲပေါ့” လို့ မတူးက ပြောပါတယ်။
အခုလို ခက်ခဲနေတဲ့အချိန်မှာတော့ ဝိုင်းဆုတောင်းပေးရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘဲ မိသားစုဝင်များပြောပြတာကိုပဲ သိရပါတယ်လို့ ဆိုပါတယ်။
“ဒီအချိန်မှာတော့ ဝိုင်းဆုတောင်းပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ ဆရာဝန်တွေရဲ့ပြောချက်ကိုပဲ သူ့မိသားစု ပြောပြတာကို သိတယ်။ ဒီအချိန်မှာ ဦးမန်းဝင်းက ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရသလိုပါပဲ” လို့ မတူးက ပြောပါတယ်။
ဆက်လက်ပြီး “သူ့ကံတရားပဲပေါ့။ အသက်ရှည်ပါစေ ဆုတောင်းပေးလည်း သူ့ကံဇာတာက ဒီလောက်ပဲဆိုရင် ဒီလောက်နဲ့ပဲ သူသွားမှာ။ တကယ်လို့ သူကဒီလောကမှာ မြတ်စွာဘုရားက ဆက်လက် ရှင်သန်ခွင့်ပေးတယ်ဆိုရင် သူဆက်ရှင်သန်မှာပေါ့။ အတတ်ပြောလို့ မရဘူး။ ကျန်းမာပါစေ၊ အသက်ရှည်ပါစေ၊ ကျန်းမာပါစေ ဆုတောင်းပေးရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး” လို့ မတူးက ပြောပါတယ်။
မတူးကတော့ ယမန်နေ့က လူကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ပြီး ယနေ့ ဇွန်လ ၁၆ ရက်နေ့မှာတော့ မမများအဖွဲ့ကိုယ်စား ဂွမ်းပုံကြီးက အလှူငွေ သွားရောက်ပေးခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့တော့ တခု ထူးခြားတယ်။ မနေ့က ကျမတို့ဘယ်လောက်ခေါ်ခေါ် မျက်လုံးကြီး ပိတ်နေတယ်။ ဒီနေ့တော့ မဂွမ်းကြီးသွားတော့ မျက်လုံးကြီး ပွင့်နေတယ်လို့ ပြောတယ်။ မမများအဖွဲ့က သွားလှူတာ” လို့ မတူးက ပြောပါတယ်။
လူရွှင်တော်မန်းဝင်းကတော့ ဟာသပညာမှာ ထူးချွန်တဲ့သူတယောက်ဖြစ်ပြီး လူရွှင်တော်ကောင်း တယောက်လည်း ဖြစ်တဲ့အတွက် ဆုံးရှုံးရမှာကြောက်တာလို့ ဆိုပါတယ်။
“ဟာသပညာမှာဆို အင်မတန်ကိုမှ တော်တဲ့သူကြီးပါ။ ဘယ်သူ့အပေါ်ကိုမှ မနာလိုခြင်း မရှိ၊ ကားရိုက်တဲ့နေရာမှာလည်း တယောက်နဲ့ တယောက် အပေးအယူလည်း မျှတတယ်။ ဇာတ်ခုံပေါ်မှာ အငြိမ့်ကရင်လည်း မျှတတယ်။ အင်မတန်မှ တော်တဲ့သူကြီးပါနော်။ တကယ်ကို ဇာတ်ပို့ကောင်းတယောက် ဟာသလူရွှင်တော်ကောင်းတယောက်ပါ”
“အဲ့တော့ သူလိုလူမျိုးတယောက်ဆုံးရှုံးမှာ ကျမတို့ကကြောက်တာပေါ့။ ဒါပေမဲ့ သေခြင်းရှင်ခြင်းဆိုတာ ကံတရားပဲလေ။ လူတွေဟာ စမွေးလာကတည်းက သေဖို့ကံက ပါလာပြီးသား” လို့ မတူးက ပြောပါတယ်။
မတူးက ယခင်က သူ့ရဲ့ကိုယ်ပိုင်ဗီဒီယို ထုတ်လုပ်ရေးမှာ မန်းဝင်းကို ခေါ်ယူရိုက်ကူးရာမှ စတင်သိကျွမ်းခဲ့တာဖြစ်ပြီး အခုဆိုရင် ခင်မင်သိကျွမ်းခဲ့တာ နှစ်ပေါင်းများစွာရှိပြီလို့ သိရပါတယ်။
လူရွှင်တော်မန်းဝင်းကိုတော့ ဇွန်လအစပိုင်းမှာ ဦးနှောက်သွေး ယိုစိမ့်တာကြောင့် ခွဲစိတ်မှု ပြုလုပ်ခဲ့ရာ မသက်သာတာကြောင့် နောက်တကြိမ် ခွဲစိတ်ခဲ့ရပြီး အခုလက်ရှိမှာလည်း စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံမှ ဆင်းကာ နေအိမ်သို့ ပြန်လည် ရောက်ရှိနေပြီလို့ သိရပါတယ်။
The post “လူရွှင်တော် မန်းဝင်းလို လူမျိုးကို ဆုံးရှုံးရမှာ ကြောက်တယ်”လို့ မတူး ပြော appeared first on ဧရာဝတီ.