မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်တဦး ဖြစ်ခဲ့တဲ့ အဆိုတော် မေမဒီက COVID-19 ဖြစ်ပွားချိန် အနုပညာလုပ်ငန်းတွေ မလုပ်ရသေးတာကြောင့် စီးပွားရေးအနေနဲ့ “ပွားစိန်” ဆိတ်စွပ်နံပြား ရောင်းချနေတယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“အခုချိန်က ကိုဗစ်ကာလ အလုပ်တွေ ပြန်လုပ်နေကြပေမယ့် ကိုယ်တွေက ပွဲတွေဆိုလို့မရသေးတဲ့ အခါ ဘာအလုပ်မှ မရှိတဲ့အချိန် စီးပွားရေး လုပ်မှဖြစ်မယ်ဆိုပြီး ဆိတ်စွပ်နံပြားကို ရောင်းဖြစ်တာ။ ကိုယ်တိုင်လည်း ဆိတ်စွပ်ကို ကြိုက်တယ်။ အမေလုပ်တာလည်းကောင်းတယ်။ ဆိတ်စွပ်ကကျတော့ တော်တော်များများက မရောင်းကြဘူး။ တခြားအစားအစာတွေပဲ ရောင်းတာနေကျတော့ ကျမက ဒါလေးလုပ်ဖြစ်သွားတာပါ”
“ကျမ တို့ဆိုရင် ဆိတ်စွပ်ကို မြို့ထဲ သွားစားရတာဝေးတယ်။ တခြားဆိုင် တွေက အဆီအရမ်းများတယ်။ မေမေက အိမ်မှာချက်ပေးတယ်။ အဲ့ဒါကို ရောင်းတာ ပေါ့။ သူများဆိတ်စွပ်နဲ့ မတူဘူး။ အဆီမပါဘူး။ အာဟာရဖြစ်တယ်။ အချိုမှုန့် မထည့်ဘူး။ အိမ်ချက် သန့်သန့်လေးနဲ့ သေချာလေးချက်ထားတယ်” လို့ မေမဒီက ဆိုပါတယ်။
ဆိတ်စွပ်နာမည်ကို ပွားစိန်ဆိုပြီး ပေးဖြစ်ပုံကိုလည်း အခုလိုဆိုပါတယ်။
“ပွားစိန်ဆိုပြီးပေးဖြစ်တာက ကျမနာမည်ကို မသုံးချင်ဘူးလေ။ ကိုယ့်မှာလည်း လက်ပွားလေး ပါတာနဲ့ ပွားစိန်ဆိုပြီးပေးလိုက်တာပါ။ အခုချိန်မှာက အရမ်းကြီးကြီးမားမားတွေ ရောင်းလို့ကမရဘူးလေ။ အခွေအတွက်လည်း လုပ်နေတော့ တခြားစီးပွားရေးကို ကိုယ်ဦးဆောင်ပြီးလုပ်ဖို့က အာရုံမရှိသေးပါဘူး။ အခုလည်း အမေက ဦးဆောင်ပြီး လုပ်ပေးနေတယ်။ နောက်ပိုင်းလုပ်ဖို့လည်း စဉ်းစားမှာပါ ”လို့ မေမဒီကပြောပါတယ်။
သားမိနှစ်ယောက်တည်း လုပ်တဲ့အတွက် အခက်အခဲတွေရှိတယ်လို့ဆိုတဲ့ မေမဒီက အနုပညာတွေ မလုပ်ရချိန် အိမ်ဝင်ငွေ ရအောင်ဈေးရောင်းတာလို့ဆိုပါတယ်။
“သားမိနှစ်ယောက်တည်း လုပ်တဲ့အတွက် အခက်အခဲတွေကရှိတယ်။ အရမ်းအများကြီး မလုပ်ဘူး။ ဝမ်းရေးအတွက် အနုပညာတွေ မလုပ်ရချိန် အိမ်ဝင်ငွေရအောင်ဈေးရောင်းတာပေါ့။ တပတ်ကို နှစ်ရက်ပဲ ရောင်းတယ်။ ကြာသပတေးနဲ့ တနင်္ဂနွေပဲရောင်းတယ်။ တပွဲကို ငါးထောင်နဲ့ရောင်းပေးပါတယ်”
“ တရက်ကို အနည်းဆုံးပွဲ ၃၀ဆယ်လက်ခံတယ်။ တခါတလေလည်း ပွဲ၇၀ မှာတာရှိတယ်။ ကျမတို့ နေတာက ၅လွှာဆိုတော့ ဆိတ်သားထုတ်တွေက အရမ်းလေးတော့ နည်းနည်းတော့ ပင်ပန်းတယ်။ ချက်တော့ မေမေနဲ့ ကိုယ်နဲ့ ချက်တာပေါ့။ ကျမရဲ့ ဆိတ်စွတ်နံပြားကို မှာပြီး ကျမကို လှူခိုင်းတာ အရမ်းပီတိ ဖြစ်ရပါတယ်။ မြောက်ဒဂုံ ဆိုရင် ကိုယ်တိုင်လိုက်ပို့ပေးတယ်။ တခြားမြို့နယ်ကို Deliနဲ့ ပို့ပေးပါတယ်။ စရောင်းချိန်က အားပေးကြလို့ ကျေးဇူးတင်ပါတယ် ”လို့ မေမဒီကပြောပါတယ်။
မေမဒီကိုတော့ ပရိသတ်တွေက Myanmar Idol Season-3 သီချင်းဆိုပြိုင်ပွဲဝင်တယောက်ဖြစ်ကတည်းက စတင် အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ ပြိုင်ပွဲပြီးသွားတဲ့နောက်မှာလည်း ဂီတအလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ပိုးမီ၊ ဂေဂေး၊ မင်းရတုပိုင်၊ ဖြူဖွေး တို့နဲ့ အတူတွဲပြီး “Friend” ဆိုတဲ့ တေးသီချင်းအခွေ ထွက်ရှိခဲ့ပါသေးတယ်။
You may also like these stories:
ရင်သွေးဂေဟာနားမှာ အင်းပြားတွေ ထားခံရတယ်လို့ ခိုင်နှင်းဝေပြော
ခိုင်နှင်းဝေ ရင်သွေးဂေဟာမှာ မွေးနေ့အလှူ လုပ်ခဲ့တဲ့ စမိုင်းလ်ရဲ့သမီးငယ်လေး
The post လက်ပွားလေးပါတဲ့ အဆိုတော်မေမဒီရဲ့ “ပွားစိန်”ဆိတ်စွပ်နံပြား appeared first on ဧရာဝတီ.