အသက် ၁၄ နှစ် အရွယ်ကတည်းက အနုပညာလောကထဲကို ရောက်ခဲ့ပြီး အနုပညာသက်တမ်း ၆၀ ကျော်သွားပြီ ဖြစ်ပေမယ့် အကယ်ဒမီ မရရှိခဲ့တဲ့အကြောင်းကို ဝါရင့်သရုပ်ဆောင် ဒေါ်စန်းစန်းဝင်းက အခုလို ပြောပြခဲ့ပါတယ်။
“ကံလည်းပါတယ်၊ ပေါင်းသင်းဆက်ဆံရေးလည်း ပါတယ်။ အကပ်လည်း လိုတယ်။ နောက်ပြီးတော့ အကြောင်းအမျိုးမျိုးတွေတော့ ရှိတာပေါ့လေ။ အမေက မဟုတ်ရင် မခံဘူး။ ဒဲ့ပြောတယ်။ မှန်တယ်ထင်ရင် လူရှေ့မရှောင် ၊ သူရှေ့မရှောင် ပြောတတ်တယ်။ အဲ့တော့ အမေက စင်ပေါ်တက်ပြီးတော့ ခံစားချက်တွေ ပေါက်တတ်ကရတွေပြောမှာပဲ။ ဒီမိန်းမကြီးဆိုပြီး ကြောက်ပြီးမပေးတာတွေလည်း ရှိတယ်လေ” လို့ ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အကယ်ဒမီပေးပွဲမှာတော့ “သမ္မတကြီးထံပေးစာ” ရုပ်ရှင်ဇာတ်ကားမှာ ဆန်ခါတင်စာရင်းဝင်ခဲ့ပေမယ့် အကယ်ဒမီနဲ့ လွဲချော်ခဲ့ပါတယ်။
“သမ္မတကြီးထံပေးစာမှာ ဆန်ခါတင်ထဲမှာ ပါပါတယ်။ အဲ့တုန်းက အမေကိုယ်တိုင်လည်း အကယ်ဒမီဘုတ်အဖွဲ့ထဲမှာ ပါတယ်။ အဲ့တော့ အမေ့အခန်းတွေ အမေ အမှတ်ပေးလို့ မရဘူး။ ဒါပေမဲ့ အမေ မပါပါရစေနဲ့လို့ပြောတော့ ဦးဇင်ဝိုင်းက ပါပါ။ မဆိုင်ပါဘူး ရပါတယ်၊ ကျန်တဲ့သူတွေ ရွေးမှာပေါ့ဆိုပြီး ပြောတယ်။ ဒါပေမဲ့ အမေရွေးထားတဲ့သူတော့ မပါဘူး” လို့ ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။
ကိုယ်တိုင်လည်း အကယ်ဒမီဘုတ်အဖွဲ့မှာ ပါဝင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ စိတ်သဘောထားခြင်း မတိုက်ဆိုင်တာကြောင့် မပါဝင်ဖြစ်ခဲ့ဘူးလို့ သိရပါတယ်။
“မနှစ်က ပါတယ်။ ဒီနှစ်တော့ မပါတော့ဘူး။ ခေါ်လည်း မလိုက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်စိတ်ကကိုယ့်စိတ် သူတို့စိတ်က သူတို့စိတ်လေ စိတ်ချင်း ပေါင်းစပ်လို့ရတဲ့သူက လူ ၈၀ မှာ ၁၀ ယောက်လို့ ပေါင်းလို့ရပြီး ကျန်တဲ့သူနဲ့က ပေါင်းလို့ရချင်မှရတာ ကိုယ်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေလေ”
“တကယ့်ကို အနုပညာနဲ့ ပတ်သက်ပြီးတော့ ၁ ခန်း၊ ၂ ခန်း ရသရွေ့လေးကို ပီပြင်အောင် သရုပ်ဆောင်နိုင်သွားခဲ့တဲ့ မျက်လုံး၊ အသက်ရှူ၊ တံထွေးမြို၊ ရင်ထဲကခံစားချက် အဲဒီလိုနဲ့ အကြမ်းဖြစ်ဖြစ် အရမ်းဖြစ်ဖြစ်၊ အနုဖြစ်ဖြစ်၊ အခန်းနည်းလည်း ဇာတ်ပို့ဖြစ်ဖြစ်၊ လူရွှင်တော်ပဲဖြစ်ဖြစ် ပေးစေချင်တယ်။ ဒါမှလည်း လောင်းရိပ်မမိတော့ဘဲ ပွင့်လန်းလာမှာပါ” လို့ ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။
အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်စန်းစန်းဝင်းကတော့ ဆီးချိုရောဂါရှိပေမယ့် အစားအသောက်အနေအထိုင်ကို ဆင်ခြင်ပြီး ရုပ်ရှင်ရိုက်ရမယ်ဆိုရင် ကျန်းမာရေးကောင်းပြီး နုပျိုသွားတယ်လို့ ဆိုပါတယ်။
“အမေက အခုကျန်းမာရေး ဘယ်လောက် မကောင်းနေနေ ရုပ်ရှင်ရိုက်မယ်ဆိုရင် ဘယ်ကနေ အသက်ကဝင်တာလဲ မသိဘူး။ ၁၆ နှစ်၊ ၁၄ နှစ်လို အသက်က ရှင်သန်သွားတာ။ အဲဒါ အမေ့ရဲ့ Talent ပဲလေ။ ပြီးတော့မှ ဟစိဟစိနဲ့ ပြန်ပြီးနေမကောင်းဖြစ်ရင်ဖြစ်မယ် အဲ့လိုမျိုး”
“ ခေါ်ရင်တော့ ရိုက်မှာပေါ့။ မခေါ်ရင်တော့ မရိုက်ရဘူး။ ဘယ်အခန်းကပဲပါပါ မပီပြင်ဘူးဆိုတာ မရှိရဘူး။ ကျရာနေရာက အပီပြင်ဆုံးသရုပ်ဆောင် ရိုက်ကူးမှာပါ” လို့ ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။
ဒေါ်စန်းစန်းဝင်းကတော့ အသက် ၁၄ နှစ်မှစတင်ပြီး ယခု အသက် ၇၃ နှစ်အထိ ရုပ်ရှင်များအပြင် MRTV-4 ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
You may also like these stories:
အရင်ခေတ်က ရုပ်ရှင် အမှတ်တရတွေအကြောင်း ပြောပြတဲ့ ထွန်းထွန်းဝင်း
မြေးဖြစ်သူကို ပညာရေး အဓိက လုပ်စေချင်တဲ့ ဒေါ်နွဲ့နွဲ့စမ်း
The post အနုပညာသက် ၆၀ ကျော်ပေမယ့် အကယ်ဒမီ မရသေးတဲ့ ဒေါ်စန်းစန်းဝင်း appeared first on ဧရာဝတီ.