ဇာတ်ပို့သရုပ်ဆောင် မလုံးတင်က အသက်ကြီးလာပြီဖြစ်တဲ့အတွက် သရုပ်ဆောင်အပြင် တခြားအလုပ်လုပ်ဖို့ မစဉ်းစားတော့ဘူးလို့ ပြောပါတယ်။
“ကျမကတော့ ကိုဗစ်ဖြစ်လို့ အခက်အခဲ ဖြစ်တယ်ဆိုတာမျိုး သိပ်ပြောစရာ မရှိဘူး။ နဂိုကလည်း ဒီတိုင်းပဲ။ ကလေးတွေကလည်း ပုံမှန် လစာတွေ ရှိတယ်။ လစာနည်းတာကတော့ သူ့ကံနဲ့ သူပေါ့။ လုံးဝဝင်ငွေ မရှိဘူးဆိုတာမျိုးတော့ မရှိဘူး။ လကုန်ရင် ပုံမှန်လေး လစာ ရတယ်။ လစာထဲကနေ တလစာ အဆင်ပြေအောင် စားတယ် သုံးတယ်။ အပိုအလျှံတော့ မရှိဘူးပေါ့။ ကျမတို့ ပုံမှန်ဝင်ငွေ ရှိတယ်”
“၁ သိန်းရရင် ၁ သိန်းနဲ့ တန်အောင် စားတယ်။ တချို့က ဘယ်လိုမှ ရှာလို့ မရတဲ့အခါ တော်တော်အခက်အခဲတွေ ဖြစ်ကြပါတယ်။ ကျမ ဘာစီးပွားရေးမှ မလုပ်ဘူး။ အိမ်ကလူတွေကလည်း အလုပ်နဲ့ဆိုတော့ ကျမကို မကူညီနိုင်ဘူး။ အလုပ်သမား ခေါ်ရင်လည်း အနည်းဆုံး ၁ သိန်း ရှိတယ်။ အဲ့တော့ ကျမလည်း အသက်ကြီးလာတော့ လုပ်ဖို့ မစဉ်းစားတော့ဘူး”လို့ မလုံးတင်က ပြောပါတယ်။
အခုလို COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ ခက်ခဲတဲ့ ဇာတ်ပို့၊ ဇာတ်ရံများကို ရုပ်ရှင်အစည်းအရုံးနဲ့ တတ်နိုင်သူများက လှူပေးနေတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
“ကျမတို့ကို ရုပ်ရှင်အစည်းအရုံးက အခုလို ဆန်တွေ၊ ဆီတွေ လှူတော့ တော်တော် အဆင်ပြေတာပါ။ အတိုင်းထက် အလွန်ဝမ်းသာမိပါတယ်။ ကိုယ့်အနုပညာသမားတွေကို ပံ့ပိုးကူညီပေးနေတဲ့သူတွေကို ကျေးဇူးလည်းတင်တယ်။ ဆုလည်း တောင်းပေးပါတယ်။ သူတို့တွေ စီးပွားရေးအဆင်ပြေမှ မကြာမကြာ ကူညီပေးနိုင်မှာလေ။ ကိုယ်တွေမှာက လုပ်ရတဲ့ အလုပ်အကိုင်တွေက အဆင်မပြေတဲ့အခါကျတော့ ဇာတ်ပို့၊ ဇာတ်ရံတွေကို ဒီလိုလှူပေးကြလို့ အရမ်းဝမ်းသာရပါတယ် ”လို့ မလုံးတင်က ပြောပါတယ်။
ကိုဗစ်ကာလမှာ အနုပညာရှင်အချို့ ဈေးရောင်းကြတဲ့အပေါ်ကိုလည်း မလုံးတင်က သူ့အမြင်ကို အခုလိုပဲ ပြောပါတယ်။
“အနုပညာရှင်တွေက အပြင်အလုပ်တွေလည်း မလုပ်တတ်ကြတဲ့အခါ ကိုယ်တတ်စွမ်းသလောက်လေးနဲ့ စီးပွားရှာနေကြတာပေါ့။ အနုပညာသမားတွေက မိသားစု စီးပွားရေးဆိုတာ မရှိတော့ ဝင်ငွေဆိုတာလုံးဝမရှိဘူး။ အဲ့လို မရှိတော့ ခက်ခဲတာပေါ့။ ဒီချိန်ကာလမှာ ကားရိုက်ဆိုတာ စဉ်းစားလို့ မရဘူးလေ။ သူတို့လည်း သူတို့ တတ်ကျွမ်းတာလေးနဲ့ မိသားစု စားဝတ်နေရေး ပြေလည်အောင် အလုပ်လေး ရှိတယ်ဆိုတာကို လုပ်ကြတာပါ ”လို့ မလုံးတင်က ဆိုပါတယ်။
သရုပ်ဆောင် မလုံးတင်ကတော့ ယခင်ကတည်းက ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ဇာတ်ပို့၊ ဇာတ်ရံ တဦး အနေနဲ့ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
You may also like these stories:
“ဗီဒီယိုဈေးကွက် ပျက်လို့ ဇာတ်ပို့၊ ဇာတ်ရံတွေ ဒုက္ခရောက်နေကြတယ်”
ဇာတ်ပို့၊ ဇာတ်ရံတွေ ရတဲ့ငွေက နည်းပါးတာကြောင့် ငွေစုဖို့ မလွယ်ကြောင်း ခင်လှိုင် ပြော
The post “အသက်ကြီးလာလို့ တခြားအလုပ်လုပ်ဖို့ မစဉ်းစားတော့ဘူး”လို့ မလုံးတင် ပြော appeared first on ဧရာဝတီ.