မြန်မာသံစဉ် သီချင်းများနဲ့ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ တွံတေးစိုးအောင်က အနုပညာ ဝါသနာပါတဲ့ သားဖြစ်သူကိုလည်း တေးစီးရီးခွေ ထုတ်ပေးဖို့ ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ကျနော့်မှာ သားလေးတယောက် ရှိတယ်။ သူက ၁၉ နှစ်ပါ။ အိမ်နာမည်ကတော့ သီဟစိုးအောင်၊ အနုပညာ ဝါသနာပါတော့ သီဟစိုးအောင် နာမည်နဲ့ လိုင်းပေါ် သီချင်းလေးတွေ တင်ပေးတယ်။ တေးစီးရီးကိုတော့ မိုးမြင့်သူ နာမည်နဲ့ သီတင်းကျွတ်မှာ ထွက်ဖို့ လုပ်ပေးနေတယ်။ သားကိုလည်း မြန်မာသံလေးတွေ လေ့ကျင့်မှု တော်တော်များများ လုပ်ပေးတယ်”
“သူက မြန်မာသံဆိုတာ ဝါသနာပါတော့ အသံကို ရဲရဲဝံ့ဝံ့ ဆိုဖို့နဲ့ မကြောက်ဖို့ သင်ပေးရပါတယ်။ သားက လူငယ်ဆိုတော့ မြန်မာသံကိုပဲ နည်းနည်း မြူးကြွတဲ့အပိုင်း လုပ်ပေးထားပါတယ်။ သားအခွေအတွက် တခွေလုံး ရေးပေးဖြစ်တယ်။ ကျနော့်ကို အရင်ကတည်းက ပရိသတ်တွေက အားပေးကြတယ်။ ကျနော့်ရဲ့ သားလေး မိုးမြင့်သူကိုလည်း ဆက်လက် အားပေးပေးပါ”လို့ တွံတေးစိုးအောင်က ပြောပါတယ်။

ခေတ်တွေ ပြောင်းလဲလာတာကြောင့် မြန်မာသံစဉ်သီချင်း သီဆိုတဲ့သူတွေအပေါ်လည်း တွံတေးစိုးအောင်က အခုလို ဆိုပါတယ်။
“အခုက ခေတ်ပေါ်တွေကလည်း အများကြီးပဲ။ ကျနော်တို့ ကိုယ်တိုင်လည်း ခေတ်ပေါ်ကြိုက်ပါတယ်။ မြန်မာသံကို ဆိုတဲ့သူတွေလည်း တော်တော်လေး များကြပါတယ်။ တချို့က အသံတွေ အရမ်းကောင်းကြတယ်။ တချို့ကျလည်း ကီးမြင့်တာကို အော်ဆိုဖို့ ကြောက်တဲ့ သဘောလေးတွေ ရှိတယ်”
“လူငယ်တွေ မြန်မာသံဆိုရင် ရဲရဲဝံ့ဝံ့ ဆိုစေချင်တယ်။ ခေတ်တွေ ပြောင်းလာတော့ မြန်မာသံတွေက နည်းလာတယ်။ လူငယ်တွေဆိုတော့ အမြူးအကြွတွေပဲ ကြိုက်ကြတာပေါ့။ အဲ့ဘက်ကို ဆိုတဲ့သူ တော်တော် များတယ်။ လူငယ်တွေ မြန်မာသံစဉ် သီချင်းတွေလည်း ဆိုစေချင်တယ်”လို့ တွံတေးစိုးအောင်က ပြောပါတယ်။

သီတင်းကျွတ်မှာ သီချင်းခွေထွက်ဖို့ ရှိတယ်ဆိုတဲ့ တွံတေးစိုးအောင်က COVID -19 ကာလ ဖြစ်တဲ့အတွက် အခွေထွက်ဖို့ စိုးရိမ်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။
“ကူးခွေတွေ ပေါ်လာတော့ ခွေတွေက မရောင်းရတော့ဘူး။ ဒီလုပ်ငန်းက အဆင်မပြေတော့ဘူး။ ကျနော်ကလည်း ခွေက ၁၀၀ ကျော်၊ သီချင်းတွေက များတော့ ခဏနားလိုက်တာပေါ့။ စီးရီးတခွေ လုပ်သေးတယ်။ အဲ့ဒါ လုပ်ပြီး နားလိုက်တာ။ ပွဲတွေမှာ ပရိသတ်တွေက တွေ့ရင် သီချင်းသစ်တွေ ထွက်စေချင်ကြတယ်”
“အခုတလောမှာတော့ အသည်းကွဲဒဏ်ရာဆိုပြီး သီတင်းကျွတ်မှာ ထွက်ဖို့ ပြင်ဆင်နေပါတယ်။ အခွေထွက်ဖို့က အခု ကိုဗစ်လည်း ဖြစ်နေတယ်။ ဒါပေမဲ့ စိုးရိမ်မှုကတော့ မရှိပါဘူး။ အခွေထွက်လည်း အခုခေတ်က အွန်လိုင်းပေါ်မှာပဲ သီချင်း နားထောင်ကြတာဆိုတော့ အခွေကိုတော့ ပွဲမှာ ပရိသတ်တွေလက်ဆောင်ပေးတာလောက်ပဲ ရှိပါတယ်”လို့ တွံတေးစိုးအောင်က ပြောပါတယ်။
အဆိုတော် တွံတေးစိုးအောင်ကတော့ ဂီတသက်တမ်း ၂၅ နှစ်ရှိပြီဖြစ်ပြီး တေးစီးရီးပေါင်း ၁၁၀ ကျော် ထွက်ရှိထားတဲ့ မြန်မာသံ အဆိုတော်တဦး ဖြစ်ပါတယ်။
The post သားဖြစ်သူကို သီချင်းခွေသစ် ထုတ်ပေးမယ့် တွံတေးစိုးအောင် appeared first on ဧရာဝတီ.