အနုပညာတွေ မလုပ်ရချိန်မှာ ဖိနပ်ရောင်းချနေတဲ့ ဟာသ သရုပ်ဆောင် စည်သူ(ပလပ်ကျွတ်) က ဖိနပ်တွေ ရောင်းချရတဲ့ ငွေကြေးနဲ့ အိမ်လစာ ၃ လစာ ပေးနိုင်ခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ကြိုးစားအားထုတ်မှုက တပိုင်းပေါ့။ ကျနော့်ကို ချစ်လို့ ခင်လို့ အားပေးတာရော၊ အနုပညာညီအစ်ကို မောင်နှမတွေက ချစ်လို့ ခင်လို့ အားပေးကြတာရော၊ တင်ပေးတဲ့ မီဒီယာတွေရောကြောင့် ကျနော့်ဖိနပ်တွေ အရမ်းရောင်းရတာပါ။ ဖိနပ်တွေ ရောင်းရပြီး အိမ်လခ ၆ လစာမှာ ၃ လစာ ပေးနိုင်တယ်။ ၃ လစာလည်း ချန်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်”
“ကျနော့်ကို အခုလို သရုပ်ဆောင်ဘက်မှာရော၊ အခုစီးပွားရေး လုပ်တဲ့ဘက်မှာရော အားပေးနေကြတာကြောင့်သာ အဆင်ပြေတာ။ မဟုတ်ရင် လမ်းဘေး ရောက်နေပြီ။ အဲ့အတွက် အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ဂုဏ်လည်း ယူပါတယ်။ ဝမ်းသာပါတယ်”လို့ စည်သူ(ပလပ်ကျွတ်)က ပြောပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့လည်း တတ်နိုင်တဲ့သူများက လှူပေးနေတဲ့အပေါ် အတိုင်းထက်အလွန် ဝမ်းသာမိတယ်လို့ ဆိုပါတယ်။
“ရုပ်ရှင်အစည်းအရုံးက ဆန်တွေ၊ ဆီတွေ လှူတော့ တော်တော် အဆင်ပြေတာပါ။ အတိုင်းထက်အလွန် ဝမ်းသာမိပါတယ်။ ကိုယ့်အနုပညာသမားတွေကို ပံ့ပိုးကူညီပေးနေတဲ့သူတွေကို ကျေးဇူးလည်း တင်တယ်။ အစည်းအရုံးက လူကြီးတွေကိုလည်း ကျနော်က ဝိဇ္ဇာကျော် ဆေးနဲ့ ဖိနပ် ၅ ရံ ကန်တော့ပါတယ်”
“ကျနော့်ကို ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ ကျနော်က မေတ္တာပဲ ပို့ပါတယ်။ ကျန်းမာချမ်းသာပါစေ၊ တယောက်ချင်းစီတိုင်း စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာနဲ့ ဘဝကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ကျနော့်ကို အရင်လို သိပ်မဆဲကြတော့ဘူး။ အားပေးတဲ့သူတွေ များလာပါပြီ”လို့ စည်သူ(ပလပ်ကျွတ်)ကပြောပါတယ်။
စည်သူ (ပလပ်ကျွတ်) ကတော့ ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး စူပါဟီးရိုး ဝတ်စုံတွေ ဝတ်ဆင်လေ့ရှိတာကြောင့် လူသိများသူ တဦးပါ။ စည်သူ (ပလပ်ကျွတ်) ကတော့ “ကိုပေါ” ရုပ်ရှင် ဇာတ်ကားထဲမှာလည်း အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။
You may also like these stories:
အနုပညာသမားတိုင်း ပေါ်ပြူလာဖြစ်ချင်ပါတယ်ဆိုတဲ့ စည်သူ(ပလပ်ကျွတ်)
The post ဖိနပ်ရောင်းရတဲ့ ငွေနဲ့ အိမ်လခ ပေးနိုင်ခဲ့တဲ့ စည်သူ (ပလပ်ကျွတ်) appeared first on ဧရာဝတီ.