အဆိုတော်မေခလာက Maykhalar Skin Care တံဆိပ်နဲ့ အလှကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချမယ့်အကြောင်း မိတ်ဆက်ပွဲအခမ်းအနားကို ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုတော်မေခလာ အမည်နဲ့ ရောင်းချပေးမယ့် Maykhalar Skin Care ကို ဂျပန်နိုင်ငံမှ အရည်အသွေးမြင့် အလှကုန်ပစ္စည်းများနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့က စတင်ပြီး မြန်မာတနိုင်ငံလုံးကို ဖြန့်ချိပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
ဂျပန်နိုင်ငံမှအလှကုန်ပစ္စည်းတမျိုးဖြစ်တဲ့ Noevir အလှကုန် Skin Care များကို Maykhalar Skin Care အလှကုန်အမည်ဖြင့် မြန်မာနိုင်ငံမှာ ပြန်လည် ရောင်းချသွားမှာလို့ သိရပါတယ်။
မေခလာအလှကုန်ပစ္စည်းနဲ့ပတ်သက်လို့ အဆိုတော်မေခလာက “လွန်ခဲ့သော တနှစ်လောက်က ဂျပန် အလှကုန်ကုမ္ပဏီ Noevir က ကျမကို ဂျပန်ကို ဖိတ်ခေါ်ပါတယ်။ သူတို့ အလှကုန်ပစ္စည်းကို မိတ်ဆက်ပေးတယ်၊ ကျမကိုယ်တိုင်လည်း သေချာအသေးစိတ်လေ့လာပါတယ်။
ကျမကိုယ်တိုင်သုံးစွဲလာတာလည်း တနှစ်ကျော်လာပါပြီ။ ဒီ အလှကုန်ပစ္စည်းကို ကျမသာမက ကျမခင်ပွန်း ကိုရန်ကျော်ပါ သုံးစွဲလာခဲ့တာပါ။ သူကလည်း အမျိုးသားပေမယ့် ဒီ ပစ္စည်းကို အရမ်းကိုကြိုက်ပါတယ်။ ဒီ အလှကုန်ဟာ တကယ့်ကို သစ်ဥ သစ်ဖုနဲ့ ပြုလုပ်ထားတဲ့ သဘာ၀ ဖြစ်ပါတယ်။ ကျမနဲ့ ကိုရန်ကျော် သုံးစွဲလာခဲ့တာ အချိန်တနှစ်ကျော်ပါပြီ။ ဒါကြောင့် ယုံကြည်စိတ်ချစွာ သုံးစွဲစေချင်ပါတယ်” လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ဒီက မြန်မာပြည်သူပြည်သားတွေကို ကျမနာမည်နဲ့ ရောင်းချပေးတဲ့အခါ အရမ်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အနုပညာမှာလည်း ကျမနာမည်နဲ့ ပရိသတ်တွေက အများကြီးရှိတဲ့အတွက် အမှားအယွင်းခံလို့ မရပါဘူး။ ဒါကြောင့် ကျမ အထပ်ထပ်အခါခါ စစ်ဆေးစမ်းသပ်ပြီးမှ ရောင်းချခဲ့တာပါ။ ယုံကြည်စိတ်ချစွာ သုံးစွဲပါ။ ကျမ လုံးဝကို တာဝန်ယူတယ်” လို့ မေခလာအမည်နဲ့ ရောင်းချဖြစ်တဲ့အပိုင်းနဲ့ပတ်သတ်ပြီး အဆိုတော် မေခလာက ပြောဆိုပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့က စတင်ပြီး Cleansing Foam ၊ Skin Toner နဲ့ Sun Block Cream သုံးမျိုးကို စတင် ထုတ်လုပ်ဖြန့်ချိသွားမှာဖြစ်ပြီး ဈေးနှုန်းအားဖြင့် သုံးမျိုးပေါင်းကို မြန်မာကျပ်ငွေ ရှစ်သောင်းကျော်ဖြင့် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
The post အဆိုတော်မေခလာ အမှတ်တံဆိပ် အလှကုန်ပစ္စည်းရောင်းချတော့မည် appeared first on ဧရာဝတီ.