မကြာသေးခင်ကာလက 2NE1 အဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်တဲ့ မင်ဇီဟာ အဖွဲ့မှ တရားဝင်ထွက်ခွာသွားပြီးနောက် ကျန်အဖွဲ့ဝင် ၃ ဦးဖြစ်တဲ့ စီအယ်လ် (CL)၊ စန်ဒါရာ ဘတ်၊ ပတ်ဘွန်းတို့ဟာ သီချင်းအသစ်ဖြစ်တဲ့ “Good Bye” သီချင်းကို ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ဖြန့်ချိမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
မင်ဇီဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ထွက်ခွာသွားပြီဆိုတာကို တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး မကြာခင်မှာပဲ သီချင်းအသစ်တပုဒ်ကို ကျန်အဖွဲ့ဝင်များက သီဆိုခဲ့ကြခြင်းဖြစ်ပါတယ်။ သီချင်းအမည်ကလည်း “Good Bye” ဖြစ်နေတာကြောင့် အဖွဲ့မှ ထွက်ခွာသွားတဲ့ မင်ဇီအတွက် ရေးစပ်သီဆိုထားလားဆိုတာ ဝေခွဲမရနိုင်အောင် ဖြစ်ခဲ့ပါတယ်။

သီချင်းခေါင်းစဉ်နဲ့ ပတ်သက်လို့ 2NE1 အဖွဲ့မှ ပြောကြားခဲ့ရာမှာတော့ “ကျမတို့အားလုံးဟာ တနေ့မှာတော့ ခွဲခွာကြရမှာပဲ ဒီလိုခွဲခွာကြရတဲ့အခါမှာ Good Bye လို့ ပြောနိုင်အောင် ကြိုတင်ပြင်ဆင်ထားကြရပါမယ်။ ပြောနိုင်အောင်လည်း လေ့ကျင့်နေကြရမှာ။ ဒါကြောင့် သီချင်းနာမည်ကို Good Bye လို့ ပေးဖြစ်သွားတာပါ” လို့ ဆိုခဲ့ပါတယ်။
ဆက်လက်ပြီး 2NE1 အဖွဲ့မှ “ကမ္ဘာတဝန်းမှာရှိတဲ့ ကျမတို့ကို ချစ်ခင်အားပေးကြတဲ့ပရိသတ်များကို ကျမတို့အဖွဲ့က အများကြီးချစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ကျမတို့က Good Bye ဆိုတဲ့ စကားနဲ့ပဲ ခွဲခွာကြရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
Good Bye သီချင်းအတွက် Music Video ကို နိုင်ငံခြားတိုင်းပြည်တချို့မှာ သွားရောက်ရိုက်ကူးထားတယ်လို့သိရပြီး ဇန်နဝါရီလ ၃ ရက်နေ့က 2NE1 အဖွဲ့သားတွေ ပြန်လည်ရောက်ရှိလာကြတယ်လို့ သတင်းများက ဆိုပါတယ်။
2NE1 အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မေလကတည်းက အနုပညာအေဂျင်စီဖြစ်တဲ့ YG Entertainment နဲ့ အနုပညာ ပူးပေါင်းလုပ်ဆောင်မှု စာချုပ်ပြည့်သွားခဲ့တာပါ။ ကျန်အဖွဲ့ဝင်များကတော့ YG နဲ့ ထပ်မံပြီး အနုပညာလှုပ်ရှားမှုအတွက် စာချုပ်ချုပ်ခဲ့သော်လည်း မင်ဇီကတော့ စာချုပ်ချုပ်ဆိုခြင်းမရှိခဲ့ပါဘူး။ သို့သော်လည်း မင်ဇီ တယောက် 2NE1 အဖွဲ့မှ ထွက်ခွာကြောင်းကိုတော့ နိုဝင်ဘာလကမှ တရားဝင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
2NE1 အဖွဲ့ကို ၂၀၀၄ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ အနုပညာနဲ့ ပတ်သက်လို့ YG Enternainment မှ တာဝန်ယူပြီး လေ့ကျင့်ပေးခဲ့ပါတယ်။ ၂၀၀၉-၂၀၁၀ ခုနှစ်ရောက်မှ 2NE1 အဖွဲ့ရဲ့ Mini Album ကို စတင်ဖြန့်ချိခဲ့ပြီး Fire သီချင်းဟာ လူသိများတဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
အနုပညာအေဂျင်စီတူတဲ့ Big Bang အဖွဲ့မှ 2NE1 အဖွဲ့ကို အထူးမိတ်ဆက်ပေးမှုများနဲ့အတူ 2NE1 အဖွဲ့ဟာ ကိုရီးယားပေါ့ပ်လောကမှ အောင်မြင်တဲ့အဖွဲ့ဖြစ်လာခဲ့ပါတယ်။
သူတို့အဖွဲ့ဟာ Solo Album အဖြစ် To Anyone (2010)၊ Crush (2014) စတဲ့ အယ်လ်ဘမ်များကို ထုတ်ဝေခဲ့ပြီး ဂျပန်ဘာသာဖြင့်လည်း တေးအယ်လ်ဘမ်များလည်းထုတ်ဝေထားပါသေးတယ်။
Ref : https://www.soompi.com
The post အဖွဲ့ဝင်တဦးထွက်သွားပြီးနောက် Good Bye သီချင်း ဖြန့်ချိမယ့် 2NE1 appeared first on ဧရာဝတီ.