မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ၂၀၁၆ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးအပ်ချီးမြှင့်ပွဲမှာ ပါဝင်ကြမယ့် အကယ်ဒမီရွှေကြိုများကို ယနေ့(ဇန်နဝါရီ၁၆) ရက်မှ စတင်ပြီး လျှောက်ထားနိုင်တဲ့အကြောင်း ထုတ်ပြန် ကြေညာထားပါတယ်။
လျှောက်ထားသူများအနေနဲ့ အမျိုးသား၊အမျိုးသမီး အိမ်ထောင်ရှိသူမဖြစ်စေရ၊ အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်း ဖြစ်ရမည်၊ အရပ်အမြင့်မှာ အမျိုးသား အရပ် ၅ ပေ ၆ လက်မ မှ ၆ ပေကြား၊ အမျိုးသမီး အရပ်အမြင့်မှာ ၅ ပေ ၃ လက်မ မှ၊ ၅ ပေ ၈ လက်မ ကြားရှိရမည်၊ ကျန်းမာရေးကောင်းမွန်ပြီး အကျင့်စာရိတ္တကောင်းမွန်ခြင်းနဲ့ ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်သူ ဖြစ်ရမည် ဆိုပြီး စည်းကမ်းချက်များ ထုတ်ပြန်ထားပါတယ်။
လျှောက်လွှာများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှတ်၁၆၊ ဝင်္ကဘာလမ်းမှာ ဒီနေ့က စတင်ထုတ်ယူ လျှောက်ထားနိုင်ပြီး လျှောက်လွှာပိတ်ရက်တော့ ဇန်နဝါရီလ ၃၁ ရက်လို့ သတ်မှတ်ထားပါတယ်။ လျှောက်ထားသူများအနေနဲ့ ရုပ်ရှင်အစည်းအရုံးမှာ လူကိုယ်တိုင်လာရောက်လျှောက်ထားရမှာ ဖြစ်ပါတယ်။
ပဏာမလူတွေ့စစ်ဆေးခံရသူများကို ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲကိုတော့ မတ်လ (၁၈) ရက်နေ့တွင် ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
အကယ်ဒမီရွှေကြိုဆိုတာဟာ ယခင် အကယ်ဒမီဗန်းကိုင်လို့ အများသိကြပြီး အကယ်ဒမီရုပ်တုကို သယ်ဆောင် ပေးရသူများဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်အတွက်ပေးအပ်တဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှ စတင်ပြီး အကယ်ဒမီရွှေကြိုလို့ ပြောင်းလဲခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။
The post ၂၀၁၆ အကယ်ဒမီပွဲအတွက် ရွှေကြို မောင်မယ်များ စတင်လျှောက်ထားနိုင်ပြီ appeared first on ဧရာဝတီ.