ဖေ့စ်ဘုတ် စာမျက်နှာတခုရဲ့ Admin တဦးအဖြစ် စွပ်စွဲကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုံရွှေရည်က တရားစွဲဆိုခဲ့တဲ့ ဂေးအလှမယ် မျိုးကိုကိုစန်းကို ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ရန်ကင်းရဲစခန်းက ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
စွပ်စွဲမှုနဲ့ ပတ်သက်ပြီး ကင်းရှင်းကြောင်း CID က အတည်ပြုချက်ရတဲ့အတွက် ပြန်လွှတ်ပေးလိုက်ကြောင်း မျိုးကိုကိုစန်းက သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Miss International Queen Myanmar 2014 ဂေးအလှမယ် မျိုးကိုကိုစန်းကို ဇန်နဝါရီလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကအပြန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အရပ်ဝတ် လူ ၄ ဦးက စစ်ဆေး မေးမြန်းစရာရှိသည်ဟု ဆိုကာ ရန်ကင်းမြို့နယ် ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပါတယ်။
“ညီမ အခုတလော အစစအရာရာ နေရထိုင်ရတာ အကုန်အဆင်ပြေပါတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်။ ညီမကို အားလုံးက ဝိုင်းပြီး စိတ်ပူပေးကြတဲ့အတွက် အကုန်လုံးကို တယောက်မကျန် ကျေးဇူးတင်ပါတယ်။ အားလုံးက ပို့သပေးတဲ့ မေတ္တာကြောင့် ညီမ အခုလို ပြန်လွတ်လာတာပါ။ အားလုံးကိုလည်း ညီမ နေ့တိုင်း မေတ္တာပို့ပါတယ်” လို့ မျိုးကိုကိုစန်းက ဧရာဝတီကို ပြောပါတယ်။
ဖြစ်စဉ်အသေးစိတ်နဲ့ ပတ်သက်ပြီး သူက “လောလောဆယ်မှာတော့ ညီမ ဖြေပေးလို့ အဆင်မပြေသေးဘူး။ ဒီ ၁ ရက်၊ ၂ ရက်အတွင်းမှာ အားလုံးကို စာနယ်ဇင်း ရှင်းလင်းပွဲလုပ်ပြီး သေချာပြန်လည်ဖြေရှင်းသွားမှာပါ။ ညီမကို သတိတရနဲ့ စိုးရိမ်စိတ်ပူပေးကြတဲ့ ပရိသတ်တွေ၊ အသိ မိတ်ဆွေတွေ အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ စိတ်မပူကြပါနဲ့၊ ညီမ အဆင်ပြေပါတယ်လို့ ပြောချင်ပါတယ်”လို့ မျိုးကိုကိုစန်းက ဆိုပါတယ်။
The post ဂေးအလှမယ် မျိုးကိုကိုစန်း မကြာမီ စာနယ်ဇင်းရှင်းလင်းပွဲ လုပ်မည် appeared first on ဧရာဝတီ.