အဆိုတော် ရွှေထူးရဲ့ “စိတ်ကူးယဉ်စာအုပ်” လို့ အမည်ရတဲ့ တေးစီးရီး DVD အခွေ စာနယ်ဇင်း မိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းပေါ်က Orchid ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
“စိတ်ကူးယဉ်စာအုပ်” တေးအယ်လ်ဘမ်ကို Bo Bo Entertainment က ဖြန့်ချိပေးသွားမှာဖြစ်ပြီး ရွှေထူးနဲ့အတူ အဆိုတော် ဝေလ၊ နီနီခင်ဇော်၊ ထက်ယံ၊ Oasis၊ Y-Zet နဲ့ 3 Creator တို့မှ Featuring အဖြစ် ပါဝင်သီဆိုပေးထားပါတယ်။
Clik here to view.

“စိတ်ကူးယဉ်စာအုပ်” တေးစီးရီး DVD မှာ ရိုက်ကူးထားကြတဲ့ ဒါရိုက်တာများအနေနဲ့ Green Box၊ မေဘရဏီ၊ AK Illumination (ART Entertainment)၊ Young Creators၊ စည်သူ (ချိုကြီး) နဲ့ Thiha Dyno တို့က ရိုက်ကူးပေးထား တယ်လို့ သိရပါတယ်။ သရုပ်ဆောင်များအနေနဲ့ ရွှေထူး အပါအဝင် မေမြင့်မိုရ်၊ မိုးစက်ဝိုင်၊ ဂျူးဂျူးသစ္စာ၊ သံစဉ်သစ္စာ၊ ထက်အိမ့်၊ ခင်သော်တာစံ၊ မေရတီဇော်၊ နှင်းနဒီချိုတို့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
“ဒီ အခွေလေးထဲမှာ ကျနော့်သီချင်း Music Video တွေကို ရိုက်ကူးထားတဲ့ ပုံစံလေးတွေက အချစ် သီချင်း Mood လေးတွေ ပါသလို Documentary အထာလေးတွေပါတယ်။ ဇာတ်လမ်းပုံစံ Story Mood လေးတွေလည်း ပါပါတယ်။ ကိုယ့်သီချင်းကို ကိုယ် သရုပ်ဆောင်ရတဲ့အတွက် ဘယ်လို စိတ်ခံစားချက်ရှိလဲဆိုတော့ ပျော်ပါတယ်။ ကိုယ်တိုင် သရုပ်ဆောင်ရတဲ့အခါ ပိုပြီးလည်း အားရပါတယ်။ ပိုပြီး ကျေနပ်ပါတယ်” လို့ အဆိုတော် ရွှေထူးက ဧရာဝတီကို ပြောပါတယ်။
ရွှေထူးကို သရုပ်ဆောင်လိုင်းဘက် ပြောင်းဖို့ အစီအစဉ်ရှိလားဆိုတာကိုတော့ “သရုပ်ဆောင်ဘက် ပြောင်းဖို့ အစီအစဉ်မရှိပါဘူး။ ကျနော် သီချင်းပဲ ဆိုမှာပါ။ သရုပ်ဆောင်ခြင်းအပေါ် ခံယူချက်ကတော့ ကျနော် အစတုန်းကတော့ ကိုယ်မလုပ်နိုင်တဲ့ အရာတခုကို ကြည့်တဲ့အပေါ်မှာ ပြောချင်တာတွေရှိတယ်။ ဒါပေမယ့် ကိုယ်တကယ် လုပ်ကြည့်လိုက်တဲ့ အချိန်မှာ ဒီအလုပ်က အရမ်းခက်ခဲတယ်ဆိုတာ ကျနော်သိထားပါတယ်။ ဘယ်အရာမှ လွယ်ကူတဲ့ အလုပ်ဆိုတာ မရှိပါဘူး” လို့ သူကဆိုပါတယ်။
Clik here to view.

ဒီအခွေထဲမှာ ရွှေထူးက ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ သီချင်းတွေထဲကမှ “လူဆိုး” သီချင်းနဲ့ “စိတ္တဇဆေးရုံ” ဆိုတဲ့ သီချင်းကို အားရတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံး သီချင်းဖြစ်တဲ့ “တံခါးဖွင့်ထားပါတယ်” သီချင်းကိုတော့ ရွှေထူးက Documentary ပုံစံမျိုး ရိုက်ကူးထားတယ်လို့ သိရပါတယ်။
ရွှေထူးရဲ့ “စိတ်ကူးယဉ်စာအုပ်” DVD အခွေ ပရိုမိုးရှင်း အစီအစဉ်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ Junction Square Outdoor Area မှာ ညနေ ၃ နာရီကနေ ည ၇ နာရီအထိ ရွှေထူးနဲ့အတူ အနုပညာမောင်နှမများမှ လက်မှတ်ထိုး ရောင်းချ ဖျော်ဖြေသွားမှာဖြစ်ပြီး ၁၉ ရက်နေ့မှာတော့ မန္တလေးမြို့၊ Mingalar Mandalay မှာ ညနေ ၃ နာရီကနေ ၇ နာရီအထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ရွှေထူးရဲ့”စိတ်ကူးယဉ်စာအုပ်” တေးစီးရီးဟာ လူငယ်ပရိသတ်တွေအကြား ရေပန်းစား အောင်မြင်ခဲ့ပါတယ်။
The post အဆိုတော် ရွှေထူးရဲ့ “စိတ်ကူးယဉ်စာအုပ်” DVD မိတ်ဆက် appeared first on ဧရာဝတီ.