အချစ်ဆိုတာကမ္ဘာပေါ်မှာ လူသားတွေအတွက် မင်္ဂလာအရှိဆုံးအရာပါပဲ။ အချစ် မရှိရင် ဘ၀ မရှိဘူးဆိုတဲ့ စကားရှိသလို ချစ်ခြင်းအမျိုးမျိုးရှိနေပါတယ်။ သားသမီးချစ်၊ မိဘချစ်၊ လင်မယားချစ်၊ မောင်နှမချစ်၊ ဆရာတပည့်ချစ် စသဖြင့် အမျိုးမျိုးကွဲပြားနေပါတယ်။ အခုတပတ်မှာတော့ ချစ်သူများနေ့ ကျင်းပတဲ့ ကိုရီးယားအပါအဝင် အာရှနိုင်ငံတချို့ အကြောင်းတင်ပြပေးမှာပါ။ ချစ်သူများနေ့ ကျင်းပပုံ၊ သမိုင်းနောက်ခံနဲ့ အနှစ်သာရ ယူကြပုံချင်းမတူကြပေမယ့် တူညီတဲ့ အချက်က ချစ်ခြင်းတရားကိုပုံဖော်ကြတာပါပဲ။
တောင်ကိုရီးယား
တောင်ကိုရီးယားမှာတော့ အမျိုးသမီးတွေကအမျိုးသားတွေကိုဖေဖော်ဝါရီ ၁၄ ရက်နေ့မှာချောကလက်တွေပေးကြပြီး၊ အမျိုးသမီးများကိုအမျိုးသားများကချောကလက်မပါတဲ့ ချိုချဉ်တွေမတ်လ ၁၄ (အဖြူရောင်နေ့ “White Day”) မှာပြန်လည် ပေးကြပါတယ်။ ဧပြီလ ၁၄ ရက် (အနက်ရောင်နေ့ “Black Day”) မှာတော့ ဖေဖော်ဝါရီနဲ့ မတ်လ ၁၄ ရက်တို့တုန်းက ဘာလက်ဆောင်မှ မရရှိသောသူများအတွက် တကိုယ်တည်းဖြစ်မှုကို ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ စားသောက်ဆိုင်တွေသွားရောက်ပြီး ပဲခေါက်ဆွဲကို သွားရောက်စားသောက်ကြပါတယ်။
ကိုရီးယားလူမျိုးတွေရဲ့ ချစ်သူများနေ့က နိုဝင်ဘာ ၁၁ ရက်နေ့ဖြစ်ပြီး “ပီပီရိုနေ့ (Pepero Day)” လို့လည်းခေါ်ပါတယ်။ အဲဒီနေ့မှာ လူငယ်စုံတွဲတွေက အချင်းချင်းပီပီရိုကွတ်ကီးတွေ လက်ဆောင်ပေးကြပါတယ်။ နောက်ပြီး ’11/11′ ဆိုတဲ့ ၁၁ လပိုင်း ၁၁ ရက် ရက်စွဲက ရှည်ရှည်လျားလျားကွက်ကီးမုန့်နဲ့ ပုံသဏ္ဌာန်နဲ့ တူတယ်လို့လည်းယူဆကြပါသတဲ့။
ထူးခြားတာက ကိုရီးယားမှာတော့ လ,တိုင်းလ,တိုင်းရဲ့ ၁၄ ရက်မြောက် နေ့တွေဟာချစ်ခြင်းနဲ့ ဆက်နွယ်နေတဲ့ နေ့တွေချည်းဖြစ်ပါတယ်။ ဇန်နဝါရီ ၁၄ ဖယောင်းတိုင်နေ့ (Candle Day)၊ ဖေဖော်ဝါရီ ၁၄ ဗယ်လင်န်တိုင်းနေ့ (Valentine’s Day)၊ မတ် ၁၄ အဖြူရောင်နေ့ (White Day)၊ ဧပြီ ၁၄ အနက်ရောင်နေ့ (Black Day)၊ မေ ၁၄ နှင်းဆီနေ့ (Rose Day)၊ ဇွန် ၁၄ အနမ်းနေ့ (Kiss Day)၊ ဇူလိုင် ၁၄ ငွေရောင်နေ့ (Silver Day)၊ သြဂုတ် ၁၄ အစိမ်းရောင်နေ့ (Green Day)၊ စက်တင်ဘာ ၁၄ ဂီတနေ့ (Music Day)၊ အောက်တိုဘာ ၁၄ ဝိုင်နေ့ (Wine Day)၊ နိုဝင်ဘာ ၁၄ ရုပ်ရှင်နေ့ (Movie Day)နဲ့ ဒီဇင်ဘာ ၁၄ ပွေ့ဖက်ခြင်းနေ့ (Hug Day) တို့ ဖြစ်ပါတယ်။
ကိုရီးယားအမျိုးသမီးတွေဟာဂျပန်အမျိုးသမီးတွေထက် ပိုမိုများပြားတဲ့ ချောကလက်တွေပေးကြပါသတဲ့။
တရုတ်
တရုတ်လူမျိုးများက ဗယ်လင်န်တိုင်းနေ့ကို ချစ်သူ့ပွဲတော် (Qixi Festival) လို့ ခေါ်ပါတယ်။ လ ကိုဗဟိုပြုတွက်ချက် တဲ့ ပြက္ခဒိန်ရဲ့ ၇ လမြောက်၊ ၇ ရက်နေ့မှာကျင်းပပါတယ်။ အဲဒီနေ့မှာဒဏ္ဍာရီလာနွားကျောင်းသားလေးနဲ့ ရက်ကန်းသမလေးတို့ဟာအတူတူနေထိုင်ခွင့်ရကြပါသတဲ့။
တရုတ် ယဉ်ကျေးမှုအရချစ်သူများအတွက် စောင့်ထိန်းသောထိုနေ့ကို “ခုနှစ်ထွေည” လို့လည်းခေါ်ပါတယ်။ ဒဏ္ဍာရီအရနွားကျောင်းသားတာရာနဲ့ ရက်ကန်းသမတာရာတို့ဟာပုံမှန်အားဖြင့် နဂါးငွေ့တန်း (ငွေရောင်မြစ်) တခုခြားနားထားပေမယ့် တရုတ် ပြက္ခဒိန် အရ ၇ လပိုင်း ၇ ရက်မြောက်နေ့မှာတွေ့ဆုံခွင့် ရကြတယ်လို့ ဆိုပါတယ်။ တရုတ် ပြက္ခဒိန် အရ ၂၀၁၇ ခုနှစ်အတွက် တရုတ်ချစ်သူများနေ့ကသြဂုတ်လ ၂၈ ရက် ဖြစ်ပါတယ်။
ထိုင်ဝမ်
ထိုင်ဝမ်နိုင်ငံမှာတော့ Qixi Festival၊ ဗယ်လင်န်တိုင်း (ချစ်သူများ) နေ့နဲ့ အဖြူရောင်နေ့ အားလုံးကို ဆင်နွှဲကြပါတယ်။ သို့ပေမယ့် ကျင်းပပုံက ဂျပန်နိုင်ငံနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။
ချစ်သူများနေ့မှာ ယောက်ျားလေးတွေက မိန်းကလေးတွေကို လက်ဆောင်ပေးရပြီးအဖြူရောင်နေ့တွင် မိန်းကလေးတွေကယောက်ျားလေးတွေကိုပြန်လှန် လက်ဆောင် ပေးကြတာပါ။ ။
Ref : wikipedia
The post ကိုရီးယားနဲ့ အာရှနိုင်ငံတွေက ချစ်သူများနေ့အကြောင်း appeared first on ဧရာဝတီ.