Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all 7343 articles
Browse latest View live

ဆိုရှယ်မီဒီယာဆိုတာ အင်တာနက်ရဲ့ အများသုံးသန့်စင်ခန်းလို့ ထင်မြင်ကြောင်း လေဒီဂါဂါဆို

$
0
0

လူတွေကို သတင်းအမှားတွေ အလွယ်တကူဖြန့်ဖြူးဖို့ ခွင့်ပြုထားတဲ့အတွက် Twitter လိုမျိုး ဝက်ဘ်ဆိုက်တွေ ကို အသက် ၃၂ နှစ်အရွယ် ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါက ရှုတ်ချပြောဆိုလိုက်ပါတယ်။

ရုရှားမော်ဒယ် Irina Shayk နဲ့ ချစ်သူဖြစ်နေပြီး အသက် ၂၃ လအရွယ် သမီးလေးပါ ရရှိထားတဲ့ မင်းသား၊ ဒါရိုက်တာ Bradley Cooper နဲ့ ‘A Star Is Born’ ရိုက်ကွင်းမှာ ချစ်ကြိုက်နေပြီဆိုတဲ့ ကောလာဟလတွေကို ပယ်ချလိုက်ပြီး အခုလိုမျိုး သတင်းအမှားတွေ ထွက်ရတာဟာ ဆိုရှယ်မီဒီယာတွေကြောင့်လို့ ပြောဆိုလိုက်တာပါ။

ကောလာဟလတွေ နဲ့ ပတ်သက်လို့ ပြောကြားခဲ့ရမှာတော့ ဂါဂါက “ပထမဆုံးပြောရမယ်ဆိုရင် ဆိုရှယ်မီဒီယာ ဆိုတာ အင်တာနက်ရဲ့ အိမ်သာကြီးပါပဲ။ Pop ယဉ်ကျေးမှုကို ညစ်ပတ်စေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

သူက “လူတွေက အချစ်ကိုမြင်ကြတယ်။ အဲဒီတော့ ဘာဖြစ်လဲ၊ အချစ်ဆိုတာ ကျမတို့ မြင်တွေ့ချင်ခဲ့တဲ့ အရာပဲ။ ဒါဟာ အချစ်သီချင်းတပုဒ်ဖြစ်တယ်။ ‘A Star Is Born’ ရုပ်ရှင်ဖြစ်တယ်။ အချစ်ဇာတ်လမ်းဖြစ်တယ်” လို့ ဆိုပါတယ်။

အဆိုတော်၊ မင်းသမီး ဂါဂါက သူနဲ့ မင်းသား Bradley တို့ဟာ ပြီးခဲ့တဲ့ အော်စကာဆုပေးပွဲမှာ ရုပ်ရှင်ထဲက သူတို့သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေအတိုင်း သရုပ်ဆောင်ဖျော်ဖြေခဲ့တာဟာ အကောင်းဆုံး ဖျော်ဖြေတင်ဆက်သူတွေကိုသာပေးချင်တဲ့ တကယ့်အနုပညာရှင်တွေ ဖြစ်လို့ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ တပတ်တုန်းက ထုတ်လွှင့်ခဲ့တဲ့ ‘Jimmy Kimmel Live’ အစီအစဉ်မှာ အဆိုတော် ဂါဂါက “ဖျော်ဖြေမှု ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကျမတို့နှစ်ယောက်က တချိန်လုံးချိတ်ဆက်နေခဲ့လို့ တကယ့်ကိုပဲ အရေးကြီးခဲ့တာပါ။ အချစ်သီချင်းကို ဆိုတဲ့အခါမှာ လူတွေကိုပါ ခံစားစေချင်ရုံပါပဲ။ ကျမက အနုပညာရှင်တဦး ဖြစ်ပါတယ်။ ကျမတို့ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်” လို့ဆိုပါတယ်။

အသက် ၄၄ နှစ်အရွယ် မင်းသား Bradley ဟာ လက်ရှိချစ်သူ Irina နဲ့ အချစ်ရေးအဆင်မပြေဖြစ်တယ် ဆိုတဲ့ ကောလာဟလတွေကနေတဆင့် အဆိုတော် ဂါဂါနဲ့ချစ်ကြိုက်နေပြီလို့ သတင်းတချို့်က ဖော်ပြခဲ့တဲ့ အတွက် အခုလိုမျိုးမှတ်ချက်ပေးပြောကြားခဲ့တာဖြစ်ပါတယ်။

အတွင်းသတင်းတခုကတော့ “မင်းသား Bradley ဟာ ရိုးသားတဲ့သူဖြစ်တယ်။ ချစ်သူရှိနေတဲ့သူလည်းဖြစ်တယ်။ လူတိုင်းက အတင်းအဖျင်းတွေသယ်ဆောင်ရာ နောက် လိုက်သွားကြတယ်” လို့ ဆိုပါတယ်။

Ref: asiaone

The post ဆိုရှယ်မီဒီယာဆိုတာ အင်တာနက်ရဲ့ အများသုံးသန့်စင်ခန်းလို့ ထင်မြင်ကြောင်း လေဒီဂါဂါဆို appeared first on ဧရာဝတီ.


သားသမီးတွေကို တယောက်တည်းထိန်းကျောင်းခဲ့တဲ့ အနုပညာရှင်များ

$
0
0

မိသားစုတော်တော်များများမှာ အိမ်ထောင်တွေပြိုကွဲသွားခဲ့ရင် မိခင်တွေကသာ သားသမီးတွေကို အုပ်ထိန်းကြတာများပါတယ်။ ဖခင်က စောင့်ရှောင့်တယ်ဆိုတာ တော်တော်ကို ရှားပါတဲ့ ကိစ္စလို့ ဆိုနိုင်ပေမယ့် တာဝန်ယူမှုအပြည့်နဲ့ သားသမီးတွေကို စောင့်ရှောင့်ခဲ့တဲ့ ကမ္ဘာကျော်အနုပညာရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Liam Neeson

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က မင်းသားကြီး Liam Neeson ရဲ့ ဇနီးဖြစ်သူဟာ စကိတ်စီးရင်း မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။ သေဆုံးပြီးချိန်မှာ သားနှစ်ယောက်ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ Liam Neesonဟာ အဲဒီကိစ္စဖြစ်ပျက်ပြီးတဲ့ နောက်ပိုင်းမှာ သားနှစ်ယောက်ကိုသာ ပိုပြီး အချိန်ပေးခဲ့ပါတယ်။ သားတွေ စိတ်ထိခိုက်မှာ စိုးရိမ်တဲ့ အတွက် အိမ်ထောင်လည်း ထပ်ပြီး မပြုခဲ့ဘူးလို့ သိရပါတယ်။

(၂) Nicolas Cage

Nicolas Cage ရဲ့ ပထမဆုံးသားဖြစ်သူ Weston ကို ၁၉၉၀ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် ကလေးကို မွေးပေးခဲ့တဲ့ သူ့ရည်းစားနဲ့ သိပ်မကြာခင်မှာ လမ်းခွဲခဲ့တာကြောင့် သူကိုယ်တိုင်ပဲ စောင့်ရှောက်ခဲ့တာပါ။ သားြဖ်စသူကတော့ အခုအခါမှာ ဂီတပညာရှင်တယောက်အဖြစ် အသက်မွေးနေပြီး ရုပ်ရှင်တွေလည်း စတင်ရိုက်ကူးနေပြီဖြစ်ပါတယ်။

(၃) Colin Farrell

မင်းသား Colin Farrell ကတော့ အသက် ၁၆နှစ်ရှိပြီဖြစ်တဲ့ သား James နဲ့ အသက် ၁၀ နှစ်ရှိပြီ ဖြစ်တဲ့ သား Henry တို့ကို ပြုစုပျိုးထောင်နေပါတယ်။ ကလေးတွေရဲ့ မိခင်တွေနဲ့ သမီးရည်းစား ဆက်ဆံရေးတွေက အဆင်မပြေပေမယ့် ကလေးတွေကိုတော့ သူပဲ ထိန်းကျောင်းဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

(၄) Cristiano Ronaldo

ဘောလုံးသမား Cristiano Ronaldo ကတော့ သားသမီးတွေ အများကြီးရှိပါတယ်။ သားအကြီးဆုံးကို ၂၀၁၀ ခုနှစ်မှာ မွေးခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ အမွှာနှစ်ယောက်ရဲ့ ဖခင်ဖြစ်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ သူဟာ သူရဲ့ သမီးအငယ်ဆုံးကို မွေးပေးခဲ့တဲ့ Georgina Rodríguez နဲ့ လက်ထပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Ref;lifehack

The post သားသမီးတွေကို တယောက်တည်းထိန်းကျောင်းခဲ့တဲ့ အနုပညာရှင်များ appeared first on ဧရာဝတီ.

“အကယ်ဒမီပေးပွဲမှာ ဧည့်သည်လူဦးရေ ၃ ထောင်ခန့် ဖိတ်ကြားနိုင်အောင် ကြိုးစားမယ်”

$
0
0

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကို မတ်လ ၂၃ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ်ရှိ The One Entertainment Park မှာပြုလုပ်သွားမှာဖြစ်ပြီး ဧည့်သည်လူဦးရေ ၃ထောင်ခန့်ဖိတ်ကြားနိုင်အောင် ကြိုးစားသွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။

“မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ယူပြီး လုပ်စဉ်ကတည်းက အကုန်လုံးကို ဖိတ်နိုင်အောင် တာဝန်ယူပြီး လုပ်ခဲ့ကြပါတယ်။ ပြည်သူ့ရင်ပြင်မှာလုပ်ခဲ့တုန်းကလည်း ဧည့်သည် ၂၆၀၀ ၊ မနှစ်တုန်းကလည်း ၃၀၀၀ အထိ ရအောင် ဖိတ်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း ၃၀၀၀ လောက် ဖိတ်နိုင်အောင် ကြိုးစားပါမယ်”

“အဲဒီ ၃၀၀၀ မှာဆိုရင် ကျနော်တို့ လောကသားတွေပဲမဟုတ်ဘဲ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ ကျနော်တို့နဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ ဒီပွဲကြီးကို စပွန်ဆာပေးတဲ့သူတွေကို အချိုးကျခွဲပေးရတာရှိတယ်ဆိုတော့ ကျနော်တို့ ရနိုင်တဲ့ အရေအတွက်ဟာ ၂၆၀၀ ပဲရှိပါတယ်။ လောကသားအားလုံးကို ဖိတ်နိုင်ဖို့ကတော့ လုံးဝမ ဖြစ်နိုင်ပါဘူး။ ၁၀လွှာရှိတယ်ဆိုတော့ ၁လွှာကို ၂၆၀ နှုန်းပဲဖိတ်ကြားဖို့ရှိပါတယ်” လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင် ၄၅၀၀ ရှိတဲ့အနက် သက်ကြီးဝါရင့်အနုပညာရှင်ကြီးများ ၊ ယခင်က အကယ်ဒမီ ထူးချွန်ဆုရရှိခဲ့သော အနုပညာရှင်၊ အတတ်ပညာရှင်များ ၊ နှစ်တနှစ်အတွင်း အကယ်ဒမီ စာရင်းဝင် ဇာတ်ကားထဲတွင် ပါဝင်သော အနုပညာရှင်များကို ဦးစားပေးအနေနဲ့ ဖိတ်ကြားပြီး ကျန်ရှိတဲ့အရေအတွက်ကိုတော့ ဝါစဉ်အလိုက် ဖိတ်ကြားရတာကြောင့် နေရာအခက်အခဲ ရှိတဲ့အတွက် လူတိုင်းကိုဖိတ်ကြားနိုင်ဖို့မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

“ဒီနှစ်မှာဆိုရင် ၈၃ ကား ပါဝင်လာတာကြောင့် ၈၃ကားမှာပါဝင်တဲ့ဇာတ်ပို့ဇာတ်ရံချည်းပဲကို အယောက် ၅၀၀ ကျော် ရှိနေပါတယ်။ မနှစ်တုန်းက ဦးစားပေးဖိတ်ကြားတာကတော့ သက်ကြီးဝါကြီး အနုပညာရှင်ကြီးများ၊ အကယ်ဒမီ ထူးချွန်ဆု ရရှိခဲ့တဲ့ ပုဂ္ဂိုလ်များ ၊ အကယ်ဒမီ စာရင်းဝင် ရုံတင်ခဲ့တဲ့ကားများထဲမှာ ပါဝင်တဲ့အနုပညာရှင်များကို ဖိတ်ကြားပါတယ်။ ပိုတဲ့ဟာကို ဝါစဉ်အရ ဖိတ်ရပါတယ်။ ဒီအတွက် လူတိုင်းရနိုင်ဖို့ အခြေအနေ မရှိပါဘူး” လို့ ဦးဇင်ဝိုင်းကပြောပါတယ်။

ယခင်နှစ်များမှာ ကျင်းပခဲ့တဲ့ အကယ်ဒီထူးချွန်ဆုပေးပွဲများမှာ နေရာအခက်အခဲကြောင့် တချို့သောအနုပညာရှင်များကို ဖိတ်ကြားနိုင်ခဲ့ခြင်းမရှိတဲ့အပေါ် အနုပညာရှင်တချို့ကလည်း မကျေနပ်တာတွေရှိခဲ့ပါတယ်။

“ဖိတ်ကြားတာနဲ့ ပတ်သက်ပြီးတော့ နှစ်တိုင်းကြုံတွေ့နေကျ အခက်အခဲဖြစ်ပါတယ်။ ကျနော်တို့လောကသားက ရုပ်ရှင်အစည်းအရုံး စာရင်းဝင်ဆိုရင် ၄၅၀၀ ရှိပါတယ်။ အကုန်လုံးကို ဖိတ်ကြားဖို့ဆိုတာ မလွယ်ပါဘူး။ သူများနိုင်ငံမှာကျင်းပတယ်ဆိုတာကလည်း စိစစ်ပြီးဖိတ်ကြားတာပါ။ အကုန်လုံးကို ဖိတ်ကြားခြင်းမဟုတ်ပါဘူး။ အရင်ကဆို အမျိုးသားအားကစားရုံ သုဝဏ္ဏမှာ ကျင်းပခဲ့စဉ်က ၈၅၀ ပဲ ရှိပါတယ်။ အဲဒီတုန်းကလည်း ဌာနဆိုင်ရာနဲ့ ရုပ်ရှင်လောကသားပေါင်း ၆၀၀ ကျော်ပဲ ဖိတ်နိုင်ခဲ့တာပါ” လို့ ဦးဇင်ဝိုင်းကပြောပါတယ်။

၂၀၁၈ ခုနှစ်အတွက် ရုံတင်ဇာတ်ကားပေါင်း ၈၃ ကား ရှိအထဲမှ အကယ်ဒမီ ဆန်ခါတင်အဖြစ် ၂၅ကားကို ရွေးချယ်ခဲ့ပြီး အဆိုပါ ၂၅ကားထဲမှ ပြန်လည်ရွေးချယ်သွားမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။

“ဆုတွေနဲ့ ပတ်သက်လို့ကတော့ ရသင့်ရထိုက်တဲ့သူတွေ ရကြပါစေလို့တော့ ဆုတောင်းပေးပါတယ်။ ရကြမယ်လို့လည်း ယုံကြည်ပါတယ်။ ကျနော့်အနေနဲ့ ဘာမှမသိပါဘူး။ အကဲဖြတ်အဖွဲ့ဝင်လည်း မဟုတ်တဲ့အတွက် ဘာမှမသိပါဘူး။ အကောင်းဆုံး၊ တရားအမျှတဆုံးဖြစ်အောင် လုပ်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဆန်ခါတင်ကား ၂၅ကားကို ထပ်ပြီးရွေးချယ်ဖို့မရှိတော့ဘူးလို့ ယူဆပါတယ်။ ဆန်ခါတင်ကားတွေ ဖြစ်သွားပါပြီ” လို့ ဦးဇင်ဝိုင်းကပြောပါတယ်။

ယခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုကိုတော့ သတ်မှတ်ထားတဲ့အတိုင်း ထူးချွန်ဆု ၁၁ ဆုကိုပေးအပ်သွားမှာဖြစ်ပြီး ယခင်နှစ်က စတင်ပေးအပ်ခဲ့တဲ့ တသက်တာ အနုပညာဆုနဲ့ အထူးဆုများပေးအပ်သွားဖို့လည်းရှိတယ်လို့ သိရပါတယ်။

The post “အကယ်ဒမီပေးပွဲမှာ ဧည့်သည်လူဦးရေ ၃ ထောင်ခန့် ဖိတ်ကြားနိုင်အောင် ကြိုးစားမယ်” appeared first on ဧရာဝတီ.

“ပစ်တိုင်းထောင်”နာမည်နဲ့ အလှကုန်ပစ္စည်းသစ် ထုတ်လုပ်ဖြန့်ချိလိုက်တဲ့ နီနီခင်ဇော်

$
0
0

တေးသံရှင် နီနီခင်ဇော်ရဲ့ “ပစ်တိုင်းထောင်” Cosmetic အသစ်မိတ်ပွဲကို မတ်လ ၃ ရက်နေ့က ရန်ကုန်မြို့ရှိ Junction City မှာပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို နီနီခင်ဇော့်ကို ချစ်တဲ့ အဆိုတော်များ၊ အနုပညာရှင်များ တက်ရောက်ခဲ့ကြပြီး ပါဝင် ဖျော်ဖြေပေးခဲ့ကြသလို “ပစ်တိုင်းထောင်” Cosmetic Product အသစ်ကိုလည်း မိတ်ဆက် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

“ပစ်တိုင်းထောင် Product အသစ်လေးကို အလှူနဲ့ အစပြုခဲ့တာပါ။ နီနီတို့ အစကတည်းက သွားထားတာက ပစ်တိုင်းထောင်လေးက အများအကျိုးပြုမယ်ဆိုတဲ့ဘက်က သွားထားတာဆိုတော့ ဒီနေ့တော့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းကိုစတင်ပြီး သွားလှုဒါန်းဖြစ်တယ်။ နောက်လည်း အခါအခွင့်ကြုံရင် ကြုံသလို ရတဲ့အကျိုးအမြတ်တွေကိုလည်း နီနီတို့ ပစ်တိုင်းထောင်လေးလို လောကဓံကိုကြံ့ကြံခံပြီးတော့ အရှုံးမပေးဘဲ သွားနေကြတဲ့နေရာတွေကို လှူဒါန်းသွားဖို့ရှိတယ်”လို့ နီနီခင်ဇော်က ဧရာဝတီကို ပြောပါတယ်။

“ပစ်တိုင်းထောင်” Product အသစ်နဲ့ပတ်သက်ပြီးလည်း သူ့ရဲ့ဆန္ဒကို နီနီခင်ဇော်က အခုလို ပြောပါတယ်။

“နီနီရဲ့ Product လေးတွေဟာဆိုရင် နောက်ဆိုရင် မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့သွေးသားနဲ့ ဖန်တီးထုတ်လုပ်သွားဖို့ရာ ရှိပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးလေးတယောက် ကြိုးစားနေရတဲ့ Product တခုကို ပရိသတ်တွေက အားပေးကြဖို့အတွက် နီနီဖိတ်ခေါ်ချင်ပါတယ်။ ဒီ Product လေးဆိုရင် နီနီ့ရဲ့စိတ်၊ အသွေးအသား၊ စိတ်ဝိညာဉ်တခုထည့်သွင်း ထားတာဖြစ်တဲ့အတွက် နီနီအနားမှာရှိနေသလို ခံစားရမယ်။ ပစ္စည်းလေးကိုကြည့်ချင်းအားဖြင့် နီနီ ဘယ်လောက်ထိ ကြိုးစားထားတယ်ဆိုတာလည်း တွေ့ရမယ် ထင်တယ်”

“ပြီးတော့ ဒီ Product နဲ့ ပတ်သက်ပြီးလည်း ပရဟိတအလုပ်တွေမှာ ပြန်ပြီး လှူဒါန်းသွားမယ်။ ပရိသတ်ပေးတဲ့ အရာတွေနဲ့ ပြန်ပြီး လှူဒါန်းမှာပါ။ အားလုံး ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ကုသိုလ်လည်း ရမယ် ထင်ပါတယ်”လို့ နီနီခင်ဇော်က ဆိုပါတယ်။

နီနီခင်ဇော်က Color Cosmetic Crazy ဖြစ်တဲ့အတွက် “ပစ်တိုင်းထောင်”တံဆိပ်နဲ့ နှုတ်ခမ်းနီ ထပ်မံထုတ်လုပ်လိုက်တာဖြစ်ပြီး Skin Care ကိုတော့စိတ်မဝင်စားလို့ ထုတ်ဖို့မရှိဘူးလို့ သိရပါတယ်။

ထုတ်ကုန်အသစ်အတွက် ကြိုးစားထားမှုနဲ့ပတ်သက်ပြီးလည်း နီနီခင်ဇော်က “နီနီ အခု ကြော်ငြာနဲ့ Product အသစ်နဲ့တင် တော်တော်လေး ဟိုက်နေပါပြီ။ နီတို့က စီးပွားရေးပညာရှင်လည်း မဟုတ်ဘူးလေ။ ကိုယ့်ရဲ့တနိုင်တပိုင်လေးပဲ လုပ်ရတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့Product လေးတွေကို Unique ဖြစ်အောင် လုပ်တယ်”

“နီနီ့ရဲ့ ကြော်ငြာသီချင်းလေးတွေဆိုရင်လည်း ကြော်ငြာသီချင်းလိုမျိုး မဟုတ်ဘဲ ပြဇာတ်တပုဒ်၊ ဇာတ်ထုပ်တထုပ်ကြည့် ရသလို ဖန်တီးရတာဖြစ်တဲ့အတွက် အင်မတန် မောဟိုက်လှပါပြီ။ ဒီတော့ ခဏအနားယူပါမယ်။ ၆ လလောက်ပေါ့”လို့ နီနီခင်ဇော်က ပြောပါတယ်။

နီနီခင်ဇော်က အခုလတ်တလောမှာ သြင်္ကန်အတွက်လည်း ပြင်ဆင်နေပြီး သြင်္ကန်သီချင်းတွေ ထွက်ဖို့ရှိသလို သြင်္ကန်မှာလည်း Channel K မဏ္ဍပ်မှာရှိမယ်လို့ သိရပါတယ်။

The post “ပစ်တိုင်းထောင်” နာမည်နဲ့ အလှကုန်ပစ္စည်းသစ် ထုတ်လုပ်ဖြန့်ချိလိုက်တဲ့ နီနီခင်ဇော် appeared first on ဧရာဝတီ.

LGBT များကို လှောင်ပြောင်စရာအဖြစ် ရုပ်ရှင်ရိုက်ကူးမှုအပေါ် အလွှာပေါင်းစုံမှ အမြင်

$
0
0

မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများမှာ ထုတ်လုပ်သူများ၊ ဒါရိုက်တာများ၊ သရုပ်ဆောင်များက မိမိ အကျိုးစီးပွားအတွက် LGBT (Lesbian, Gay, Bisexual, Transgender) များအကို အသုံးချခံ လူသားများအဖြစ် လှောင်ပြောင် ပြက်ရယ်မှုများ ရိုက်ကူး ထုတ်လုပ်နေတဲ့အပေါ် အလွှာစုံ LGBTIQ များရဲ့ သဘောထား ထုတ်ပြန်ကြော်ငြာချက် သတင်းစာရှင်းလင်းပွဲကို ယနေ့ မတ်လ ၄ ရက်နေ့၊ ရန်ကုန်မြို့၊ Sedona Hotelမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

LGBTIQ များရဲ့အပေါ် သဘောထားနဲ့ ပတ်သက်ပြီး မိတ်ကပ် မေဦးမောင်(တော်ဝင်သူ)၊ မိတ်ကပ် မေဦး၊ စတား မော်ဒယ်အေဂျင်စီ တည်ထောင်သူ ဂျွန်လွင်နဲ့ အလှမယ် ရွှေအိမ်စည်တို့က သူတို့ရဲ့ အမြင်များကို အခုလို ဆိုထားကြပါတယ်။

မိတ်ကပ် မေဦးမောင် (တော်ဝင်သူ)

ဒီနေ့တော့ တကယ်ကို ဒီပွဲလေးဖြစ်လာတဲ့အတွက် အရမ်းဝမ်းသာတယ်။ ဒီပွဲလေးကတော့ အားလုံးအတွက် တောင်းဆိုပေးတဲ့ ပွဲလေးပေါ့။ အဓိကအကြောင်းကတော့ လူကို လူလို့ပဲမြင်စေချင်တယ်။ ရှေ့ဆက်လျှောက်မှာတွေကတော့ အများကြီးပေါ့။ အခုမှ ခြေလှမ်းလေးစတာပါ။ အခုတော့ ပထမခြေလှမ်းလေးကို စပြီ။ ရုပ်ရှင်အစည်းအရုံးတို့ ရုပ်ရှင် ဆင်ဆာ အဖွဲ့တို့ ပြန်ကြာရေးဝန်ကြီးဌာနတို့ အမျိုးသားလွှတ်တော်တို့ကို အဆင့်ဆင့် တက်ပြီး ကိုယ်လိုချင်တဲ့ ရည်မှန်းချက် ရည်ရွယ်ချက်ရောက်အောင်အားလုံး စည်းစည်းလုံးလုံးသွားရမှာပေါ့။

အများအကျိုးဆောင်ရွက်ရတဲ့ ခံစားချက်ကို အခုမှနားလည်ပါတယ်။ အရင်တုန်းက အများအကျိုးကို ဆောင်ရွက်တာ နည်းနည်းပါးပါးပဲ။ အခုကစလယ်ဆုံးလုပ်ရတဲ့ အများအကျိုးက တော်တော်ခက်ခဲတယ်။ တော်တော်ပင်ပန်းတယ်။ စိတ်ညစ်စရာတွေ များတယ်။ ဒါပေမယ့် အခုတော့ အဲ့လို ပွဲလေးလုပ်နိုင်တဲ့အတွက် အရမ်းကျေနပ်ပါတယ်။ အကုန်လုံး လည်း ဝိုင်းဝန်းပံ့ပိုးပေးကြတဲ့အတွက် အရမ်းလည်းကျေးဇူးတင်ပါတယ်။ ဟာသကားမှာ မိန်းမလျာ ဇာတ်ရုပ်တွေကို သုံးပြီးရိုက်ကူးနေတာကိုလည်း မှားယွင်းတယ်လို့မြင်တယ်။ ဟာသဆိုရင် မိန်းမလျာပါရမယ်။ မိန်းမလျာတွေပါမှ ရယ်ရ မယ်ဆိုတာ မဟုတ်ဘူးလေ။ ယောကျာ်းမိန်းမတွေမှာလည်းရယ်ရတဲ့ ဇာတ်လမ်းတွေ ရှိတယ်။

ဂျွန်လွင် (စတား မော်ဒယ်အေဂျင်စီ)

ဒီပွဲက သူတို့လိုချင်တာကို သူတို့တောင်းဆိုနေတာဖြစ်တဲ့ အတွက် ကျနော့်အနေနဲ့ ထောက်ခံပါတယ်။ လူတိုင်းမှာ တောင်းဆိုပိုင်ခွင့် ရှိတယ်။ ကိုယ်လုပ်တဲ့ လုပ်ရပ်က တဖက်လူကို မထိခိုက်ဘူးဆိုရင် တောင်းဆိုပိုင်ခွင့်ရှိတယ်။ တကယ်လို့ ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်တခုက တဖက်လူကိုထိခိုက်နိုင်တယ်။ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်ဆိုရင် ဒါဟာ တောင်းဆိုပိုင်ခွင့်မရှိဘူး။ သူတို့အနေနဲ့ တောင်းဆိုနေတာဟာ သူတို့ကို ရယ်စရာလှောင်စရာအနေနဲ့ လုပ်နေတာတွေကို ရပ်တန့်ပေးပါအနေနဲ့ တောင်းဆိုနေတာပါ။

ဒါရိုက်တာနဲ့ မင်းသမီးနဲ့ဖြစ်တဲ့ ဇာတ်တို့၊ မင်းသားနဲ့ မင်းသမီးနဲ့ဖြစ်တဲ့ ဇာတ်တို့၊ မင်းသမီးက စပွန်ဆာ တောင်းတဲ့ဇာတ်တို့ ရိုက်ပေါ့။ ဘာလို့ Gay တွေကို လှောင်စရာတခုလို ရိုက်နေတာလဲ။ ကျနော့် ကာရိုက်တာကိုလည်း ရိုက်ထားတဲ့ ဇာတ်လမ်းတွေက ကား ၂၀ လောက်ရှိတယ်။ သူများမသိရင် ကျနော်တို့ကပဲ သူတို့ ရိုက်ပြသလို လုပ်နေတဲ့ ပုံစံနဲ့။ အဲ့ဒါဆိုရင် ရုပ်ရှင်ကို ရုပ်ရှင်လိုပဲမြင်ဆို သူတို့နိုင်ငံတော် လူကြီးတယောက်ရဲ့ဇာတ်ကို အပျော်အပျက်နဲ့ ရိုက်ကြည့်ပါလား။ ပိုက်ဆံရှာစား တယ်ဆိုလည်း တဖက်သားကို ထိခိုက်စရာ မလိုဘူး။ ရယ်စရာမောစရာ အနေနဲ့ လုပ်လို့ မရဘူးလေ။ သူတို့ကလည်း ဒါနဲ့ ပိုက်ဆံရတယ် ဆိုတာသိလို့ ဒါနဲ့ ပိုက်ဆံရှာနေကြတာလေ။ ဒါကြီးကို ပြပြီး ပိုက်ဆံရှာတဲ့ ခေတ်ကကုန်သွားပြီလို့ ထင်တယ်။

မိတ်ကပ်မေဦး

ရုပ်ရှင်တွေမှာ LGBTအဖွဲ့အစည်းအပေါ်ကို လှောင်ပြောင်ပြီး ပျက်ရယ်ပြုစေတဲ့ အပြုအမူတွေကို မလုပ်ဖို့ တောင်းဆိုတဲ့ ပွဲလေးပေါ့။ ဇာတ်ကားရိုက်ကူးတဲ့ သူတွေ အနေနဲ့ နစ်နာစေလိုတဲ့ ဆန္ဒမရှိဘူးဆိုပေမယ့် ပိတ်ကားပေါ်ရောက်သွားတော့ LGBTအသိုင်းအဝန်းကကြည့်ေတော့ ဒီလိုအခြေအနေသက်ရောက်သွားတယ်။ အဲ့လို သက်ရောက်သွားတဲ့အခါမျိုးကျရင် ကိုယ်တိုင်လည်း ပြန်သုံးသပ်စေချင်တယ်။

ကိုယ်ပြုလိုက်တဲ့ အပြုအမူက ဒီအပြုအမူမျိုးမရောက်ဘူးဆိုပေမယ့် ဒီအဖြစ်အပျက်မျိုးဖြစ်သွားတဲ့ အခါမျိုးကျရင် ပြန်ပြီးဆင်ခြင်သုံးသပ်ပြီးတော့ ဘယ်လိုအကောင်းဆုံး ဖန်တီးပေးရမလဲ။ ဘယ်လိုအကောင်းဆုံး ပြန်လုပ်ပေးရမလဲ ဆိုတာမျိုးဖြစ်စေချင်ပါတယ်။ နောက်တခုက တာဝန်ယူမှုတာဝန်ခံမှု ကိုယ်လုပ်လိုက်တဲ့ အကျိုးသက်ရောက်မှုသည်ဆိုးတဲ့ အကျိုးသက်ရောက်မှု သက်ရောက်သွားတယ်ဆိုရင် ဒါကို ကိုယ်တာဝန်ယူကို ယူရမယ်ဆိုမျိုးရှိတယ်။ နိုင်ငံတကာမှာလည်း ဟာသဆန်ဆန်ရိုက်တဲ့ ကားတွေရှိတယ်။ ဟာသ ဆိုတာလည်း ဟာသကားအလျောက်ရှိပါတယ်။ ဟာသဆန်ဆန် ဟာသကားကိုမှကောင်းတဲ့ ရိုက်ကွက်မျိုးနဲ့ ရိုက်ပြစေ ချင်ပါတယ်။

အလှမယ် ရွှေအိမ်စည်

ဒီပွဲကိုတက်လာတာက LGBTအသိုင်းအဝိုင်းကို အခြားနယ်ပယ်ကလည်း ထောက်ခံတယ်ဆိုတာကို ပြတဲ့ အနေနဲ့ တက်ရောက်ဖြစ်ပါတယ်။ ရုပ်ရှင်တွေလည်း မရိုက်နဲ့လို့ ပြောတာမဟုတ်ဘူး။ နိုင်ငံခြားတွေမှာလည်းရိုက်နေကြတာ အနုပညာကို အများကြီးသွားပြောလို့မရဘူး။ Study Type တခုတည်းကိုပဲ ဦးစားပေးမရိုက်ဘဲနဲ့ Variety စုံအောင် ရိုက်သင့်တယ်။ ရိုက်တာအပြစ်မဟုတ်ပေမယ့် လူတွေက ဒီကားတွေကိုကြည့်ပြိးမြင်လာတဲ့ အမြင်ကအရမ်းအရေးကြီး တယ်။

အနုပညာအရတော့ အိမ်စည်တို့က နားလည်တယ်။ တခြားသူတွေသာ နားမလည်တာပေါ့။ အိမ်စည်က LGBTတွေကို သူများတွေထက် ပေါင်းသင်းဆက်ဆံလို့ကောင်းတယ်လို့မြင်တယ်။ အိမ်စည်တို့က လူတိုင်းတဲ့ Type မဖြစ်ဘူး။ သူတို့နဲ့ကြတော့ ပေါင်းရတာ အဆင်ပြေတယ်။ ပေါင်းရတာလည်းကောင်းတယ်။ အိမ်စည်ကတော့ သူတို့တွေကို လူထဲကလူတွေလို့ပဲမြင်တယ်။

The post LGBT များကို လှောင်ပြောင်စရာအဖြစ် ရုပ်ရှင်ရိုက်ကူးမှုအပေါ် အလွှာပေါင်းစုံမှ အမြင် appeared first on ဧရာဝတီ.

“အရွယ်ရောက်လာပြီဆိုတာ ပရိသတ်တွေ အသိအမှတ်ပြုဖို့ လိုတယ်”လို့ အိစိကွေး ပြော

$
0
0

ကလေးသရုပ်ဆောင် တယောက်အနေနဲ့ ငယ်စဉ်ကတည်းက အနုပညာအလုပ်များကို လုပ်ကိုင်လာခဲ့တဲ့ သရုပ်ဆောင် အိစိကွေးကတော့ အခုအချိန်ထိ သူ့ကို ကလေးတယောက် အနေနဲ့သာ မြင်နေသေးတဲ့အတွက် အရွယ်ရောက်လာပြီဆိုတာကို အသိအမှတ်ပြုစေချင်တယ်လို့ ပြောပါတယ်။

“ပရိသတ်ဆိုတာကတော့ မိဘတွေလိုပါပဲ။ ကိုယ့်ရဲ့သားသမီးကို ဘယ်လိုပဲ အသက်အရွယ် ကြီးလာကြီးလာ သူတို့မျက်လုံးထဲမှာ ကလေးလိုပဲမြင်ကြမှာပဲ။ ဒါပေမယ့်လည်း သူ့အရွယ်နဲ့ သူ့အချိန်ကာလဆိုတာလည်း ရှိပြီးသား။ ဘာပဲပြောပြော ဒီအရွယ်ရောက်လာပြီဆိုရင် ပရိသတ်တွေဘက်က လက်ခံပေးဖို့ လိုပါတယ်။ အဲဒီအတွက်လည်း တောင်းဆိုပါတယ်”လို့ သရုပ်ဆောင် အိစိကွေးကပြောပါတယ်။

ငယ်စဉ်ကတည်းက ကလေးတယောက်အနေနဲ့ သရုပ်ဆောင်လုပ်လာတာကြောင့် အခုချိန်ထိ ကလေးတယောက် အနေနဲ့ပဲ မြင်နေပြီး တခြားရွယ်တူသရုပ်ဆောင်များနဲ့ အမြင်မတူဘဲ ကွဲပြားနေတဲ့အတွက် ဖြေရှင်းရမယ့် ပြဿနာ တခုလိုဖြစ်နေတယ်လို့ ဆိုပါတယ်။

“ဘဝမှာဖြေရှင်းရမယ့် ပြဿနာက အဲဒါပေါ့။ တခြားသရုပ်ဆောင် ယောကျာ်းလေးတယောက် ရုပ်ရှင်ရိုက်တယ်။ သူ့ကိုငယ်ငယ်ကတည်းက မြင်ရတာ မဟုတ်ဘူး။ ကြီးလာမှမြင်ရတော့ လူကြီးတယောက်လို့ သတ်မှတ်လို့ရတယ်။ မျက်နှာလေးက ကလေးမျက်နှာလေးနဲ့ ချစ်စရာလေးဆိုပြီး လူကြီးဆိုပြီး သတ်မှတ်လိုက်တယ်”

“ကျနော်ကျတော့ အဲဒီလိုမဟုတ်ဘူး။ ကလေးကတည်းက တီဗီမှာ မြင်ခဲ့ရတာ။ ကျနော့် မျက်နှာမြင်တိုင်း ကလေး မျက်နှာပဲမြင်ကျတာဆိုတော့ လောလောဆယ်တော့ ဖြေရှင်းရဖို့ခက်တယ်။ အရွယ်ရောက်လာပြီဆိုတာက တဖြည်းဖြည်းနဲ့တော့ ပြနေရတာပါပဲ။ ပရိသတ်တွေဘက်ကလည်း အသိအမှတ်ပြုပေးဖို့လိုအပ်ပါတယ်” လို့ အိစိကွေးကပြောပါတယ်။

သူကိုယ်တိုင်မှာတော့ ကလေးဆန်သင့်တဲ့နေရာမှာ ကလေးဆန်ပြီး အလုပ်ကိစ္စများပြောဆိုတဲ့အခါမှာတော့ လူကြီးဆန်ရတယ်လို့ ဆိုပါတယ်။

“ကိုယ့်ကိုယ်လည်း အမြဲတမ်းတော့ ကလေးလိုမဟုတ်ဘဲ သူ့နေရာနဲ့သူပေါ့။ မိသားစုနဲ့ဆိုရင်လည်း ကလေးဆန်သင့် တဲ့နေရာ ကလေးဆန်ရတယ်။ လူကြီးတွေနဲ့စကားပြောတဲ့အခါ လူကြီးဆန်ရတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်လဲ ဆိုတော့ အိစိကွေးလို့ပဲမြင်ပါတယ်” လို့ အိစိကွေးကပြောပါတယ်။

အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ အိစိကွေးကတော့ အသက်အရွယ်နဲ့ လိုက်ဖက်မယ့်ဇာတ်ရုပ်များကိုသာ လက်ခံဖြစ်ပြီး ကြီးမားတဲ့ကာရိုက်မျိုးအတွက်တော့ အချိန်ကာလတခုကို စောင့်ရသေးတယ်လို့ ဆိုပါတယ်။

“ကိုယ်နဲ့ မလိုက်သေးတဲ့ ကာရိုက်တာတွေအတွက်တော့ စောင့်ရသေးတာပေါ့။ အသက်က အခုမှ ၁၈ပဲရှိသေးတော့ အရမ်းဟဲဗီးတွေကျတော့လည်း မကောင်းဘူး။ ပရိသတ်ပြောမှာတွေရှိမယ်။ ကာရိုက်တာမလိုက်မှာတွေရှိမယ်။ ကိုယ်နဲ့လိုက်ဖက်မယ့်ကာရိုက်တာ ကိုယ့်အရွယ်နဲ့လုပ်လို့ရမယ့် ကာရိုက်တာမျိုးပဲလုပ်ပါတယ်” လို့ အိစိကွေးက ပြောပါတယ်။

The post “အရွယ်ရောက်လာပြီဆိုတာ ပရိသတ်တွေ အသိအမှတ်ပြုဖို့ လိုတယ်”လို့ အိစိကွေး ပြော appeared first on ဧရာဝတီ.

“ဒီနှစ် အကယ်ဒမီပွဲမှာ ပဝါလိုက်မခြုံပေးဘူး”လို့ ဆိုလိုက်တဲ့ ဂျွန်လွင်

$
0
0

အနုပညာလောကသားတွေသာမက ပရိသတ်တွေပါ စောင့်မျှော်နေကြတဲ့ မြန်မာရုပ်ရှင်ထူးချွန်ဆု ပေးပွဲကြီးကို မတ်လ(၂၃) ရက်နေ့တွင် The One Entertainment Park မှာ ကျင်းပသွားမှာ ဖြစ်ပြီး အကယ်ဒမီ ပေးပွဲအတွက် Event ပိုင်းကို စီစဉ်သူ ဂျွန်လွင်မှ တာဝန်ယူသွားမယ်လို့ သိရပါတယ်။ အကယ်ဒမီပွဲကြီး နေရာရွေ့လိုက်တာနဲ့ ပတ်သက်ပြီး ဂျွန်လွင်က ဒီနှစ် အကယ်ဒမီပေးပွဲ Budget ကို လျော့ပြီး သုံးထားပါတယ်လို့ ဆိုပါတယ်။

“အကယ်ဒမီပေးပွဲကို မဟာနဲ့ Moon Myanmar Media နဲ့ ပူးပေါင်းပြီးလုပ်မှာပါ။ ကျနော်က Event ဘက်ကို ကူညီတဲ့ အနေနဲ့ ဝင်လုပ်ပေးတာပါ။ သူတို့ စီစဉ်တာလည်း တော်တော်ပြီးသွားပါပြီ။ ကျနော်တို့ကအပိုင်းအစတခုအနေနဲ့ ပါဝင်ပါတဲ့ သဘောပါ။ ကျနော်တို့ကတော့ အကောင်းဆုံးလုပ်သွားမှာပါ။ နေရာလည်း The One Entertainment မှာ လုပ်မှာပါ။ စတိတ်ဒီဇိုင်းလည်း ကျနော်လည်း ဆွဲတာပါ။ သူတို့က မပြပါနဲ့ဦးဆိုလို့ ကျနော်ပြလို့ မရသေးပါဘူး”လို့ ဂျွန်လွင်က ပြောပါတယ်။

“နိုင်ငံခြားက စတိတ်ကို ကိုးကားပြီး ပြန်လုပ်ထားတာဖြစ်ပါတယ်။ ကျနော်တို့ သွားလာရတာတွေ အဆင်ပြေအောင် တာဝန်ယူမှာပါ။ ဦးဇင်ဝိုင်းက အနုပညာလောကသား ၂၀၀၀ ကျော် ဖိတ်မယ်လို့ ပြောတယ်။ အဲ့အတွက် နည်းနည်းတော့ ခက်ခဲတယ်။ ဟောလိဝုဒ်မှာတော့ ဘယ်လိုဖိတ်လည်းမသိဘူး”

“ ကျနော်တို့ အယောက် ၃၂၀၀ လို့ မှန်းထားတယ်။ ခုံခင်းကြည့်တာတော့ ၂၈၀၀ နဲ့ ၃၀၀၀ ကြားပဲဆန့် တယ်။ သေချာတော့ ထပ်လုပ်ကြည့်ရဦးမယ်။ ကျနော်တို့ဘက်အခြမ်းကို သိန်း ၈၀၀ နဲ့၈၀ကြားကို ချမှတ်ပေးထားပါတယ်။ အဲ့ကြားကို ဘောင်ဝင်အောင်လုပ်ရမှာပါ။ ဒီနှစ် အကယ်ဒမီပေးပွဲ Budget ကို လျော့ပြီး သုံးထားပါတယ်”လို့ ဂျွန်လွင်ကပြောပါတယ်။

အကယ်ဒမီ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးလည်း ဒီနှစ်မှာ ကြိုက်နှစ်သက်သလို ဝတ်ဆင်နိုင်ပြီး ပဝါခြုံမပေးဘူးလို့ ဆိုပါတယ်။

“ကိုယ့်ကလည်း မင်းသမီးတယောက်အနေနဲ့ ဝတ်လာရင် အရမ်းကြီးဝတ်လာရင် ကိုယ့်ကို Reflection ရိုက်နိုင်ပါတယ်။ ကိုယ့်ဦးနှောက်နဲ့ ကိုယ်စဉ်းစားပြီး ဝတ်တတ်ပါတယ်။ အဝတ်အစား ဒီဇိုင်းဖော်မှ မဟုတ်ဘူး။ လှအောင်ဝတ်ပြီး လျှောက်လှမ်းကို လျှောက်လို့လည်းရပါတယ်။ ပဝါလည်း ခြုံမပေးပါဘူး” လို့ ဂျွန်လွင်က ပြောပါတယ်။

ပွဲစီစဉ်သူ ဂျွန်လွင်ကတော့ ပွဲစီစဉ်ရတာ ဝါသနာပါတဲ့အတွက် ဘယ်အပိုင်းက ပါရပါရ ကြိုက်တယ်လို့ ဆိုပါတယ်။

“ကျနော်အနေနဲ့ ပွဲစီစဉ်တာကို ဝါသနာကို ပါတာပေါ့။ ဘယ်အပိုင်းကပဲ ပါရပါရ ကျနော်ကြိုက်တယ်။ တချို့တွေက ပြောတယ်။ မြန်မာနိုင်ငံမှာ သူတယောက်တည်းရှိတာ မဟုတ်ဘူး။ သူတို့လည်းလုပ်ပြချင်တယ် လို့ပြောတယ်။ ကျနော့် အတွေ့အကြုံတွေနဲ့ ကျနော် လုပ်ပြနိုင်မယ်ထင်လို့ သူတို့က ကျနော်ကိုခေါ်တာပါ။ နောင်နှစ်တွေမှာလည်း ကျနော်ထက်စွမ်းတာတွေရှိမှာပါ”

“တချို့တွေက ကွန်ပျူတာ ဒီဇိုင်းပေါ်မှာသာ ဆွဲတတ်တာ။ တကယ့်ပွဲမှာ သူတို့ မလုပ်နိုင်ဘူး။ ဒီနှစ်အကယ်ဒမီ ပွဲကြီးလည်းအောင်မြင်မှာပါ။ ကျနော် ဖိဖိစီးစီးနဲ့ သေချာလုပ်မှာပါ။ အဲ့အတွက်ရှိတဲ့ ပွဲကို ရက်တွေ ရွေ့ထားတယ်။ ရုပ်ရှင်မိသားစုတွေရဲ့ အမြင့်ဆုံးဆုပေးပွဲဖြစ်တဲ့ အတွက် ဒီပွဲကြီးကို မြန်မာတနိုင်ငံလုံးကလည်း စိတ်ဝင်စားတယ်”လို့ ဂျွန်လွင်က ပြောပါတယ်။

Model လောကရဲ့ ဦးဆောင်နိုင်သူလို့ ရည်ညွှန်းရမယ့် ဂျွန်လွင်ကတော့ ပွဲတိုင်းကို အောင်မြင်စွာကျင်းပနေသူပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စတား မော်ဒယ်အေဂျင်စီကနေလည်း တက်သစ်စ အနုပညာရှင်တွေ အမြဲ မွေးထုတ်ပေးလျက် ရှိပါတယ်။

The post “ဒီနှစ် အကယ်ဒမီပွဲမှာ ပဝါလိုက်မခြုံပေးဘူး”လို့ ဆိုလိုက်တဲ့ ဂျွန်လွင် appeared first on ဧရာဝတီ.

Netflix ရုပ်ရှင်များကို အော်စကာဆုမပေးရန် အကြံပြုမည့် Steven Spielberg ၏အစီအစဉ် ဝေဖန်ခံရ

$
0
0

Netflix လိုမျိုး Streaming Service (အွန်လိုင်းပေါ်တွင် အခကြေးငွေဖြင့် ရုပ်ရှင်၊ စီးရီးများ ကြည့်ရှုနိုင်သော ဝန်ဆောင်မှု) အတွက် ဖန်တီးထုတ်လုပ်ထားတဲ့ ရုပ်ရှင်တွေကို အော်စကာဆု ယှဉ်ပြိုင်မှုမှာ ထည့်သွင်းတာကို တားမြစ်ပေးဖို့ အကယ်ဒမီဆုပေးရေးအဖွဲ့ထံ အဆိုပြုမယ်လို့ နာမည်ကျော်ဒါရိုက်တာကြီး Steven Spielberg က ပြောကြားခဲ့ပြီးနောက် အဲဒီ့အစီအစဉ်ဟာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပါတယ်။

တကယ့်နာမည်ကျော် ဒါရိုက်တာကြီး Spielberg က သမားရိုးကျ ရုပ်ရှင်ရုံတွေမှာ ပြသတဲ့ ရုပ်ရှင်တွေကိုပဲ ပိုသဘောကျပြီး တရက်တည်း အွန်လိုင်းမှာ ပွဲထုတ်လေ့ရှိတဲ့ Netflix လိုမျိုး ဝန်ဆောင်မှုတွေက ထောက်ပံ့ထားတဲ့ ရုပ်ရှင်တွေကို သဘောမကျဘူးလို့ ပြောဆိုထားပြီးသားပါ။

အဲဒါနဲ့ ပတ်သက်လို့ Netflix ဘက်ကတော့ သူတို့အနေနဲ့ ရုပ်ရှင်ရုံတွေကိုလည်း ချစ်မြတ်နိုးတဲ့အကြောင်း ပြန်လည် ကြေညာချက်ထုတ်ထားပါတယ်။ အခုလိုမျိုး အွန်လိုင်းရုပ်ရှင်ရုံတွေကိစ္စ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာက အခုနှစ် ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲမှာ ဒါရိုက်တာ Alfonso Cuaron ရဲ့ “Roma” ရုပ်ရှင်ဟာ အကောင်းဆုံး ဇာတ်ကားဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တာကနေ စပါတယ်။

ဒါပေမယ့် အကောင်းဆုံးဇာတ်ကားဆုကို “Green Book” ရုပ်ရှင်က ရရှိခဲ့တာဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ ရုပ်ရှင် ပြတဲ့ နည်းလမ်းတွေရဲ့ ရိုက်ခတ်မှုနဲ့ပတ်သက်လို့ ရုပ်ရှင်လောကထဲမှာလည်း ဆွေးနွေး ငြင်းခုံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အကယ်ဒမီဆုရွေးချယ်ရေးအဖွဲ့ ဒါရိုက်တာကဏ္ဍမှာ အုပ်ချုပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဒါရိုက်တာကြီး Spielberg က မကြာမီကျင်းပတော့မယ့် ဘုတ်အဖွဲ့အစည်းအဝေးမှာ အရည်အချင်းသတ်မှတ်ချက် စည်းမျဉ်းနဲ့ ပတ်သက်ပြီး အပြောင်းအလဲတခုလုပ်ဖို့ အိုင်ဒီယာတခုကို မိတ်ဆက်မယ်လို့ ဆိုပါတယ်။ ဒါရိုက်တာကြီးဟာ အွန်လိုင်းရုပ်ရှင်ရုံနဲ့ ပကတိရုပ်ရှင်ရုံတို့အကြား မတူကွဲပြားမှုနဲ့ ပတ်သက်လို့ တော်တော်လေး သည်းသည်းသန်သန် ခံစားနေရတဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒါရိုက်တာကြီးရဲ့ အခုလိုမျိုး လုပ်ဆောင်မှုဟာ ဟောလိဝုဒ်အသိုင်းအဝိုင်းမှာ ရှိသူအချို့ရဲ့ ဝေဖန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး အခုအဆိုပြုချက်ကို ဆန့်ကျင်တဲ့အကြောင်း ဆိုရှယ်မီဒီယာတွေမှာ ပြောကြဆိုကြတာတွေ ရှိနေပါတယ်။

Netflix ကနေ ပြသခဲ့တဲ့ “Roma” ရုပ်ရှင်ဟာ အကယ်ဒမီဆု ၃ ခုရရှိခဲ့ပါတယ်။ “The Ballad of Buster Scruggs” ရုပ်ရှင်ကတော့ ဆန်ခါတင်ဆုနှစ်ခု လျာထားခံခဲ့ရပြီး “End Game” ရုပ်ရှင်ကတော့ အကောင်းဆုံးမှတ်တမ်းတို ရုပ်ရှင်ဆုအတွက် ရွေးချယ်ခံခဲ့ရပါတယ်။

Ref: aceshowbiz

The post Netflix ရုပ်ရှင်များကို အော်စကာဆုမပေးရန် အကြံပြုမည့် Steven Spielberg ၏အစီအစဉ် ဝေဖန်ခံရ appeared first on ဧရာဝတီ.


မိုးဟေကို ပြောပြတဲ့ အလှအပနဲ့ ကျန်းမာရေး အကြောင်း

$
0
0

တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတခုကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မိုးဟေကိုကတော့ ယခုနောက်ပိုင်းမှာ သူမရဲ့အလှအပအတွက် ကျန်းမာရေး လိုက်စားရင်းနဲ့ လှအောင် နေတယ်လို့ ပြောပါတယ်။

“ထိန်းသိမ်းတာထက် ကျန်းမာရေး လိုက်စားတာပေါ့။ ပိန်အောင်တို့ လှအောင်တို့ လုပ်တာထက် ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် အမေကလည်း နေမကောင်းတော့ အမေကိုပြုစုရင်းနဲ့ ကျန်းမာရေးအတွက် ပိုလုပ်ဖြစ်တယ်။ ညဘက်တွေမှာ ထမင်းစားတာ လျှော့တယ်။ အဆီအဆိမ့်တွေ လျှော့တယ်။ ထမင်းမစားဘဲနေလာတာ တော်တော် ကြာပြီ။ ထမင်းအစား ကြက်ကင်တို့ ကြက်သားပြုတ်တွေ စားတယ်”လို့ မိုးဟေကိုက ပြောပါတယ်။

အဆီတက်စေနိုင်တဲ့ ထမင်းမစားဘဲ အာဟာရပြည့်ဝစေတဲ့ အရာများကို မနက်ပိုင်းမှာ အပြည့်အဝ စားပြီး ညဘက်မှာတော့ ဝိတ်တက်စေတာတွေကို ရှောင်ဖြစ်တယ်လို့ သူမရဲ့ခန္ခာကိုယ် ထိန်းသိမ်းဖြစ်တာနဲ့ ပတ်သက်ပြီးပြောပြခဲ့ပါတယ်။

“ထမင်းဆိုရင် မနက်ပိုင်း အာဟာရပြည့်ဝတဲ့ ဟာတွေကို အပြည့်အဝစားလိုက်တယ်။ ညပိုင်းဆိုရင်တော့ ကိုယ့်ကို အဆီတက်စေမယ့်ဟာ ဝိတ်တက်စေမယ့်ဟာတွေ ရှောင်တယ်။ အသီးအရွက်ကြော်တွေ စားတယ်။ အသီးအနှံတွေ စားတယ်။ တခြားကိုယ်ကြိုက်တဲ့ အစားအစားတွေကို ထပ်ပြီး အားဖြည့်တယ်” လို့ မိုးဟေကိုက ပြောပါတယ်။

အသက်အရွယ်တခုရောက်လာပေမယ့် ယခင်ကထက် ပိုမိုရင့်ကျက်တဲ့အလှတရားကြောင့် ယခုအချိန်ထိ ထိပ်တန်း မင်းသမီးတဦးအနေနဲ့ ရပ်တည်လျက်ရှိပါတယ်။

“အဓိကကတော့ မိုးက အသားဖြူတဲ့ထဲမှ ာမပါဘူး။ ရှိနေတဲ့အသားကို ကြည်လင်အောင် အဓိကက ရေများများသောက်တယ်။ အသီးအနှံ စားတယ်ပေါ့။ တပတ်တခါထက် နှစ်ပတ်တခါလောက်တော့ အနည်းဆုံး Spa တွေသွားတယ်။ မျက်နှ ာလုပ်တယ်။ မလုပ်လို့ မရတော့ဘူးပေါ့။ အသက်အရွယ်တခု ရောက်လာပြီဆိုတော့လေ”လို့ မိုးဟေကိုက ပြောပါတယ်။

မိုးဟေကိုကတော့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုများကို ယခင်ကလောက် ရိုက်ကူးခြင်း မရှိတော့ပေမယ့် “မိုး” ရုပ်ရှင်ထုတ်လုပ်ရေး ဖြင့် ဇာတ်ကားများစွာကို ထုတ်လုပ်ရိုက်ကူးလျက် ရှိပါတယ်။

သရုပ်ဆောင်အလုပ်ထက် စီးပွားရေးအလုပ်ကို ပိုမိုဇောက်ချလုပ်ကိုင်လျက်ရှိတဲ့ မိုးဟေကိုကတော့ အသက်အရွယ်တခုရောက်လာပြီဖြစ်ပေမယ့် အလှအပကို ထိန်းသိမ်းထားမြဲဖြစ်ပါတယ်။

The post မိုးဟေကို ပြောပြတဲ့ အလှအပနဲ့ ကျန်းမာရေး အကြောင်း appeared first on ဧရာဝတီ.

DJ ဝါသနာပါပြီး မတတ်နိုင်တဲ့ လူငယ် ၅ ယောက်ကို ပညာသင်ပေးမယ့် ဒီဂျေ သော်သော်

$
0
0

DJ တီးခတ်လာတာ နှစ်ပေါင်း၂၅ ကျော်ပြီဖြစ်တဲ့ ဒီဂျေ သော်သော်က DJ ပညာကို ဝါသနာပါပြီး လုံးဝမတတ်နိုင်တဲ့ ကလေး ၅ ယောက်ကို DJ ပညာသင်ပေးဖို့ရှိတယ်လို့ ဆိုပါတယ်။

“ကျနော်က DJ အလုပ်ကို ငယ်စဉ်ကတည်းက ရူးသွပ်တဲ့ သူတယောက်ဖြစ်တဲ့အတွက် ကျနော်လုပ်နိုင်တဲ့အချိန်ထိ လက်ကမ်းပြီးလုပ်သွားမယ်။ ကျနော်က ကလေးတွေ ၁၀ တန်း စာမေးပွဲပြီးသွားရင် လုံးဝ မတတ်နိုင်တဲ့ ကလေး ၅ ယောက်ကို ကျနော် ဒီပညာ သင်ပေးဖို့ ရှိပါတယ်။ အခုတော့ ရွေးထားတာ ၃ ယောက်ရှိပါပြီ။ တကယ်ကိုလည်း မတတ်နိုင်ဘူး၊ မိဘကလည်း ချို့တဲ့တယ်။ ဒီပညာကိုလည်း သင်ချင်တယ် သူတို့ကလည် းကြိုးကြိုးစားစားနဲ့ ပညာကို တကယ်လိုချင်တဲ့ သူဆိုရင်တော့ အလုပ်ထဲထိပါ ထည့်ပေးဖို့ အစီအစဉ်ရှိပါတယ်”လို့ ဒီဂျေ သော်သော်က ပြောပါတယ်။

“ကျနော် ၅ ယောက် လို့ သတ်မှတ်ထားတာ လူငယ်ဖြစ်ရင်တော့ ပိုကောင်းပါတယ်။ လူငယ်တွေ လုပ်နေကြတာလည်း အများကြီး လူငယ်တွေ ပိုအဆင်ပြေမယ်လို့ ထင်တယ်။ ကျနော် ပညာဒါနအနေနဲ့ သင်ပေးမှာ ကျနော် တတ်နိုင်တာလေးတွေနဲ့ပေါ့။ အခုတော့ လက်ရှိကျနော်အိမ်မှာ စက်တွေလည်း ဆင်ထားပြီးသွားပါပြီ”လို့ သူက ဆိုပါတယ်။

DJ သော်သော် (ဓာတ်ပုံ – DJ Thaw Thaw’s Facebook)

အောင်မြင်တဲ့ ဒီဂျေသမားတယောက်ဖြစ်ဖို့ နည်းစနစ်မှန်ကန်ဖို့နဲ့ ပေါ်ပင်မလုပ်ဖို့ အရေးကြီးတယ်လို့လည်း DJ သော်သော်က ဆိုပါတယ်။

“ခေတ်လူငယ်တွေကို ကျနော် ဒီလိုလေး သင်ပေးလိုက်တယ်။ သူတို့တွေ တက်သွားတယ်။ သူတို့တွေ တက်သွားတယ်။ အလုပ်တွေ ရသွားတယ်ဆို ကျနော်အတွက် ကုသိုလ်ရသွားတာပေါ့။ သူတို့အတွက်လည်း ဝမ်းသာတာပေါ့နော်။ အောင်မြင်တဲ့ ဒီဂျေသမားတယောက်ဖြစ်ဖို့ကတော့ နည်းစနစ်မှန်ကန်ဖို့နဲ့ ပေါ်ပင် မလုပ်ဖို့ အရေးကြီးပါတယ်။ ကျနော်တို့ခေတ်တုန်းက ကျနော်တို့ဆရာတွေကလည်း သီချင်းအမျိုးအစားအလိုက်အများကြီး သင်ပေးတယ်။ ကျနော်သင်ပေးရင်လည်း ဆရာစားမချန် အကုန်သေချာသင်ပေးမှာပါ”

“ဒီဂျေလောကကို ကျနော်အစောဆုံး ဝင်ရောက်လာတယ်။ နောက်ပိုင်းမြန်မာနိုင်ငံရဲ့ ဒီဂျေလောကကို ကျနော် ဖြစ်စေချင်တာကတော့ အရမ်းကောင်းမွန်ပြီး အရည်အချင်းရှိပြီ အင်တာနေရှင်နယ်မှာ ချပြလို့ ရတဲ့ ချနိုင်တဲ့ ဒီဂျေသမားတွေ ဖြစ်ချင်တယ်။ အခုလည်း ဒီဂျေသမားကောင်းတွေ အများကြီးပေါ်ထွက်လာပါပြီ။ ထပ်ပြီးလည်း အများကြီးပေါ်ထွက်စေချင်ပါတယ်”လို့ DJ သော်သော်ကပြောပါတယ်။

The post DJ ဝါသနာပါပြီး မတတ်နိုင်တဲ့ လူငယ် ၅ ယောက်ကို ပညာသင်ပေးမယ့် ဒီဂျေ သော်သော် appeared first on ဧရာဝတီ.

အိန္ဒိယလေကြောင်းထိုးစစ်ကို ထောက်ခံခဲ့သော Priyanka Chopra ကို ကုလသံတမန်အဖြစ်မှ ဖယ်ရှားပေးရန် တောင်းဆို

$
0
0

ပါကစ္စတန်နိုင်ငံမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ လေကြောင်းထိုးစစ်ကို ထောက်ခံခဲ့တာ ကြောင့် မင်းသမီး Priyanka Chopra ကို ကမ္ဘာကုလသမဂ္ဂရဲ့ သံတမန်ရာထူးကနေ ဖယ်ရှားပေးဖို့ လက်မှတ် ရေးထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုမှာ လက်မှတ်ပေါင်း ၉ သောင်းလောက်ရနေပြီလို့ဆိုပါတယ်။

နာမည်ကျော် ဘောလိဝုဒ်မင်းသမီးက Twitter မှာ “အိန္ဒိယတပ်မတော် အောင်မြင်ပါစေ” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ့ပို့စ်မှာ အိန္ဒိယနိုင်ငံရဲ့ အလံနဲ့ ဆုတောင်းနေတဲ့ လက်လေးတွေပါတဲ့ emoji တွေကိုပါ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

မင်းသမီးရဲ့ ပါကစ္စတန်နိုင်ငံသား Twitter သုံးစွဲသူတွေကတော့ အဲဒီ့ပို့စ်နဲ့ ပတ်သက်လို့ တော်တော်လေးကို ဒေါသထွက် ခဲ့ကြပြီး Change.org ဝက်ဘ်ဆိုက်မှာ သူ့နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုကို ထောက်ခံတာကြောင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ရဲ့ ချစ်ကြည်ရေးသံတမန်အဖြစ်ကနေ ဖယ်ရှားပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုလာ ကြပါတယ်။

အဲဒီ့တောင်းဆိုမှုမှာ “Priyanka Chopra ဟာ ကုလသမဂ္ဂရဲ့ ချစ်ကြည်ရေးသံတမန်တဦး ဖြစ်ဖို့မထိုက်တန်ပါဘူး” လို့ ဆိုထားပါတယ်။

အဲဒီ့လက်မှတ်ရေးထိုးကောက်ခံမှုမှာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့အထိတော့ လက်မှတ်ပေါင်း ၉ သောင်း ၃ ထောင်ကျော် ရရှိထားပြီး ဖြစ်တယ်လို့လည်းဆိုပါတယ်။ သူ့ရဲ့တိုင်းပြည်ဖြစ်တဲ့ အိန္ဒိယအတွက် အမျိုးသားရေး စိတ်ဓာတ်ကို ဖော်ပြဖို့ ကြိုးစားတဲ့အနေနဲ့ သူဟာ ပါကစ္စတန်ပိုင်နက်အတွင်းကို အိန္ဒိယလေတပ်ရဲ့ ချိုးဖောက်ဝင်မှုအတွက် ထောက်ခံကြောင်း Twitter မှာ ရေးသားခဲ့တာဖြစ်ပါတယ် လို့လည်း အဲဒီ့ လက်မှတ်ရေးထိုး ကောက်ခံမှုမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မင်းသမီးဟာ ပါကစ္စတန်ကို တိုက်တဲ့ စစ်ပွဲအတွက် ကြိုးပမ်းမှုကို ဂုဏ်ပြုကြောင်း တင်ခဲ့တာဖြစ်တဲ့ အတွက် သူ့လိုမျိုး ကမ္ဘာတဝန်းမှာ နောက်လိုက်တော်တော်များများရှိတဲ့သူတယောက်အနေနဲ့ စစ်ပွဲဆိုတာ တဖက်နဲ့ တဖက်အနိုင်ရရှိရုံနဲ့ အဖြေတခုဘယ်တော့မှရလာမှမဟုတ်ဘူးဆိုတာ သိရမယ်လို့လည်း ဝေဖန်သူတွေက ဆိုပါတယ်။

နှစ်နိုင်ငံကြား နယ်စပ်ဒေသမှာ နေထိုင်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံသားတွေရဲ့ အသက်ကို အဲဒီ့စစ်ပွဲက ဖျက်ဆီးပစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ မင်းသမီးဟာ ကလေးငယ်များဆိုင်ရာ ချစ်ကြည်ရေးသံတမန်အဖြစ် ၂၀၁၆ ခုနှစ်ကတည်းက တာဝန်ယူထားတာဖြစ်ပါတယ်။

Ref:aceshowbiz

The post အိန္ဒိယလေကြောင်းထိုးစစ်ကို ထောက်ခံခဲ့သော Priyanka Chopra ကို ကုလသံတမန်အဖြစ်မှ ဖယ်ရှားပေးရန် တောင်းဆို appeared first on ဧရာဝတီ.

ကိုယ့်စိတ်ကြိုက်၊ ကိုယ်ဆိုချင်တဲ့ ပုံစံတွေနဲ့ အဆိုတော် ဖြိုးလေးရဲ့”ဘာတွေဖြစ်”တေးစီးရီး ထွက်ရှိ

$
0
0

အဆိုတော် ဖြိုးလေး(Snare) ရဲ့ ပထမဆုံး တကိုယ်တော် တေးစီးရီး “ဘာတွေဖြစ်” Pre Listening Party ကို မတ် ၄ ရက်နေ့က ရန်ကုန်မြို့ရှိ The Maze Club မှာ ပြုလုပ်ခဲ့ပါတယ်။ ဖြိုးလေးရဲ့ “ဘာတွေဖြစ်” တေးစီးရီးမှာ သီချင်း ၁၃ ပုဒ်ပါဝင်ပြီး Fg Entertainment ကဖြန့်ချိမှာ ဖြစ်ပါတယ်။

“သီချင်း အပုဒ် ၂၀ ကျော်ရှိတဲ့အထဲမှာ ကျနော့်အကြိုက်ဆုံးသီချင်းတွေ ရွေးချယ်ပြီး ၁၃ ပုဒ် ပြန်ထည့်ပါတယ်။ သီချင်းတပုဒ်ကို တနှစ်ကြာသွားခဲ့တဲ့ သီချင်းတချို့ကလည်း ရှိပါတယ်။ ရေးထားတာ ကြာပြီးတော့ တကိုယ်တော်ခွေမှ ပြန်ထည့်တဲ့ သီချင်းတွေလည်း ပါပါတယ်။ ကျနော်က သူများတွေကို ဘာတွေ ဖြစ်နေတာလဲဆိုတဲ့ သဘောမေး ထားတာပါ” လို့ အဆိုတော် ဖြိုးလေးက ပြောပါတယ်။

ဒီအခွေမှာ သီချင်း ၁၃ ပုဒ်ပါဝင်ပြီး Featuring အနေနဲ့ Snare ၊ G Family ၊ G Latt၊ စောညီညီ ၊ မိုးမိုး၊ အောင်သူ ၊ဘန်နီဖြိုး ၊G Fatt နဲ့ ဝါဆိုမိုးဦးတို့ ပါဝင်သီဆိုပေးထားပြီး အချိန် တနှစ်ကျော် ကြိုတင်ပြင်ဆင်ထားတဲ့ အချစ်၊ အလွမ်းအဆွေး ရသစုံ ထည့်သွင်းထားတဲ့ တေးစီးရီးလည်း ဖြစ်ပါတယ်။

ချစ်သူဖြစ်သူ ဝါဆိုမိုးဦးကလည်း ဖြိုးလေးနဲ့အတူ တပုဒ်ပါဝင်သီဆိုထားပြီး တေးရေးဝေကြီး ရေးပေးတဲ့ “Black List” သီချင်းဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစပြီး မတ်လ ၃ ရက်နေ့အထိ Genius (Yangon)မှာ အခွေ Pre Order မှာယူအားပေးတဲ့ သူတိုင်းကို Pre Listening Party တက်ရောက်ဖို့ဖိတ်ကြားခံရတာဖြစ်ပြီး ပထမဆုံးဝယ်ယူတဲ့ အယောက် ၃၀ ဖိတ်ကြားတယ်လို့လည်း သိရပါတယ်။

Snare အနေနဲ့ မဟုတ်ဘဲ တကိုယ်တော် လုပ်ဆောင်ရတဲ့အပေါ်မှာလည်း ဖြိုးလေးက အခုလို ဆိုပါတယ်။

“အမှတ်တရတွေကတော့ အများကြီးပဲ။ အသည်းအသန် လုပ်ရတာတွေ ရှိတယ်။ တယောက်တည်းဆိုတော့ တပိုဒ်၊ တပိုဒ်ရေးတာ တနှစ်လောက်ကြာတဲ့ သီချင်းတွေတောင် ရှိတယ်။ အမှတ်တရတွေကတော့ အစုံပါပဲ။ အဖွဲ့နဲ့ မဟုတ်ဘဲ တယောက်တည်းလုပ်ရတာ ဘာကွာသွားလဲဆိုတော့ သီချင်းတွေကတော့ အမြဲလုပ်နေကြပါပဲ။ Snare ဆိုရင် ကျနော်အိမ်မှာ နေဝင်းနဲ့တွေဆုံပြီး၊ တိုင်ပင်ပြီးမှ လုပ်တဲ့သီချင်းတွေရှိမယ်။ အဲဒီလိုမျိုးပဲ ဒီအခွေကျတော့ ကျနော်တယောက်တည်း အိမ်မှာစိတ်ကြိုက် ကိုယ်ဆိုချင်တဲ့ပုံစံလေးတွေဆိုထားတဲ့ ကျနော့်စိတ်ကြိုက်တွေ ပိုများတာပေါ့နော်”လို့ ဆိုပါတယ်။

ဖြိုးလေးရဲ့ “ဘာတွေဖြစ်”တကိုယ်တော်တေးစီးရီးကို မတ် ၉ ရက်ညနေပိုင်း၊ ရန်ကုန်မြို့ ၊ လှည်းတန်းစင်တာမှာ ဖြိုးလေးနဲ့အတူအနုပညာမောင်နှမများက ဝယ်ယူအားပေးတဲ့ ပရိသတ်များကို လက်မှတ်ရေးထိုးပေးမှာဖြစ်ပြီး တေးသီချင်းများနဲ့လည်း ဖျော်ဖြေမယ်လို့ သိရပါတယ်။

The post ကိုယ့်စိတ်ကြိုက်၊ ကိုယ်ဆိုချင်တဲ့ ပုံစံတွေနဲ့ အဆိုတော် ဖြိုးလေးရဲ့”ဘာတွေဖြစ်” တေးစီးရီး ထွက်ရှိ appeared first on ဧရာဝတီ.

‘Sherlock Holmes 3’ ရုပ်ရှင်ပြသမယ့်အချိန်ကို ၁ နှစ်နောက်ဆုတ်

$
0
0

‘Sherlock Holmes 3’ ရုပ်ရှင်ကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကတော့ ထပ်ပြီးတော့ စောင့်ဆိုင်း ရဦးမှာပဲ ဖြစ်ပါတယ်။ နာမည်ကျော်မင်းသားတွေ ဖြစ်တဲ့ Robert Downey Jr. နဲ့ Jude Law တို့ဦးဆောင်ပါဝင်ထားကြ တဲ့ အဲဒီ့အတွဲလိုက်ရုပ်ရှင်ကို မူလက ၂၀၂၀ ခုနှစ် ခရစ်စမတ်ကာလမှာ ပြသဖို့ စီစဉ်ထားရာကနေ အခုတော့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းသွားပြီဖြစ်ပါတယ်။

Warner Bros. နဲ့ Village Roadshow ထုတ်လုပ်ရေးတို့ဟာ တတိယမြောက်ရုပ်ရှင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ကျမှ ထွက်လာမယ်လို့ ကြေညာခဲ့ပါတယ်။

ပထမဆုံး ရုပ်ရှင်နှစ်ခုဖြစ်တဲ့ “Sherlock Holmes” (၂၀၀၉) နဲ့ “A Game Of Shadows” (၂၀၁၁) တို့ဟာ အထူးအောင်မြင်မှုရရှိခဲ့ပြီး ကမ္ဘာတဝန်းကနေ ဝင်ငွေဒေါ်လာ ၅၄၅ သန်း ရရှိခဲ့ပါတယ်။ မင်းသား Downey ဟာ ပထမဆုံး ရှားလော့ဟုမ်းရုပ်ရှင်အတွက် ရွှေကမ္ဘာလုံးဆုလည်း ရရှိခဲ့ပါတယ်။

မင်းသား Downey နဲ့ မင်းသား Law တို့ဟာ အခုရက်ရွှေ့လိုက်တဲ့ ရုပ်ရှင်မှာ Sherlock Holmes နဲ့ Dr. Watson အဖြစ် သူတို့ရဲ့ သက်ဆိုင်ရာ ဇာတ်ရုပ်တွေမှာ ပြန်လည်ပါဝင်လာကြဦးမှာဖြစ်ပါတယ်။

အခုတတိယမြောက် ရုပ်ရှင်ကိုတော့ ဘယ်ဒါရိုက်တာက ရိုက်ကူးမယ်ဆိုတာကို မသိရသေးပါဘူး။ အရင်ရုပ်ရှင် နှစ်ကားကိုတော့ ဒါရိုက်တာ Guy Richie က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အခုရုပ်ရှင်ကိုလည်း အဲဒီ့ဒါရိုက်တာကပဲ ဆက်လက်ရိုက်ကူးမယ်လို့ မျှော်လင့်ရပါတယ်။

လောလောဆယ်မှာတော့ မင်းသား Downey ကတော့ “Avengers: Endgame”, “The Voyage Of Doctor Dolittle” နဲ့ “All-Star Weekend” ရုပ်ရှင်တွေနဲ့ အလုပ်များ နေပါတယ်။ မင်းသား Law ကတောါ မကြာမီပြသတော့မယ့် Captain Marvel”, “The Rhythm Section” နဲ့ “A Rainy Day In New York” ရုပ်ရှင်တွေမှာ ပါဝင်ထားပါတယ်။

Warner Bros. က အခုလိုမျိုး ရုံတင်ရက်ရွှေ့ဆိုင်းလိုက်ရတဲ့ အကြောင်းအရင်းတွေထဲမှာ အခု တတိယမြောက် ရုပ်ရှင်ကို ၂၀၂၀ ခုနှစ်မှာ ရုံတင်မယ်ဆိုရင် ဒါရိုက်တာ ‘James Cameron ရဲ့ “Avator 2” နဲ့ “Sing 2” ရုပ်ရှင် တွေနဲ့ ထိပ်တိုက် တွေ့မှာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: etcanada

The post ‘Sherlock Holmes 3’ ရုပ်ရှင်ပြသမယ့်အချိန်ကို ၁ နှစ်နောက်ဆုတ် appeared first on ဧရာဝတီ.

ရွှေအိမ်စည်အကြောင်းပြောပြတဲ့ အလှမယ်မေမြတ်နိုး

$
0
0

မြန်မာနိုင်ငံမှ အလှမယ်များကြားထဲမှာ ထူးခြားတဲ့မျက်နှာပေါက်များနဲ့ တယောက်တမျိုးစီလှပလျက်ရှိတဲ့ အလှမယ်မေမြတ်နိုးနဲ့ ရွှေအိမ်စည်တို့ ၂ဦးရဲ့ တယောက်နဲ့တယောက်အကြောင်းများကို ပြောပြခဲ့ကြပါတယ်။

“သူနဲ့စတွေ့တာက မြတ်နိုး Asia Next Top Model မပြိုင်ခင်က အိမ်စည်က Miss World ပြိုင်ဖို့ဆိုလားပြောတော့ ပြိုင်ပေါ့။ သူ့ရဲ့မျက်နှာပေါက်က မြန်မာပြည်ရဲ့ အလှမယ်လောကမှာလိုအပ်တဲ့ မျက်နှာမျိုး။ အရမ်းရှားတယ်။ ခန္ဓာကိုယ်လည်းလှတယ်။ အတွေ့အကြုံလည်းရအောင် ပြိုင်ပေါ့နော်။ Miss Universe ကတော့မပြိုင်နဲ့ဦး ပြီးမှပြိုင်ဆိုပြီး အကြံပေးခဲ့တယ်” လို့ အလှမယ်မေမြတ်နိုးကပြောပါတယ်။

ရွှေအိမ်စည်ကတော့ “သူနဲ့စသိခါစ ဖုန်းဆက်ပြီးတော့ ဘလိုင်းကြီး ပြုံးတဲ့ ဘာလဲပေါ့။ အဲဒီတုန်းက သိပ်မခင်သေးဘူး။ အိမ်စည်က မပြုံးဘူး” လို့ပြောပါတယ်။

ရွှေအိမ်စည်ကတော့ ရွှေဝါရောင်အသားအရည်နဲ့လှပနေပြီး မေမြတ်နိုးကတော့ အညိုရောင်ချောကလက်ရောင် အသားအရေနဲ့ လှပနေကြတဲ့အတွက် တယောက်တမျိုးစီထူးခြားလျက်ရှိပါတယ်။

“သူ့အင်တာဗျူးတွေကြည့်ရင် မျက်နှာကတချိန်လုံး တည်တည်ကြီးနဲ့ဆိုတော့ မဟုတ်သေးဘူးပေါ့။ Miss ကပြုံးရတယ် ပြုံးရတယ်ပြုံးဆိုပြီး ပြောလိုက်သေးတယ်။ စတွေ့တုန်းက အကြောတင်းတယ်ပေါ့။ ဘယ်လိုမှန်းမသိဘူးပေါ့ ဒီကောင်မလေးက။ မြတ်နိုးထက်ငယ်တယ်။ အိမ်စည်က။ တကယ်တမ်းကျတော့ သူကသူ့အာရုံနဲ့သူလာတာ” လို့ မေမြတ်နိုးက ပြောပါတယ်။

မေမြတ်နိုးကတော့ အိပ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် Miss Asia Pacific ကိုရီးယားနိုင်ငံမှာ ယှဉ်ပြိုင်ခဲ့ကာ Organization နဲ့ပြဿနာ ဖြစ်ပွားခဲ့ပြီး သရဖူအသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ Asia Next Top Model မှာလည်း သွားရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်

ရွှေအိမ်စည့်အနေနဲ့လည်း Miss ပြိုင်ပွဲများနဲ့ပတ်သက်ပြီး Organization နဲ့ပြဿနာဖြစ်ခဲ့ဖူးတဲ့အတွက် သူတို့၂ယောက်အတွက် အဆိုပါပြဿနာများကတော့ ပုံစံချင်းတူလို့နေပါတယ်။

“အဓိကကတော့ မြတ်နိုးတို့ ၂ယောက်ကထက်တယ်။ ကိုယ်တွေက အရမ်းကိုကြိုးစားချင်တဲ့စိတ်တွေရှိတယ်။ ကိုယ်တွေကို ထိန်းချုပ်ချင်တဲ့သူတွေနဲ့တွေ့တော့ ပြဿနာလေးတွေဖြစ်တာပေါ့။ ပြဿနာတွေကတော့ ၂ယောက်စလုံးကို ထိန်းချုပ်လို့မရတာကြောင့်လို့ထင်ပါတယ်။၂ယောက်လုံးကလည်း မြန်မာနိုင်ငံအတွက် ကြိုးစားပေးချင်ကြတယ်” လု့ိ မေမြတ်နိုးကပြောပါတယ်။

ရွှေအိမ်စည်ကလည်း “တချို့တွေကျတော့ ထက်တော့ထက်ရမယ်။ သူတို့ထက် မထက်ရဘူး။ သူတို့ထက် ထက်ရင်ကြောက်တယ်လေ။ ၂ယောက်လုံးက ပွင့်ပွင့်လင်းလင်း အေးအေးဆေးဆေးလေးပဲ။ ထိန်းချုပ်ထားတာမရှိဘူး” လို့ ပြောပါတယ်။

မေမြတ်နိုး နဲ့ ရွှေအိမ်စည်တို့ ၂ဦးကတော့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပြည်ပနိုင်ငံများမှ အလှမယ်ပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုကိုယ်စီနဲ့ ကြိုးစားနေကြပါတယ်။

The post ရွှေအိမ်စည်အကြောင်းပြောပြတဲ့ အလှမယ်မေမြတ်နိုး appeared first on ဧရာဝတီ.

ဇာတ်လမ်းတွဲများစွာ ရိုက်ကူးဖို့ရှိနေတဲ့ သရုပ်ဆောင် မေမီကိုကို

$
0
0

“ပျားရည်အိုင်” ဇာတ်လမ်း တွဲမှတဆင့် ပရိသတ်များစွာရဲ့ အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် မေမီကိုကိုက လက်ရှိ Canal+ ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေသည့် “အဆိပ်သွေး” ရုပ်သံဇာတ်လမ်းတွဲမှာတော့ သတင်းထောက် အဖြစ်ပါဝင် သရုပ်ဆောင်ထားပါတယ်။ မေမီကိုကိုက နောက်ထပ်လည်း ကာရိုက်တာ ဆန်းဆန်းလေးတွေ ရိုက်ကူးဖြစ်ဦးမှာလို့ ဧရာဝတီကို ဆိုပါတယ်။

“လတ်တလောတော့ မေမီကားလေး Toxic Season 2 လွှင့်နေတယ်။ အဲကားထဲမှာ မိတ်ကပ်လုံးဝ မပြင်ရဘူး။ ဒီကားက အချစ်လုံးဝ မပါဘူး။ လက်ဝှေ့ဝါသနာပါတဲ့ ကောင်မလေး။ အလှအပ ဝါသနာမပါဘူး။ အမှုတွေကိုလည်း အရမ်းစိတ်ဝင်စားတဲ့ သတင်းထောက် ကောင်မလေးအနေနဲ့ သရုပ်ဆောင်ထားတယ်။ ကာရိုက်တာပီပြင်အောင် ထွေထွေထူးထူး ပြင်ဆင်ရတာတော့ မရှိဘူး။ ယောကျ်ားဆန်တဲ့ မိန်းကလေးဆိုတော့ ဆံပင်ကို ဒီတိုင်းပဲ ထားထားလိုက်တယ်”

“အဆိပ်သွေးကားက အရမ်းကောင်းတယ်။ ကြည့်တဲ့ သူတွေလည်း အရမ်းကြိုက်ကြတယ်။ နောက် “တတိယမြောက်ဆုံမှတ်”ဆိုတဲ့ ကားလေးလည်း လွှင့်ဖို့ရှိတယ်။ “လိပ်ပြာနှောင်ကြိုး” ဆိုတဲ့ ဇာတ်လမ်းတွဲလေး ရိုက်ဖို့ရှိတယ်။ ကာရိုက်တာ ဆန်းဆန်းလေးတွေ မြင်ရဦးမှာပါ။ ရုပ်ရှင်ကားကြီးတွေလည်းရိုက်ဖို့တော့ရှိတယ်။ မသေချာသေးဘူး”လို့ မေမီကိုကိုက ပြောပါတယ်။

“မေမီတို့ အနုပညာသမားတွေအတွက်ကျတော့ ကံ၊ ဉာဏ်၊ ဝီရိယ၊ စန်း၊ လုံ့လ ဒါတွေအားလုံးပေါင်းစပ်ပြီးတော့မှ ဒီအနုပညာမှ မဟုတ်ဘူး။ ကံတက်ချိန်၊ စန်းတက်ချိန်မှဆိုတော့ ကျန်တာ တွေအားလုံးကို မေမီကြိုးစားခဲ့တယ်။ ကံနဲ့စန်း ကျတော့ မေမီတို့ လုပ်ယူလို့ မရဘူးလေ။ အခုကတော့ အားလုံးတိုက်ဆိုင်နေတဲ့ အချိန်လို့ ပြောရမှာပေါ။ မေမီနောက်ထပ် ဘယ်လို ကာရိုက်တာမျိုးကို သရုပ်ဆောင်ချင်လဲဆိုတော့ ရိုမန့်ဆန်တာလေးတွေ သရုပ်ဆောင်ဖူးချင် သေးတယ်’’လို့ မေမီကိုကိုက ပြောပါတယ်။

သရုပ်ဆောင် မေမီကိုကို (ဓာတ်ပုံ -ဝေဝေနှင်း/ဧရာဝတီ)

မကြာခင်ပြုလုပ်မယ့် အကယ်ဒမီပေးပွဲမှာ Star Awards ဆုပေးမှာ ဖြစ်ပြီး ဒီဆုက ဇာတ်လမ်းတွဲတွေကိုပါ ဆုပေးမယ့် အတွက် အတိုင်းမသိဝမ်းသာသလို လူငယ်တွေအတွက် ပိုပိုပြီးကြိုးစားချင်လာချင်မယ့် အားဖြစ်စေတယ်လို့ဆိုပါတယ်။

“ရုပ်ရှင်ကားကြီးနဲ့ ဇာတ်လမ်းတွဲနောက်ပိုင်း ဘယ်ဟာပိုလုပ်ဖြစ်မလဲဆိုရင် မေမီ့ကို မွေးဖွားပေးလိုက်တာက ဇာတ်လမ်းတွဲပေါ့။ အဲ့အတွက် ဒီဘက်ကိုတော့ ပိုဥိးစားပေးဖြစ်မယ်။ MRTV-4ကလည်း မေမီတို့ကို ကန့်သတ်ထားတာတော့ မရှိဘူး။ အတတ်နိုင်ဆုံးတော့ ညှိပြီးလုပ်ပေးပါတယ်။ Star Award ဇာတ်လမ်းတွဲတွေကိုပါ ဆုပေးမယ်ကြားတယ်။ ဇာတ်လမ်းတွဲတွေလည်း တော်တော်များများပါတယ် ကြားတယ်”

“အဲ့ကားတွေထဲမှာ ပျားရည်အိုင်လည်း ပါလာတယ်ပေါ့။ အဲ့လို ပေးတဲ့အတွက် အတိုင်းမသိပျော်တယ်။ ဝမ်းသာတယ်။ လူငယ်တွေအတွက် ပိုပိုပြီးကြိုးစားချင်လာချင်မယ့် အားဖြစ်စေတယ်။ ဒီလိုမှတ်တိုင်လေး တခု ရမယ်ဆိုတဲ့ အသိနဲ့ အပြိုင်အဆိုင်ကြိုးစား စိတ်တွေ ဖြစ်စေတယ်။ အဲ့အတွက် အားပေးတယ်။ ဘယ်သူပဲရရပျော်မယ်။ အကယ်ဒမီပွဲကတော့ ဖိတ်စာမရသေးဘူးပေါ့။ ဖိတ်စာရရင်တော့ တက်မှာပါ”လို့ မေမီကိုကိုကပြောပါတယ်။

ယခုထုတ်လွှင့်နေတဲ့ “အဆိပ်သွေး”ဇာတ်လမ်းတွဲအပြင် “တတိယမြောက်ဆုံမှတ်” ဇာတ်လမ်းတွဲလည်း ထုတ်လွှင့်ပြသရန် ရှိတယ်လို့ သိရပါတယ်။

မေမီကိုကိုကတော့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ အချိန်အတိုင်းအတာ တခု ရှိပြီဖြစ်သော်လည်း ပရိသတ်များ အနေနဲ့ကတော့ လက်ရှိပြသနေတဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ “မြိုင်” ဆိုတဲ့ ကာရိုက်တာနဲ့ တွဲမြင်ကာ ယခင်က သူမကို မသိခဲ့တဲ့ ပရိသတ်များရဲ့ စိတ်ဝင်တစား ချစ်ခင်မှုကိုလည်း ရရှိလာခဲ့ပါတယ်။

The post ဇာတ်လမ်းတွဲများစွာ ရိုက်ကူးဖို့ရှိနေတဲ့ သရုပ်ဆောင် မေမီကိုကို appeared first on ဧရာဝတီ.


ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာ ဖြစ်လာတဲ့ Kylie Jenner

$
0
0

အနောက်တိုင်း အနုပညာလောကရဲ့ နာမည်ကျော်တဦးဖြစ်သူ Kylie Jenner ဟာ အသက် ၂၁ နှစ်အရွယ်၊ ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ်တိုင်ရှာဖွေတဲ့ ငွေနဲ့ ဘီလီယံနာ ဖြစ်လာခဲ့ပါပြီ။

သူ့ရဲ့ အောင်မြင်တဲ့ Kylie Cosmetics ကုမ္ပဏီကနေ ရရှိတဲ့ ဝင်ငွေတွေကို ပိုင်ဆိုင်ထားတဲ့ Jenner ဟာ အသက် ၂၃ နှစ်နဲ့ ကမ္ဘာ့အသက် အငယ်ဆုံး ဘီလီယံနာဖြစ်ခဲ့တဲ့ Facebook တည်ထောင်သူ Mark Zuckerberg ကို ကျော်တက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Jenner ရဲ့ ချစ်သူ Travis Scott ကတော့ အခုလိုမျိုး ထူးခြားတဲ့ မှတ်တိုင်တခုကို ရောက်ရှိနိုင်ခဲ့တဲ့ အပေါ် ဂုဏ်ယူမိကြောင်းနဲ့ “ဘုရင်မ” ဆိုပြီးတော့လည်း Twitter မှာ ရေးသားခဲ့တာကို တွေ့ရပါတယ်။

“Keeping Up with the Kardashians” အစီအစဉ်စတားလည်း ဖြစ်ပြီး ကမ္ဘာကျော် Kardashians ညီအစ်မတွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ Jenner က “ကျမ ဘာကိုမှ မမျှော်လင့်ခဲ့ပါဘူး။ အနာဂတ်ကိုလည်း ကြိုတင်မခန့်မှန်းခဲ့ပါဘူး။ ဒါပေမယ့် အခုလိုမျိုးအသိအမှတ်ပြုတာ တကယ့်ကိုပဲ ကောင်းမွန်ပါတယ်။ ပြီးတော့ ဒါဟာ ဆိုရှယ်မီဒီယာရဲ့ စွမ်းပကားလည်း ဖြစ်ပါတယ်။ ကျမတခုခုကို မစတင်နိုင်ခဲ့ခင်မှာ တော်တော်လေးကို နေရာတခုဆီ ရောက်ရှိစေနိုင်ခဲ့ပါတယ်” လို့ Forbes မဂ္ဂဇင်းကို ပြောဆိုခဲ့ပါတယ်။

Forbes မဂ္ဂဇင်းရဲ့ ခန့်မှန်းချက်အရ နှုတ်ခမ်းအလှခြယ် ပစ္စည်းတွေနဲ့ နာမည်ကျော်ကြားတဲ့ Jenner ရဲ့ မိတ်ကပ်ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်မှာ ဝင်ငွေ ဒေါ်လာ သန်း ၃၆ဝ ရှိတယ်လို့ဆိုပါတယ်။

သူ့ရဲ့မိခင် Kris Jenner ကတော့ အဲဒီ Brand ရဲ့ ငွေကြေးပိုင်းနဲ့ PR ပိုင်းကို ကိုင်တွယ်ပေးနေပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ နှစ်စဉ်ဖော်ပြနေကျ ဘီလီယံနာ စာရင်းမှာ သူဟာ ခန့်မှန်းချေ ဒေါ်လာ ၁ ဘီလီယံပိုင်ဆိုင်တဲ့ အသက် ၂၁ နှစ်အရွယ် ပုဂ္ဂိုလ်အဖြစ် ပါဝင်လာခဲ့ခြင်း ဖြစ်ပါတယ်။

Ref: etcanada

The post ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာ ဖြစ်လာတဲ့ Kylie Jenner appeared first on ဧရာဝတီ.

တောင်ကိုရီးယားမှာ ပရိသတ်အားပေးမှု ရနေတဲ့ ဗီယက်နမ်ရုပ်ရှင် “Hai Phuong”

$
0
0

တောင်ကိုရီးယားနိုင်ငံရဲ့ Lotte Cultureworks ကနေ ငွေကြေးထည့်ဝင်ပြီး ထုတ်လုပ်ထားတဲ့ ဗီယက်နမ် ရုပ်ရှင်တခုဟာ ကိုရီးယားမှာာတော့ တော်တော်လေး ဝင်ငွေကောင်းနေခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်မှာ စတင်ရုံတင်ပြသခဲ့တဲ့ “Hai Phuong” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့အထိ ရုပ်ရှင်ကြည့်ပရိသတ် ၁ ဒဿမ ၇၃ သန်းကို ဆွဲဆောင်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြသခဲ့တဲ့ ၁၀ ရက်အတွင်းမှာပဲ ခန့်မှန်းထားတဲ့ ပရိသတ်ပမာဏ ၁ ဒဿမ ၀၂ သန်းကို ကျော်လွန်သွားခဲ့တာဖြစ်တယ်လို့ Lotte Group ရဲ့ ရုပ်ရှင်ရုံဌာနခွဲက ဆိုပါတယ်။ အဲဒီ ရုပ်ရှင်ဟာ ဗီယက်နမ်နိုင်ငံမှာတော့ တတိယမြောက် လူကြည့်အများဆုံး R-rated အဆင့်အက်ရှင် ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။

လက်ရှိအခြေအနေသာ ဆက်လက်အားကောင်းနေဦးမယ်ဆိုရင်တော့ အဲဒီ့ရုပ်ရှင်ဟာ ပရိသတ် ၂ သန်းကျော်လောက်အထိ ဝင်လာနိုင်ပြီး ဒုတိယမြောက်လူကြည့်အများဆုံး ရုပ်ရှင် ဖြစ်လာနိုင်ပါတယ်။ Lotte ရဲ့အဆိုအရ အဲဒီ့အက်ရှင်ရုပ်ရှင်ရဲ့ ဈေးကွက်ထဲမှာ အောင်မြင်မှုဟာ အချစ်နဲ့ ဟာသဇာတ်မြူးရုပ်ရှင်တွေကို ကျော်တက်သွားနိုင်တဲ့ မှတ်သွားဖွယ်ကောင်းတယ်လို့ ဆိုပါတယ်။

ရုပ်ရှင်အကြောင်းအရာကတော့ ရာဇဝတ်ဂိုဏ်းတခုရဲ့ ပြန်ပေးဆွဲတာ ခံလိုက်ရတဲ့ မိန်းကလေးရဲ့ မိခင်က သူ့သမီးကို ကယ်တင်ဖို့ ကြိုးစားတဲ့အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဗီယက်နမ်ရိုးရာ ကိုယ်ခံသိုင်းပညာ Vovinam နဲ့ ဟောလိဝုဒ်စတိုင် အက်ရှင်တို့ကို ပေါင်းစပ်ထားတဲ့အတွက် ဗီယက်နမ် နိုင်ငံသားတွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ ရုပ်ရှင်ကို မြောက်အမေရိကဒေသမှာလည်း အခုလထဲမှာ ပြသဖို့ စီစဉ်ထားပါတယ်။ Lotte Cultureworks ဟာ ၂၀၁၇ ခုနှစ်ကစလို့ “Along With the Gods” ရုပ်ရှင်စီးရီး၊ “Be With You” နဲ့ “Rampant” တို့လိုမျိုး ကိုရီးယားရုပ်ရှင်တွေနဲ့ အစပြုလို့ ဗီယက်နမ်မှာ ရုပ်ရှင်တွေ ဖြန့်ဖြူးပေးခဲ့တာပါ။

Lotte ကနေပဲ ငွေကြေး စိုက်ထုတ် ရိုက်ကူးခဲ့တဲ့ ပထမဆုံး ဗီယက်နမ်ရုပ်ရှင် “Daddy Issue” ဟာ ပြီးခဲ့တဲ့ နှစ်၊ ဒီဇင်ဘာလမှာ ပရိသတ် ၁ သန်းလောက် လာရောက်ကြည့်ရှုခဲ့ပြီး ဝင်ငွေဒေါ်လာ ၂ ဒဿမ ၆ သန်းရရှိခဲ့ပါတယ်။

Ref : Yonhap

The post တောင်ကိုရီးယားမှာ ပရိသတ်အားပေးမှု ရနေတဲ့ ဗီယက်နမ်ရုပ်ရှင် “Hai Phuong” appeared first on ဧရာဝတီ.

ကျက်သရေရှိတဲ့ ဖက်ရှင်နဲ့ Paris Fashion Week ကို တက်ရောက်ခဲ့တဲ့ မင်းသမီး ပတ်ရှင်ဟေး

$
0
0

ကိုရီးယားမင်းသမီး ပတ်ရှင်ဟေးဟာ မကြာသေးခင်တုန်းက ပဲရစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ Fashion Week ကို တက်ရောက်ခဲ့ပါတယ်။ အဲဒီပွဲကို တက်ရောက်စဉ်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာ သူ့ရဲ့ ကျက်သရေ ရှိတဲ့ လှပမှုကို မြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းကျုံးဖမ်းစားသွားနိုင်ခဲ့ပါတယ်။ အဲဒီ ပုံတွေဟာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က အွန်လိုင်းပေါ်မှာ ပျံ့နှံံ့နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဓာတ်ပုံတွေထဲမှာတော့ မင်းသမီး ပတ်ရှင်ဟေးဟာ အသက်အရှုမှားလောက်တဲ့ သူ့မျက်နှာပေါ်က အပြုံးတွေက ကင်မရာကို ကြည့်နေခဲ့တာ မြင်တွေ့ခဲ့ကြရပါတယ်။ ဒါပေမယ့် ထူးထူးထူးခြားခြား ပရိသတ်တွေ သတိထားမိတာက သူ့ရဲ့ချစ်စဖွယ် အပြုံး မဟုတ်ဘဲ သူ့မျက်နှာလေးနဲ့ တော်တော်လေးကို လိုက်ဖက်တဲ့ ဆံပင်ပုံစံ အသစ်ပဲ ဖြစ်ပါတယ်။

အခုလိုမျိုး ဂုတ်ဝဲ ဆံပင်ပုံစံ၊ မျက်လုံးကြီးကြီးနဲ့ မိန်းမဆန်တဲ့ မေးရိုးပုံစံတွေက လှတယ်ဆိုတဲ့ စကားထက် ပိုပြီး လှနေတာကို တွေ့ရပါတယ်။ မင်းသမီး ပတ် ဝတ်ဆင်ထားခဲ့တာက အနီရောင်ဝတ်လွှာ ဆွယ်တာနဲ့ အဝါရောင် စကပ်တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေနားကွင်းကြီးကြီးနဲ့ ကြီးမားတဲ့ ခါးပတ်တို့က သူ့ရဲ့ ပြင်ပ ဝတ်စုံ အလှကို ဖြည့်စွက်ပေးနေပါသေးတယ်။

Paris Fashion Week ကို တက်ရောက်ခဲ့တဲ့ မင်းသမီး ပတ်ရှင်ဟေး

သူ့ရဲ့ ကျက်သရေရှိပြီး ခေတ်မီဆန်းပြားတဲ့ ဖက်ရှင်ပုံစံကို မြင်တွေ့ခဲ့ကြရတဲ့ သူ့ရဲ့ ပရိသတ်တွေကတော့ တခမ်းတနား ချီးမွမ်းခန်း ဖွင့်ခဲ့ကြပါတယ်။

ပရိသတ်တွေက “ကျမက သူနဲ့ ဘယ်တော့မှာတူမှာ မဟုတ်ဘူး ဆိုတာကို သိတယ်။ ဒါပေမယ့် အခုတော့ ကျမရဲ့ ဆံပင်ကို ညှပ်ချင်လာပြီ။”၊ “အဲဒါ ဓာတ်ပုံလား။ သူ့ရဲ့လှပတဲ့ မျက်နှာကနေ အလင်းရောင်ထွက်နေတာ မြင်ရတယ်။” ၊ “ကျနော့်ရဲ့ မင်းသမီးလေး” စသဖြင့် မှတ်ချက်ပြု ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ မင်းသမီး ပတ်ရှင်ဟေးဟာ လက်ရှိမှာတော့ “Memories of the Alhambra” ဇာတ်လမ်းတွဲပြီးတဲ့နောက် နောက်ထပ် ဇာတ်လမ်းရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Ref : SBS

The post ကျက်သရေရှိတဲ့ ဖက်ရှင်နဲ့ Paris Fashion Week ကို တက်ရောက်ခဲ့တဲ့ မင်းသမီး ပတ်ရှင်ဟေး appeared first on ဧရာဝတီ.

Prodigy အဖွဲ့ဝင် Keith Flint နေအိမ်တွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်

$
0
0

ဇနီးဖြစ်သူ ဂျပန် DJ Artist Mayumi Kai နဲ့ ကွာရှင်းပြီးတဲ့ နောက်မှာ Keith Flint ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စမဖြစ်ခင် ၂ရက်အလိုမှာ သူဟာ အပြေးပြိုင်ပွဲတခုကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ ဒါဟာ သူ့ကို လူမြင်ကွင်းမှာ မြင်ခဲ့ရတဲ့ နောက်ဆုံးအချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ဂီတပညာရှင် Keith Flint ကို မတ်လ ၄ ရက်နေ့၊ တနင်္လာနေ့ မနက် ၈ နာရီအချိန်မှာ Essex မြို့က နေအိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့တာပါ။ သူ့ရဲ့ အဖွဲ့ဝင်တွေက သူဟာ ကိုယ်ကိုယ်ကို အဆုံးစီရင်ခဲ့တာပါလို့ ဝန်ခံပေးခဲ့ပြီး ဒီလို မပြုလုပ်ခင် ၃ နှစ်အလိုက အင်တာဗျူးတခုမှာ Keith Flint က “ကျနော့် ဘဝက ဆုံးနေပါပြီ။ တနေ့ ကိုယ့်ကိုယ်ကို သတ်သေမှာပါ”လို့ ဖြေခဲ့ပါသေးတယ်။

သူ့ကို နောက်ဆုံးတွေ့ရတဲ့ ဓာတ်ပုံထဲမှာ သူဟာ Chelmsford ပန်းခြံမှာ ပြေးနေတဲ့ပုံကို ပရိသတ်တွေကသူ့ဘဝရဲ့ အကောင်းဆုံး အချိန်တွေကို သူရခဲ့မှာပါလို့ ပြောကြပါတယ်။

အဲဒီအပြေးပြိုင်ပွဲမှာ Keith Flint နဲ့ အတူပြေးခဲ့တဲ့ ဂျာနယ်လစ် Rob Hadgraft က သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ “Keith Flint အကြောင်းကြားရတာ ဝမ်းနည်းစရာပါပဲ။ လွန်ခဲ့တဲ့ ၂ရက်က သူ့ကိုပန်းခြံမှာ တွေ့တဲ့အချိန် သူအရမ်း စိတ်ချမ်းသာတဲ့ပုံ ပေါက်နေခဲ့တာ”လို့ တင်ထားတာကိုလည်း တွေ့ရပါတယ်။

သူဟာ Prodigy အဖွဲ့မှာ ခေါင်းဆောင် အဆိုတော်အနေနဲ့ သီချင်းတွေ သီဆိုခဲ့ပြီး ၁၉၉၀ ခုနှစ်များ လူကြိုက်အရမ်းများခဲ့သူလည်း ဖြစ်ပါတယ်။ ဇနီးဖြစ်သူနဲ့ ကွာရှင်းပြီး ဇနီးက Essex မြို့က သူ့ရဲ့ လယ်တောအိမ်ကို ရောင်းဖို့ ဖိအားပေးတာကို ခံနေတာလို့လည်း သိရပါတယ်။ ဇနီးနဲ့ ကွာရှင်းလိုက်တာကြောင့် မူးယစ်ဆေးတွေကိုလည်း ပြန်လည်သုံးစွဲလာတယ်လို့ The Sun မဂ္ဂဇင်းက ဆိုပါတယ်။

သူဟာ ဆေးခြောက်၊ ကိုကင်းနဲ့ အရက်ကို အလွန်အကျွံသုံးစွဲပြီး အခြားဆေးတွေကိုလည်း သုံးစွဲတယ်လို့ သိရပါတယ်။ မူးယစ်ဆေးတွေကို သုံးစွဲပြီးရင်လည်း သူ့ကိုယ်သူ သတ္တိကြောင်တဲ့သူလို့ ပြောလေ့ရှိတယ်လို့ သူ့မိတ်ဆွေတွေက ဆိုပါတယ်။

Prodity ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ Liam Howlett က သူတို့အဖွဲ့ရဲ့ တရားဝင် Instagram စာမျက်နှာမှာ “သူသေသွားတဲ့ သတင်းက မှန်ပါတယ်။ ဒီအကြောင်းကို ပြောရတာ ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်ဘူး။ ကျနော်တို့ရဲ့ အကိုကြီး Keith ဟာ သူ့ကိုယ်သူ အဆုံးစီရင်သွားပါပြီ။ ကျနော်ဝမ်းလည်း နည်းတယ်။ ဒေါသလည်း ထွက်တယ်။ အသည်းတွေလည်း ကွဲရတယ်။ ကောင်းရာသုဂတိလားပါစေ”လို့ တင်ထားခဲ့ပါတယ်။

Ref ; dailymail.co.uk

The post Prodigy အဖွဲ့ဝင် Keith Flint နေအိမ်တွင် ကိုယ့်ကိုယ်ကို အဆုံးစီရင် appeared first on ဧရာဝတီ.

ငယ်ဘဝကို လွမ်းတာကြောင့် သြင်္ကန်နားရောက်ရင် Music Video ရိုက်ပြီး အလွမ်းဖြေတဲ့ ပိုပို

$
0
0

အဆိုတော် ပိုပိုရဲ့ သြင်္ကန်သီချင်းသစ် တပုဒ်ဖြစ်တဲ့ “ပိတောက်တစ်ခက်နဲ့ ရေတစ်ခွက်” သီချင်းကို မတ်လ ဒုတိယပတ်မှာ တင်ပေးမှာဖြစ်ပြီး ဒီသီချင်း နာမည်ပေးဖြစ်ပုံနဲ့ ရေးဖြစ်၊ ဆိုဖြစ်ပုံကို ပိုပိုက ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“သြင်္ကန်အတွက် ပိတောက်တစ်ခက်နဲ့ ရေတစ်ခွက်ဆိုတဲ့ သီချင်း ရိုက်ထားပါတယ်။ ဒီသီချင်းလေးမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း သူငယ်ချင်းတွေပါပဲ။ သူတို့ အကုန် အားဖြည့်ပေးထားတယ်။ ဒီသီချင်းလေးက EDM နဲ့ မြန်မာ သြင်္ကန်ဒိုးနဲ့ ပေါင်းထားတဲ့ ပုံစံလေးပါ။ ပိုကိုယ်တိုင် ရေးထားပါတယ်။ EDM ချည်းကျတော့ မလုပ်ချင်တာနဲ့ မြန်မာအငွေ့ အသက်လေးလည်းပါအောင် သြင်္ကန်ဒိုးပါအောင် ထည့်ထားတယ်”လို့ အဆိုတော် ပိုပိုက ပြောပါတယ်။

“ဒီသီချင်းနာမည်လေးပေးဖြစ်တာက ပိုတို့ ငယ်ငယ်တုန်းက သြင်္ကန်မှာ တယောက်နဲ့ တယောက် ခင်ချင်တယ်ဆိုရင် ကောင်မလေးကို ရေ ခဏခဏပက်ရင် သတိထားမိတယ်ပေါ့။ အခုခေတ်လို အွန်လိုင်းလည်း မရှိဘူးလေ။ အဲ့တော့ ကောင်မလေးကို ကြိုက်ရင် ပိတောက်တစ်ခက်နဲ့ ရေတစ်ခွက် ယူလာခဲ့ပါဆိုတဲ့ အဓိပ္ပါယ်လေးပေါ့။ အွန်လိုင်းကနေ ဒီသီချင်းလေးကို ဖြန့်ပေးသွားမယ်”လို့ ပိုပိုက ပြောပါတယ်။

“ဒီသီချင်းလေးကို မတ်လ ဒုတိယပတ်လောက်မှာ တင်ပေးမှာပါ။ သြင်္ကန်ရောက်ရင် ပျော်တယ်။ နွေရာသီကို ကြိုက်တယ်။ သြင်္ကန်ကို အရမ်းကြိုက်တယ်။ အဲဒါကြောင့် သြင်္ကန်ရောက်ရင် သီချင်းလေးတွေ ဖန်တီးဖြစ်တာပါ”လို့ ပိုပိုက ဆိုပါတယ်။

အဆိုတော် ပိုပိုနဲ့ “ပိတောက်တစ်ခက်နဲ့ ရေတစ်ခွက်” သြင်္ကန်သီချင်း ရိုက်ကွင်း အဖွဲ့သားများ (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

ငယ်ငယ်တုန်းက သြင်္ကန်အမှတ်တရတွေနဲ့ ငယ်ဘဝကို လွမ်းတာကြောင့် သြင်္ကန်နားရောက်ရင် Music Video တွေရိုက်ပြီး အလွမ်းဖြေတာလို့လည်း ပိုပိုက ပြောပါတယ်။

“သြင်္ကန်နဲ့ ပတ်သက်ရင် အမှတ်တရတွေဆိုရင် ငယ်ငယ်က ရေပက်ခံချင်တယ်။ အဘွားက မလိုက်ခိုင်းဘူး။ နောက် မဏ္ဍပ် လုံးဝ မထိုင်ဖူးဘူး။ အဲဒါကလည်း မုန့်ဖိုး အများကြီး မရလို့လည်း မထိုင်ဖြစ်တာပါ။ ငယ်ငယ်တုန်းက သြင်္ကန်ယိမ်းတွေကတာ အရမ်း ကချင်တယ်။ အဲဒါတွေက အမှတ်တရပါ။ အနုပညာရှင် ဖြစ်လာတော့ သြင်္ကန်ကို သီချင်းတွေဆိုရင်းနဲ့ပဲ ဖြတ်သန်းဖြစ်တယ်။ အဲ့တော့ ငယ်တုန်းကလို မဖြတ်သန်းရဘူး။ အဲဒါကိုလွမ်းလို့ Music Video တွေရိုက်ပြီး အလွမ်းဖြေတာပါ”လို့ ပိုပိုက ပြောပါတယ်။

အဆိုတော် ပိုပိုဟာ ကိုယ်တိုင် သီချင်းရေးပြီး ကိုယ်တိုင် ဆိုတဲ့ အဆိုတော်တဦးပါ။ ပိုပို ရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြား ရေပန်းစားခဲ့သလို အခုချိန်ထိ ပရိသတ်တွေ နှစ်သက် အားပေးလျက် ရှိပါတယ်။”ပိတောက်တစ်ခက်နဲ့ ရေတစ်ခွက်” သြင်္ကန်သီချင်းကိုလည်း ပိုပိုက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို၊ ကိုယ်တိုင် ဒါရိုက်တာလုပ်ကာ ရိုက်ကူးထားတယ်လို့ သိရပါတယ်။

အဆိုတော် ပိုပိုကတော့ ပထမဆုံး တကိုယ်တော် တေးစီးရီးဖြစ်တဲ့ “ချစ်ဖူးခဲ့သမျှ” နဲ့ “အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို” အယ်လ်ဘမ်တို့ ထွက်ရှိထားပြီး “Masterpiece” ဆိုတဲ့ တကိုယ်တော်အခွေလည်း နောက်ဆုံး ထွက်ရှိထားပါတယ်။ ပိုပိုက မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားပါတယ်။

The post ငယ်ဘဝကို လွမ်းတာကြောင့် သြင်္ကန်နားရောက်ရင် Music Video ရိုက်ပြီး အလွမ်းဖြေတဲ့ ပိုပို appeared first on ဧရာဝတီ.

Viewing all 7343 articles
Browse latest View live