Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all 7343 articles
Browse latest View live

၂၀၁၈ ခုနှစ် အကယ်ဒမီ အတွက် ရွှေကြိုမောင်များရဲ့ စကားသံများ

$
0
0

နှစ်စဉ်နှစ်တိုင်း အကယ်ဒမီဆု ချီးမြှင့်တဲ့ အခမ်းအနားမှာ မပါမဖြစ် ပါဝင်လေ့ရှိတာက ရွှေကြိုမောင်မယ်များပဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီဆုချီးမြှင့်ခြင်း အခမ်းအနားမှာတော့ ရွှေကြိုအဖြစ် အနုပညာရှင်များရဲ့ မျိုးဆက်သစ် သားသမီးတွေကို ရွေးချယ်ခဲ့ကြပါတယ်။ မကြာခင်ပြုလုပ်မယ့် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ပေးပွဲမှာတော့ ရွှေကြို ယောကျ်ားလေး ၅ ယောက်၊ မိန်းကလေး ၅ ယောက် ရွေးချယ်ခဲ့ပါတယ်။

ရွှေကြို အမျိုးသားတွေအနေနဲ့ သရုပ်ဆောင် နေထက်လင်းရဲ့သား ထက်လင်းအောင်၊ နေမင်းရဲ့တူ အုပ်သာကျော်၊ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့သား ဘုန်းမင်းနေလ၊ သရုပ်ဆောင် မင်းသူရဲ့သား မင်းခန့်ကိုကို၊ သရုပ်ဆောင် ကိုကိုဦးရဲ့သား သီဟအောင်တို့ ပါဝင်မှာ ဖြစ်ပါတယ်။

ရွှေကြို အမျိုးသမီးတွေအနေနဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမ မေတိုးခိုင်၊ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီး သဇင်ထူးမြင့်၊ သရုပ်ဆောင် မြင့်မြင့်ခင်ရဲ့မြေး ဝတ်မှုံသန့်နဲ့ မျိုးဆက်သစ် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ နန်းရွှေရည်နဲ့ ဆောင်းယွန်းစံတို့ ဖြစ်ပါတယ်။

ရွှေကြိုမှာ ပါဝင်ခွင့်ရတဲ့ သူတို့တွေကိုတော့ ယနေ့၊ မတ်လ ၆ ရက်နေ့၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ အကယ်ဒမီ ရန်အောင်နဲ့ မေသန်းနုတို့က အစမ်းလေ့ကျင့်ပေးနေပြီ ဖြစ်ပါတယ်။ အစမ်းလေ့ကျင့်တဲ့အပေါ် ရွှေကြိုမောင်များက သူတို့အတွေ့အကြုံတွေကို အခုလိုပဲ ပြောပြထားပါတယ်။

ထက်လင်းအောင်

“ဒီနေ့ လေ့ကျင့်တော့ အခက်အခဲလေးတွေ ရှိတယ်။ လမ်းလျှောက်တွေ အဆင်မပြေသေးဘူး။ လှည့်တာတွေလည်း မရသေးဘူး။ ဦးရန်အောင်နဲ့ အန်တီဆင့်တို့ သင်ကြားပေးနေတဲ့အတွက် သင်ယူစရာတွေ အများကြီးရပါတယ်။ မေတိုးခိုင် နေမကောင်းတဲ့အတွက် အန်တီဆင့်နဲ့ လေ့ကျင့်ရတော့ ကြောက်နေတာ။ ကျနော် စင်ပေါ်ရောက်ရင်လည်း မလုပ်နိုင်မှာ တော်တော်တော့ စိုးရိမ်တယ်။ ကျနော် အိမ်မှာလည်း သေချာကြိုးစားလေ့ကျင့်မှာပါ။ ကျနော် မရှက်တတ်အောင် ပြင်ဆင်ရမယ်။ အိမ်ရောက်ရင် မေမေနဲ့လည်း လေ့ကျင့်ဖို့လည်း ရှိတယ်။ ညီလေးနဲ့လည်း လေ့ကျင့်ဖြစ်တယ်”လို့ သရုပ်ဆောင် နေထက်လင်းရဲ့ သားဖြစ်သူ ထက်လင်းအောင်က ပြောပါတယ်။

အုပ်သာကျော်

“နိုင်ငံတော်ပွဲကြီးမှာ ကျနော်အနေနဲ့ ဂါဝရပြု ပါဝင်ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ကျနော်တို့ကို ဒီနေ့ ထရိန်နင်ပေါ့။ ကျနော် စိတ်လှုပ်ရှားတွေတော့ သိပ်မရှိဘူး။ ကိုရန်အောင်နဲ့ မဆင့်တို့ကလည်း သေချာသင်ပေးပါတယ်။ စင်ပေါ်ရောက်ရင်တော့ ကိုယ့်အနေနဲ့ အမှားပါမှာတော့ စိုးရိမ်တယ်။ ကျနော် အနုပညာလောက်ထဲကို ရောက်ပြီးသားဆိုတော့ ညီငယ်လေးတွေကိုလည်း ကူညီပေးလို့ရတာတွေ ကူညီပေးပါတယ်”လို့ သရုပ်ဆောင် နေမင်းရဲ့ တူဖြစ်သူ အုပ်သာကျော်က ပြောပါတယ်။

ဘုန်းမင်းနေလ

“ဒီနေ့အတွေ့အကြုံက ကျနော်ရှိုးတွေလည်း မလျှောက်ဖူးဘူး။ မော်ဒယ်လည်း မလုပ်ဖူးဘူး။ လမ်းလျှောက်နည်းတွေနဲ့ လျှောက်ရတာပေါ။ ကောင်းပါတယ်။ ပျော်စရာကြီးပါ။ ရှက်နေတာတော့ မရှိဘူး။ ကျနော်နဲ့တွဲတဲ့ သဇင်ထူးမြင့်က စကား နည်းတယ်။ နည်းနည်း ရှိန်နေတယ်။ အဆင်ပြေသွားမှာပါ။ ဒီနေ့ကလည်း ပထမဦးဆုံး နေ့မို့ပါ။ စင်ပေါ်မှာ အဆင်ပြေအောင် ကျနော် လေ့ကျင့်ရဦးမယ်”လို့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သားဖြစ်သူ ဘုန်းမင်းနေလက ပြောပါတယ်။

မင်းခန့်ကိုကို

“ကျနော် အစမ်း လေ့ကျင့်တာပေါ့။ စစချင်းက ရှက်တယ်။ နောက်တော့ မရှက်တော့ဘူး။ ပညာ အများကြီးရတယ်။ ကိုရန်အောင်နဲ့ မဆင့်တို့ကလည်း သေချာ သင်ပေးပါတယ်။ ပညာတွေလည်း အများကြီး ရတယ်။ ရှက်တာတွေလည်း ရှိတယ်။ အဲ့တာတွေလည်း ပြင်ရမယ်”လို့ သရုပ်ဆောင် မင်းသူရဲ့သား မင်းခန့်ကိုကိုက ပြောပါတယ်။

သီဟအောင်

“အတွေ့အကြုံလေးတွေကတော့ ညီအစ်ကို၊ မောင်နှမတွေနဲ့ လေ့ကျင့်ရတာဆိုတော့ ပျော်ဖို့လည်းကောင်းတယ်။ အခက်အခဲကတော့ တွဲဖက်နဲ့ အခုမှ စလမ်းလျှောက်တာဆိုတော့ အဲဒါလေး တိုင်ပင်လေး ညီဖို့တော့ အခက်အခဲ ရှိတယ်။ ရှက်နေတာတော့ မရှိဘူး။ အိမ်ရောက်ရင် လမ်းလျှောက်တာလေးတွေ ပြင်ရမယ်။ စင်ပေါ်ရောက်ရင်လည်း အကြောက်ရွံ့ မရှိအောင် အကောင်းဆုံးတော့ ကြိုးစားသွားမယ်”လို့ သရုပ်ဆောင် ကိုကိုဦးရဲ့ သားဖြစ်သူ သီဟအောင်က ပြောပါတယ်။

အနုပညာလောကသားတွေသာမက ပရိသတ်တွေပါ စောင့်မျှော်နေကြတဲ့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကြီးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့၊ ရန်ကုန်မြို့ The One Entertainment မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ရုပ်ရှင်ထူးချွန်ဆု ၁၁ ဆုကနေ ၁၃ ဆုကြား ပေးအပ်သွားမယ်လို့ သိရပါတယ်။

The post ၂၀၁၈ ခုနှစ် အကယ်ဒမီ အတွက် ရွှေကြိုမောင်များရဲ့ စကားသံများ appeared first on ဧရာဝတီ.


၂၀၁၈ ခုနှစ် အကယ်ဒမီအတွက် ရွှေကြိုမယ်များရဲ့ ရင်ခုန် စကားသံများ

$
0
0

ယခုနှစ်မှာ ကျင်းပမယ့်၂၀၁၈ ခုနှစ် အကယ်ဒမီဆုချီးမြှင့်ခြင်း အခမ်းအနားမှာတော့ ရွှေကြိုများအဖြစ် အနုပညာရှင်များရဲ့ မျိုးဆက်သစ် သားသမီးတွေကို ရွေးချယ်ခဲ့ကြပါတယ်။ ရွှေကြို အမျိုးသမီးတွေအနေနဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမ မေတိုးခိုင်၊ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီး သဇင်ထူးမြင့်၊ သရုပ်ဆောင် မြင့်မြင့်ခင်ရဲ့မြေး ဝတ်မှုံသန့်နဲ့ မျိုးဆက်သစ် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ နန်းရွှေရည်နဲ့ ဆောင်းယွန်းစံတို့ ဖြစ်ပါတယ်။

ရွှေကြို မောင်မယ်များကို ယနေ့၊ မတ်လ ၆ ရက်နေ့၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ အကယ်ဒမီ ရန်အောင်နဲ့ မေသန်းနုတို့က အစမ်းလေ့ကျင့်ပေးနေပြီ ဖြစ်ပါတယ်။ အစမ်းလေ့ကျင့်တဲ့အပေါ် ရွှေကြိုမယ်များက သူတို့ အတွေ့အကြုံတွေ အခုလိုပဲ ပြောပြထားပါတယ်။

သဇင်ထူးမြင့်

“တက်ညီလက်ညီနဲ့ မောင်နှမတွေ တိုက်ကြတာ ပျော်ဖို့ ကောင်းပါတယ်။ အခက်အခဲကတော့ မျက်လုံးချင်း ဆုံပြီး ကြည့်တာ အခက်အခဲလေးတွေ ရှိတယ်။ မရင်းနှီးသေးတာလည်း ပါမယ်။ နောက်ပိုင်း တိုက်တာတော့ အဆင်ပြေပါတယ်။ အစကတော့ ရှက်နေတယ်။ နောက်တော့ သိပ်မရှက်တော့ဘူး။ ဦးရန်လေးနဲ့ အန်တီဆင့်က ရှက်မနေဘဲ စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင်လေးဖြစ်အောင် သင်ပေးတယ်။ ရပ်တာက ဒေါက်နဲ့ ယိုင်နေတယ်။ စိတ်လှုပ်ရှားတော့ ပိုယိုင်တယ်။ အဲဒါလေးတော့ သေချာပြင်ဆင်သွားမယ်”လို့ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးဖြစ်သူ သဇင်ထူးမြင့်က ပြောပါတယ်။

ဝတ်မှုံသန့်

“ဒီရွှေကြို ပါဝင်ရတော့ ဘဝရဲ့ မှတ်တိုင်တခု ဖြစ်သွားတယ်။ ဒီနေ့ စလေ့ကျင့်တော့ ဖိနပ်နဲ့ အခက်အခဲတွေ့တာပေါ့။ အမြင့်နဲ့ လျှောက်နေကျ မဟုတ်တော့ အဲဒါလေး တခုပါပဲ။ ကိုရန်အောင်နဲ့ မဆင့်တို့ကလည်း သေချာသင်ပေးပါတယ်။ ပညာလည်း ရတယ်။ ညီမက ရှက်မနေဘဲ ရယ်ချင်တယ်။ အဲဒါတော့ ထိန်းထားရတယ်။ စင်ပေါ်မှာ အဆင်ပြေအောင် အခုကတည်းက ကိုယ်နဲ့ တွဲရမယ့် သူနဲ့တော့ စကားတွေ ပြောဖြစ်တယ်။ ဖေဖေက ဘေးကနေ အမှား၊ အမှန်ကို ပြောပြပြီး ကူညီပေးပါတယ်”လို့ သရုပ်ဆောင် မြင့်မြင့်ခင်ရဲ့ မြေး ဝတ်မှုံသန့်က ပြောပါတယ်။

နန်းရွှေရည်

“ဒီနေ့ အတွေ့အကြုံ ကိုရန်အောင်နဲ့ မဆင့်တို့ကလည်း သေချာသင်ပေးတာကြောင့် ပညာတွေ ထပ်တိုးပါတယ်။ လမ်းလျှောက်တဲ့ အပိုင်းတွေကိုလည်း သေချာသင်ယူရတယ်။ အခုလို ပါရတာလည်း အရမ်းဝမ်းသာတယ်။ အရင် ဗန်းကိုင်ခေါ်ကတည်းက လျှောက်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့တယ်။ အခုဒီနှစ်တော့ ပါခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာရတယ်”လို့ မျိုးဆက်သစ် သရုပ်ဆောင် နန်းရွှေရည်က ပြောပါတယ်။

ဆောင်းယွန်းစံ

“အစမ်းလေ့ကျင့်တာ အရင်ကရှိုးတွေ လျှောက်ဖူးပေမယ့် အခု လျှောက်ရမှာတော့ အရမ်းရင်ခုန်တယ်။ အမှားအယွင်း ဖြစ်မှာလည်း ကြောက်တယ်။ ကိုယ် ရွှေကြို ဖြစ်ဖို့ ၁၉ ၊၂၀ တုန်းက ကြိုးစားခဲ့တယ်။ မရနိုင်ဘူးလို့ ထင်တဲ့အချိန်ကျမှ လုပ်ရတော့ အဲ့ခံစားချက်က ဘာနဲ့မှ လဲလို့ မရဘူး။ အဲဒီအချိန်တုန်းက စိတ်ဓာတ်ကျပြီး လှည့်သွားရင် အခုလို ပါဝင်ရမှာ မဟုတ်ပါဘူး။ အဲ့အချိန်ကတည်းက ကြိုးစားပြီး အနုပညာကို လျှောက်ခဲ့တယ်”

“အဲ့အတွက် ဒီအခွင့်အရေးကို လက်ဆောင်အဖြစ် ရခဲ့တယ်။ အဲ့အတွက် ဒီရွှေကြိုနေရာလေးကို ကိုယ် ၅ နှစ်လောက် ကြိုးစားခဲ့လို့ ရတာဖြစ်တဲ့အတွက် ဒီနေရာလေးက မထိုက်တန်ဘူးလား။ ကိုယ်ကြိုးစားခဲ့တဲ့အတွက် ရရှိခဲ့တာကြောင့် ဒီနေရာလေးကိုတော့ ခံစားခွင့်ပေးပါလို့ ပြောချင်ပါတယ်။ စင်ပေါ်မှာ စိတ်ငြိမ်အောင် အခုရက်ပိုင်းကတည်းက ပုတီး စိပ်တယ်။ တရား ထိုင်တယ်။ အမှားအယွင်း မရှိအောင် ကြိုးစားသွားမှာပါ”လို့ သရုပ်ဆောင် ဆောင်းယွန်းစံက ပြောပါတယ်။

၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကြီးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့၊ ရန်ကုန်မြို့ The One Entertainment မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ရုပ်ရှင်ထူးချွန်ဆု ၁၁ ဆုကနေ ၁၃ ဆုကြား ပေးအပ်သွားမယ်လို့ သိရပါတယ်။

The post ၂၀၁၈ ခုနှစ် အကယ်ဒမီအတွက် ရွှေကြိုမယ်များရဲ့ ရင်ခုန် စကားသံများ appeared first on ဧရာဝတီ.

နယ်လှည့်ဖျော်ဖြေပွဲကို မှတ်တမ်းတင်မယ့် ရုပ်ရှင် ဖန်တီးနေတဲ့ Westlife အဖွဲ့

$
0
0

Westlife အဖွဲ့ဟာ သူတို့ရဲ့တကျော့ပြန်အနုပညာလှုပ်ရှားမှုကို မှတ်တမ်းတင်မယ့် ရုပ်ရှင်တခုကို ဖန်တီးနေ တယ်လို့ သိရပါတယ်။ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Kian Egan, Shane Filan, Mark Feehily နဲ့ Nicky Byrne တို့ ပါဝင်ကြတဲ့ အိုင်းရစ်အဖွဲ့ဟာ အခုမေလမှာ ပြုလုပ်တော့မယ့် ဥရောပနယ်လှည့်ဖျော်ဖြေပွဲ ခရီးစဉ်ကို စတင်ချိန်မှာပဲ မှတ်တမ်းတင်ရိုက်ကူးရေးကို စတင်မှာဖြစ်ပါတယ်။

သူတို့အဖွဲ့ဝင်လေးဦးရဲ့ ရုပ်ရှင်ကိုတော့ မူပိုင်ခွင့်ရဖို့ Sky ကရော၊ Netflix ကပါ အပြိုင်အဆိုင်ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။

အဖွဲ့ဝင် Kian က “ကျနော်တို့က တောက်လျှောက်သွားမှာမို့လို့ ပထမဆုံးနေ့ကတည်းက ရိုက်ကူးရေး သမားတွေက ကျနော်တို့ိကို ရိုက်နေကြပါပြီ။ Netflix ကနေပြမှာလား၊ Sky ကနေပြမှာလားဆိုတာ ဖော်ထုတ်ဖို့ အချိန်ရောက်ပါပြီ” လို့ပြောဆိုခဲ့ပါတယ်။

သူတို့အဖွဲ့ပြန်လည်ပေါင်းစည်းပြီးတဲ့နောက် ပြုလုပ်တဲ့ နယ်လှည့် ဖျော်ဖြေပွဲကို မှတ်တမ်းတင်ချင်ရတဲ့အကြောင်းအရင်းက သူတို့ထုတ်ဖော်ပြသမယ့် အရာတွေကို ကလေးတွေနဲ့ သူတို့ရဲ့ ပရိသတ်တွေ မြင်စေချင်တာ အရေးကြီးနေတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

အဖွဲ့သားအားလုံးနီးပါးဘယ်လို ပြန်လာခဲ့ကြတယ်ဆိုတာ ပရိသတ်တွေနဲ့ ကလေးတွေအတွက် သိစေဖို့ အရေးကြီးကြောင့် မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးရတာဖြစ်တယ်လို့ အဖွဲ့ဝင် Shane က ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ အဖွဲ့သားတွေအနေနဲ့ ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြပြီးတဲ့နောက် အခုလိုမျိုး ရရှိခဲ့တဲ့ အခွင့်အရေးမှာ ပရိသတ်အပေါ် ဘယ်လိုသစ္စာရှိတယ်ဆိုတာကိုလည်း ပြချင်တာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၀၄ ခုနှစ်အထိ အဖွဲ့သား Brian McFadden ရှိခဲ့တဲ့ Westlife အဖွဲ့ဟာ နယ်လှည့်ဖျော်ဖြေပွဲ လုပ်ဖို့ တော်တော်လေးကို စိတ်အားထက်သန်ခဲ့ကြပေမယ့် အဖွဲ့ဝင် Mark ကလွဲလို့ ကျန်အဖွဲ့ဝင်တွေဟာ ဖခင်တွေ ဖြစ်လာကြတာကြောင့် လမ်းခွဲခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“My Love” သီချင်းနဲ့ ကမ္ဘာတဝန်းနာမည်ကျော်ကြားခဲ့တဲ့ Westlife အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာပဲ အဆိုတော် Ed Sheeran ရေးသားပေးထားတဲ့ ‘Hello My Love’ သီချင်းကို ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အဖွဲ့သား Shane နဲ့ Nicky ကတော့ သူတို့အဖွဲ့ရဲ့ အတ္ထုပ္ပတ္တိကို ပြန်လည်ရိုက်ကူးမယ်ဆိုရင် ဟောလိဝုဒ် အကျော်အမော်တွေဖြစ်တဲ့ Tom Cruise နဲ့ Ryan Gosling ကိုထည့်သွင်းရိုက်ကူးစေမယ်လု့ိ ဆိုပါတယ်။

Ref:asiaone

The post နယ်လှည့်ဖျော်ဖြေပွဲကို မှတ်တမ်းတင်မယ့် ရုပ်ရှင် ဖန်တီးနေတဲ့ Westlife အဖွဲ့ appeared first on ဧရာဝတီ.

Spring သီချင်းနဲ့ ပရိသတ်ရှေ့ပြန်ရောက်လာခဲ့တဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Park Bom

$
0
0

နာမည်ကျော် ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ 2NE1 ဖျက်သိမ်းသွားခဲ့ပြီးနောက်ပိုင်း အဖွဲ့ဝင်တယောက် ချင်းစီရဲ့ လှုပ်ရှားမှုတွေကို ပရိသတ်တွေ စောင့်မျှော်အားပေးခဲ့ကြပါတယ်။ အခုလည်း ပရိသတ်ရှေ့ကနေ ကာလအတန်ကြာ ပျောက်ကွယ်နေတဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Park Bom ကို Spring သီချင်း Teaser နဲ့အတူ ပြန်ထွက်ပေါ်လာခဲ့ပါပြီ။

ထွက်ရှိခဲ့တဲ့ Teaser နဲ့တင် ပရိသတ်အားပေးမှုမြင့်တက်ခဲ့လို့ V Live လွှင့်ခဲ့စဉ်မှာပဲ Park Bom တယောက် စိတ်လှုပ်ရှားပျော်ရွှင်လွန်းလို့ မျက်ရည်ဝဲခဲ့ရပါတယ်။ ဒီနေ့လေးဟာ Park Bom နဲ့ သူမချစ် ပရိသတ်အတွက် တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ နေ့ဖြစ်ခဲ့သလို အချိန်ကြာကြီး သူမ သီချင်းဆိုသံကို မကြားခဲ့ရတဲ့ပရိ သတ်တွေအတွက် စက္ကန့်ပိုင်းစာပဲရှိတဲ့ Teaser ကို အလွမ်းပြေ ပြန်နားထောင်ခွင့်ရခဲ့တာပါ။

“အံ့သြမှင်သက်သွားလောက်တဲ့ အသံပိုင်ရှင်လေး ပြန်ရောက်လာသလိုပါပဲ။ စက္ကန့်ပိုင်းလောက်ပဲနားထောင်ရ တာတောင် အသံကစွဲမက်စရာကောင်းလွန်းလို့ အချစ်တွေနဲ့ အမြဲအားပေးနေမယ်”လို့ အမာခံပရိသတ်တွေက V Live လွှင့်စဉ်မှာ မှတ်ချက်ပြုခဲ့ကြပါတယ်။

Park Bom ကိုယ်တိုင်လည်း သူမကို အချစ်တွေနဲ့ အားပေးခဲ့ကြလို့ ပရိသတ်တွေကို နှုတ်ဆက်အပြီးမှာတင် ငို ကြွေးခဲ့ရပြီး အားပေးမှုက သူမရင်ထဲကို ထိခဲ့သလို ဒီလောက်ထိ Teaser ကိုတောင် အားပေးမယ်လို့ မသိခဲ့တဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် V Live မှာ နိုင်ငံတကာက ပရိသတ်တွေကိုလည်း အင်္ဂလိပ်စကားနဲ့ ကျေးဇူးတင်တဲ့အကြောင်း ပြောခဲ့သလို သီချင်းထွက်လာရင်လည်း အားပေးကြမယ်လို့ မျှော်လင့်မိတဲ့အကြောင်း ဆိုပါတယ်။

2NE1 အဖွဲ့ဝင်ဟောင်း Park Bom ရဲ့ Spring သီချင်းဟာ ၂၀၁၁ ခုနှစ်မှာ တကိုယ်တော်ထွက်ရှိခဲ့တဲ့ “Don’t Cry” သီချင်းနောက်ပိုင်း ပထမဆုံးပြန်ထွက်ရှိလာတဲ့ သီချင်းဖြစ်သလို ၂၀၁၇ ခုနှစ် ဇန်နဝါရီမှာနောက်ဆုံးထုတ်ခဲ့တဲ့ 2Ne1 အဖွဲ့ရဲ့ “Goodbye” သီချင်းနောက်ပိုင်း ပထမဆုံးပြန်လည် မြင်တွေ့ရတာလည်းဖြစ်ပါတယ်။

 

Spring သီချင်းဟာ သူမ YG Entertainment ကထွက်ခွာပြီး လက်ရှိ အေဂျင်စီအသစ် D-Nation ကနေ ပထမဆုံးစတင်ဖြန့်ချိပေးလိုက်တာလည်းဖြစ်ပါတယ်။ Park Bom ရဲ့ Spring သီချင်းကို မတ်လ 13 ရက်နေ့မှာ ဖြန့်ချိသွားမှာဖြစ်ပြီး 2Ne1 အဖွဲ့ဝင်ဟောင်း Sandara Park က ကူညီသီဆိုပေးထားပါတယ်။

Ref: Soompi

The post Spring သီချင်းနဲ့ ပရိသတ်ရှေ့ပြန်ရောက်လာခဲ့တဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Park Bom appeared first on ဧရာဝတီ.

“အိမ်ခြံမြေ လုပ်ငန်းက ကျနော့် အသက်ပဲ”လို့ ပြောတဲ့ အဆိုတော် သားစိုး

$
0
0

အဆိုတော် အလုပ်အပြင် စီးပွားရေးတွေလည်း လုပ်နေတဲ့ အဆိုတော် သားစိုးက အိမ်၊ခြံ၊မြေ ဆောက်လုပ်ရေးကိုလည်း တိုးချဲ့လုပ်ဆောင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်စအတွက် ထူးထူးခြားခြားအနေနဲ့ မတ်လ ၉ ရက်နဲ့ ၁၀ ရက်နေ့မှာပြုလုပ်မယ့် “Most Amazing Private Property Sales Expo 2019 ” အိမ်ခြံမြေဈေးရောင်းပွဲမှာ သူရှိနေမယ်လို့ ဧရာဝတီကို ပြောပါတယ်။

သားစိုးက အိမ်၊ခြံ၊မြေ လုပ်ငန်း လုပ်ဆောင်ပုံများနဲ့ ပတ်သက်ပြီး “ကျနော့် သူငယ်ချင်းက ရွှေတောင်ကြားလမ်းမှာ My Resident ဆိုတာကို ဆောက်တယ်။ သူတို့ရဲ့Project ကိုလည်း ကျနော်သွားကြည့်တယ်။ တကယ် ကောင်းတယ်။ဒါကြောင့်လည်း ကျနော်က အာမခံပြီး ရောင်းပေးဖြစ်တယ်။ ရောင်းလည်း ရောင်းရတယ်။ ဝယ်တဲ့သူတွေလည်း အကျိုးဖြစ်ထွန်းတာ တွေ့ရလို့ ပျော်တယ်။ ဒီအလုပ်က နှစ်ဖက်စလုံး အကျိုးရှိတယ်။ ကြားထဲက အကျိုးဆောင်ပေးရတဲ့ ကျနော်တို့လည်း ပျော်ရတယ်”

“ကျနော်က အကျိုးဆောင်ရော၊ Media ပိုင်းရော အကုန်လုံးမှာ ပါတာ။ လုပ်ရင်လည်း အစ၊ အဆုံး လုပ်တတ်တဲ့သူတယောက် ဆိုတော့၊ ကလေးတွေလည်း မခိုင်းချင်တော့ ကျနော့်အနေနဲ့ပဲ ဆက်တိုက်တွေ လုပ်ဖြစ်သွားပါတယ်”လို့သားစိုးက ပြောပါတယ်။

သားစိုးက ဒီလုပ်ငန်းကို၂၀၀၈ ခုနှစ်ကတည်းက စတင်လှုပ်ရှားဖြစ်တယ်လို့ ဆိုပြီး လုပ်ချင်လာတဲ့ စိတ်ကူးကိုလည်းသားစိုးက အခုလိုပြောပြပါတယ်။

“ကျနော်လုပ်တာ ဆယ်နှစ်ကျော်သွားပြီဗျ။ စလုပ်တုန်းကတော့ ကိုယ်ပိုင်အနေနဲ့ပဲ တနိုင်တပိုင်လေးစ လုပ်ဖြစ်တယ်။နောက်ပိုင်း Golden City နဲ့ချိတ်ဆက်ဖြစ်သွားပြီးလုပ်ဖြစ်သလို တခြားသူတွေနဲ့လည်းလုပ်ဖြစ်သွားတာပါ။ ဒီလိုစီးပွားရေးလုပ်ငန်းလုပ်ဖြစ်တယ် ဆိုတာကလည်း ကျနော်တို့မှာက Copy Right ဆိုတာ မရှိဘူး။ အဆိုတော်ပဲဖြစ်ဖြစ်၊ မင်းသား၊ မင်းသမီးပဲဖြစ်ဖြစ်၊ ကာတွန်းဆရာပဲ ဖြစ်ဖြစ်ပေါ့။ အနုပညာသမားမှန်ရင် ဒုက္ခရောက်တာပဲ။ ကျနော် အဲဒါကိုကြည့်ပြီး သံဝေဂ ရတယ်။ ဒါနဲ့ပဲ မေတ္တာညွန့်ဖက်မှာ ပေ ၂၀/ပေ ၆၀မြေကွက်လေး စဝယ်ပြီး လုပ်ဆောင်ဖြစ်ခဲ့တာပါ”လို့ သားစိုးက ပြောပါတယ်။

အနုပညာသမား စီးပွားရေးလုပ်တဲ့အခါ ဘယ်လိုအခက်အခဲတွေ တွေ့ကြုံ့ရတယ်ဆိုတဲ့အပေါ်ကို အခုလိုဆိုပါတယ်။

“ကျနော်တို့ အရင်တုန်းကလေ သိန်း ၁၀၀ ရင်းနှီးမြှုပ်နှံရင် ဘယ်လောက်ပြန်ရမယ်ဆိုတာမျိုး မတွက်ခဲ့ဖူးဘူး။ ကိုယ်လုပ်ချင်တာပဲ သိတာကိုး။ အခုတော့ ကိုယ်က လုပ်တာလည်းကြာလာပြီဆိုတော့ မနှစ်ကနဲ့ ဒီနှစ်တောင် မတူတော့ဘူး။ ပိုသိမြင်လာတယ်။ ဒါပေမယ့် စီးပွားရေးသက်သက်ကြီးပဲ လုပ်ရင်လည်း မကောင်းဘူး။ အနုပညာနဲ့ ဆက်စပ်လိုက်တဲ့အခါကျတော့ အကောင်းဆုံးရလဒ်တွေ ရပါတယ်”

“ပြီးတော့နောက်ပိုင်းမှာ ထိထိမိမိ လုပ်ကိုင်ဖို့ဆိုရင် ဒီ အိမ်၊ခြံ၊မြေကိုပဲ ဆက်သွားမှာပါ။ ကိုယ်လည်းဝါသနာပါတယ် ဆိုတော့လေ။ အိမ်၊ခြံ၊မြေသည်သာ ကျနော့်ရဲ့အသက်ဖြစ်ပါတယ်”လို့ သားစိုးက ဆိုပါတယ်။

သားစိုးက နောက်ပိုင်းမှာ ကိုယ်ပိုင်အနေနဲ့ လုပ်ဖို့ရည်ရွယ်ထားတဲ့ Project တွေ ရှိတယ်လို့လည်း ဆိုပါတယ်။

“ကျနော် စဉ်းစားထားတာ ရှိတယ်။ Micro Apartment ပေါ့နော်။အခု New York မှာ ခေတ်စားနေတယ်။ အဲဒါမျိုးကို ကိုယ်တိုင်လုပ်ဖို့ ရှိပါတယ်။ အဲဒီလုပ်ငန်းမှာ တွဲပြီးလုပ်ချင်တဲ့ ပါတနာတွေရှိရင်လည်း ၊ Micro Condo ကို စိတ်ဝင်စားတဲ့လုပ်ငန်းရှင်တွေ၊ အကျိုးတူ လုပ်ချင်တဲ့ Developer တွေ ကျနော့်ကို ဆက်သွယ်နိုင်ပါတယ်။ အခုဆိုရင် ကျနော်က မြေနေရာတွေ၊ Project Style တွေ ရွေးနေပါပြီ”လို့ သားစိုးက ဧရာဝတီကို ပြောပါတယ်။

စီးပွားရေးဘက် ပိုလှည့်ဖြစ်နေတဲ့ သားစိုးက “အခုအချိန် ကျနော်တို့ ခေါင်းထဲမှာ ပိုရှိတာက သားနဲ့သမီးနှစ်ယောက်စာဖြစ်သွားတဲ့အတွက် ပိုက်ဆံ ပိုရှာရမယ်ဆိုတာပဲ ရှိပါတယ်။သမီးလေးကို နာမည်တောင် မပေးရသေးဘူး။ ‘ပန်းကလေး’ ဆိုတဲ့နာမည်ကို သူ့အစ်ကို ပန်းသီးက ပေးလိုက်တာ။ ကျနော်က ကလေးတွေကိုနာမည်တခါမှ မပေးဖြစ်ဘူး။ ပန်းသီးတုန်းကကျတော့ နာ့စ်ဆရာမလေးတွေက ပေးလိုက်တာ”လို့ ပြောပါတယ်။

The post “အိမ်ခြံမြေ လုပ်ငန်းက ကျနော့် အသက်ပဲ”လို့ ပြောတဲ့ အဆိုတော် သားစိုး appeared first on ဧရာဝတီ.

အသက် ၃၀ မတိုင်ခင်ကြုံခဲ့ရတဲ့ အခက်အခဲတွေအကြောင်း ပြောပြခဲ့တဲ့ Taylor Swift

$
0
0

အဆိုတော် Taylor Swift ဟာ ဒီနှစ်ဆိုရင် အသက် ၃၀ ပြည့်ပါပြီ။ အခုလိုမျိုး အသက် ၃၀ ပြည့်မယ့် အခါသမယ မတိုင်ခင်သူဟာ Elle မဂ္ဂဇင်းမှာ “အသက် ၃၀ မတိုင်ခင်ကြုံတွေ့ခဲ့ရသော ကိစ္စရပ် ၃၀” အကြောင်း စာရေးသား ဖော်ပြခဲ့ပါတယ်။

လာမယ့် ဧပြီလအတွက် မျက်နှာဖုံးရှင်အဖြစ် အဲဒီ့ ဖက်ရှင်မဂ္ဂဇင်းက Swift နဲ့ ရိုက်ကူးထားတဲ့အကြောင်း Instagram မှာ ကြေညာခဲ့ပြီးတဲ့နောက် အဲဒီ့ဆောင်းပါးကို ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ အဲဒီ့အထဲမှာ အသက် ၃၀ နီးပါးအရွယ်မှာ တော်တော်လေး ပျော်ရွှင်ရသလားဆိုတာ ပရိသတ်တွေကို စာရေးပြီး Swift က ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

Swift က “ကျမရဲ့ မွေးစာရင်းအရဆိုရင် ဒီနှစ်မှာ အသက် ၃၀ ပြည့်ပါပြီ။ ကျမရဲ့ တချို့အပိုင်းတွေက ၁၈ နှစ်လို့ ခံစားရပြီး တချို့အပိုင်းတွေကတော့ ၂၈၃ လို့ ခံစားရပါတယ်။ ကျမက တကယ့်အသက်ကတော့ ၂၉ နှစ်ပါ” လို့ဆိုပြီး ဆောင်းပါးကို အစချီထားပါတယ်။ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေထဲမှာဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က အဆီတခုချင်းစီတိုင်းကို မမုန်းတော့ဖို့ လေ့လာသင်ယူရပြီး ပြုံးရယ်ဖို့လည်း သင်ကြားရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ မန်ချက်စတာမြို့က ဖျော်ဖြေပွဲဗုံးပေါက်ကွဲမှုပြီးတဲ့နောက် နယ်လှည့်ဖျော်ဖြေပွဲတွေကို လုပ်ရမှာ သိပ်ကို ကြောက်လန့်သွားခဲ့တဲ့အကြောင်းလည်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ ဘဝထဲကို အကြမ်းဖက်မှု ကြောက်ရွံ့တဲ့စိတ် ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ ဝက်ဘ်ဆိုက်တွေနဲ့ တက်ဘလက်လိုမျိုး ပစ္စည်းတွေက သူ့ရဲ့ အိမ်လိပ်စာတွေကို အွန်လိုင်းပေါ်တင်တာကြောင့် သူ့ရဲ့ အိမ်ကို ချိုးဖောက်ဝင်ရောက်ခံရတာမျိုး တွေလည်း ရှိတယ်လို့ ဆိုပါတ.်။

သူကြုံတွေ့ခဲ့ရတဲ့ ကိစ္စရပ် နံပါတ် ၂၄ မှာ ဖော်ပြထားတာကတော့ သူ့အမေ ကင်ဆာရောဂါခံစားခဲ့ရတယ် ဆိုတဲ့အကြောင်းပါ။

Swift က “ကျမမိဘနှစ်ယောက်လုံးဆီမှာ ကင်ဆာရှိပါတယ်။ ပြီးတေ့ ကျမက အမေက ကင်ဆာရောဂါပြန်ဖြစ်ခဲ့ ပါတယ်။ ဒါတွေက တကယ့်ပြဿနာတွေပဲလို့ ကျမကို သင်ကြားပေးပါတယ်။ ကျမအမေရဲ့ ကင်ဆာက တကယ့်ကိုပဲ ပြဿနာပါ” လို့ ရေးသားခဲ့ပါတယ်။

မိသားစုဝင်တွေ ပြင်းထန်တဲ့ နာမကျန်းဖြစ်မှုကြောင့် စိုးရိမ်စိတ်တွေနဲ့ စိတ်ဖိအားတွေ ဖြစ်ပေါ်စေခဲ့တဲ့အပြင် ပြဿနာတွေ ပြေလည်စေဖို့ ဆုတောင်းနေခဲ့ရတယ်ဆိုတဲ့အကြောင်းကိုလည်းပြောပါတယ်။ အခုဖော်ပြခဲ့တဲ့ ဆောင်းပါး တခုလုံးကို ဧပြီလထုတ် Elle မဂ္ဂဇင်းနဲ့ ဝက်ဘ်ဆိုက်မှာလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Ref: billboard

The post အသက် ၃၀ မတိုင်ခင်ကြုံခဲ့ရတဲ့ အခက်အခဲတွေအကြောင်း ပြောပြခဲ့တဲ့ Taylor Swift appeared first on ဧရာဝတီ.

“အတွဲသီချင်းတွေ ဆိုရတာ၊ ဖက်ရတာ မိဘတွေရှေ့မှာ မျက်နှာပူတယ်”လို့ ပြောတဲ့ ဘီလီလမင်းအေး

$
0
0

Myanmar Idol သီချင်းဆိုပြိုင်ပွဲမှတဆင့် ပရိသတ်လက်ခံတဲ့ အဆိုတော် တယောက်ဖြစ်လာတဲ့ ဘီလီလမင်းအေးကတော့ သူ့ရဲ့မွေးနေ့လေးမှာ Fan တွေနဲ့ ပေါင်းပြီး အလှူလုပ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

“ဒီလက အနုပညာအလုပ်တွေ နည်းနည်းလေး နားထားတယ်။ ဖူးသီချင်းခွေအတွက် ရိုက်ဖို့တွေ ရှိတယ်။ နယ်ရှိုးနည်းနည်း လေးသွားမယ်။ မွေးနေ့အတွက် အလှူလေးတွေလုပ်မယ်။ ဖူးမွေးနေ့လေးမှာ Fanတွေနဲ့ပေါင်းပြီး အလှူလုပ်သွားမှာပါ။ သြင်္ကန်သီချင်းလေး “ဘာလိုသေးလဲ”ကို ဆိုထားတယ်။ သြင်္ကန်ရောက်ရင် အရမ်းပျော်တယ်။ ခံစားရတဲ့ အရသာတွေလည်း မတူဘူး အဲ့အတွက် သြင်္ကနားရောက်လာရင်ကို ပျော်နပြီ”

“သြင်္ကန်ဘယ်မှာရှိမလဲတော့ မပြောတတ်ဘူး။ ဖူးသီချင်းတွေ ဆိုမယ်။ မောင်နှမတွေနဲ့ ပျော်ပျော်နေမယ်။ မုန့်တွေစားကြမယ်။ ဖူး ဒုတိယခွေတွက်လည်း လုပ်နေတယ်။ အဲ့ထဲမှာ အသစ်က ၃ပုဒ်ပဲပါမယ်။ အရင်တုန်းကနာမည်ကြီး သီချင်းလေး တွေ ပြန်ဆိုမယ်။ ဒီခွေက လှိုင်းတေးသံသွင်းက ထုတ်ပေးတာဆိုတော့ သူတို့ စိတ်တိုင်းကျရွေးထားတဲ့ သီချင်းတွေပေါ့”လို့ ဘီလီလမင်းအေးက ပြောပါတယ်။

“ကိုယ့်အတွက် အရမ်းစိန်ခေါ်မှုဖြစ်တယ်။ အရင်တုန်းက ဆိုခဲ့တဲ့ မူလည်း မပျက်သွားအောင် ဆိုရတာပေါ့။ ဖူးအကောင်းဆုံးတော့ လုပ်ထားပါတယ်။ အားပေးပါလို့လည်း ပြောချင်ပါတယ်” သူက ဆိုပါတယ်။

သီချင်းတွေမှာ သရုပ်ဆောင်ဖြစ်တဲ့ ခံစားချက်နဲ့ ပတ်သက်လို့လည်း ဘီလီလမင်းအေးက အခုလိုဆိုပါတယ်။

အဆိုတော် ဘီလီလမင်းအေး (ဓာတ်ပုံ – ချစ်ပိုး/ဧရာဝတီ)

“ဖူးသီချင်းတွေမှာ သရုပ်ဆောင်တဲ့အခါ ဖူးမှာ အကျင့်တခုရှိတာက ကင်မရာထဲက ကိုယ့်ရုပ်ကို ပြန်မကြည့်ရဲဘူး။ ရှက်လို့၊ ရိုက် ပြီးသွားရင် သူများဆို မော်နီတာပေါ်မှာ ပြန်ကြည့်တယ်။ ဖူးက ပြန်မကြည့်ဘူး။ သီချင်းထွက်လာရင် အိမ်ကလူတွေကို အဆင်ပြေလား။ ပြန်မေးတယ်။ ကင်မရာရှေ့မှာ နေရတာ ဖူးရှက်တယ်။ တချို့သီချင်းတွေ ဥပမာ ငိုရတာတွေ၊ အတွဲသီချင်းမျိုးတွေဆိုရတာ၊ ဖက်ရတာတို့ဆို အထူးသဖြင့် မိဘတွေရှေ့မှာ မျက်နှာပူတယ်။ ရှက်တယ်”လို့ ဘီလီလမင်းအေးက ပြောပါတယ်။

လတ်တလောမှာ လူစိတ်ဝင်စားမှုများနေတဲ့ LGBT (Lesbian, Gay, Bisexual, Transgender) များအပေါ် အမြင်နဲ့ သူတို့ရဲ့ အချစ်များအပေါ်အမြင်ကိုလည်း ဘီလီလမင်းအေးက အခုလို ဆိုပါတယ်။

“LGBTတွေက ဘာပဲပြောပြော ဖူးတို့ အခုခေတ်ကြီးမှာတော့ ပွင့်လင်းမြင်သာလာပြီ၊ အားလုံးကို အခွင့်အရေးပေးထား တယ်။ LGBT ဆိုတာလည်း လူသားထဲက လူဖြစ်တဲ့အတွက် ဖူးအနေနဲ့ မိန်းကလေးချင်းကြိုက်တယ်။ ယောကျာ်းလေး ချင်းကြိုက်တယ်ဆိုတာတွေကို ဘာမှပြောစရာ မရှိပါဘူး။ ဖူး Fan တွေထဲမှာလည်း LGBT တွေ ရှိတယ်”

“ဖူးကို အများစုအား ပေးတာလည်း Tom Boyလေးတွေ။ ပြီးတော့ မိတ်ကပ်လိမ်းတဲ့ မေမေတို့ဆိုလည်း ဖူးကို အရမ်းချစ်တယ်။ ဖူးလည်း အရမ်းချစ်တယ်။ LGBTတွေက ပိုပြီးတောင် ချစ်တတ်တဲ့ နှလုံးသား ရှိလားတောင်ထင်ရတယ်။ သူတို့မှာ အားငယ်တတ်တဲ့ စိတ်လေးရှိတာလွဲရင် အားလုံးကောင်းတယ်။ အရမ်းလည်းချစ်ဖို့ကောင်းတယ်။ ဖူးကို LGBTတွေ ချစ်ကြတယ်။ LGBTတွေကို အကောင်းမြင်လာပေးပြီး လူထဲကလူသားတယောက်ဖြစ်တဲ့အတွက် သူတို့တွေကိုချစ်ကြရင် ကောင်းတာ ပေါ့”လို့ ဘီလီလမင်းအေးက ပြောပါတယ်။

ဘီလီလမင်းအေးရဲ့ပထမဆုံး တကိုယ်တော်အခွေ “အရှုံးမပေးတဲ့ ဝိညာဉ်” ဆိုတဲ့ Audio CD ကို မတ်လ ၃ ရက်နေ့က ထွက်ရှိခဲ့ပါတယ်။ သူမရဲ့ ပရိသတ်တွေက Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီးမှာကတည်းက အားပေးလာခဲ့ကြတာပါ။ အခုဆိုရင်တော့ ဘီလီလမင်းအေးဟာ ပရိသတ်အခိုင်အမာ ရရှိထားပြီး အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

The post “အတွဲသီချင်းတွေ ဆိုရတာ၊ ဖက်ရတာ မိဘတွေရှေ့မှာ မျက်နှာပူတယ်”လို့ ပြောတဲ့ ဘီလီလမင်းအေး appeared first on ဧရာဝတီ.

အခွေနာမည်ကို မင်းသွေးပေးခဲ့တဲ့အတိုင်း တန်ဖိုးထားပြီးပေးထားတဲ့ “ပထမသုံး”

$
0
0

အဆိုတော် မင်းသွေး၊ ညီမင်းခိုင်၊သားငယ်တို့ ၃ ဦး ပူးပေါင်းသီဆိုထားတဲ့”ပထမသုံး”တေးစီးရီး မိတ်ဆက်ပွဲကို မတ်လ ၆ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ Country Home ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခွေမှာတော့ မင်းသွေး မကွယ်လွန်ခင်က သီဆိုထားခဲ့တဲ့ သီချင်း ၂ ပုဒ်၊ သားငယ်က ၃ ပုဒ်၊ ညီမင်းခိုင်က ၃ ပုဒ်၊ အဖွဲ့လိုက် တပုဒ်၊ စုစုပေါင်း ရောခ့်သီချင်း ၉ ပုဒ် ပါဝင်ပါတယ်။

မင်းသွေးရဲ့ နောက်ဆုံး တေးစီးရီးခွေလို့ ပြောလို့ရတဲ့ “ပထမသုံး”တေးစီးရီး စာနယ်ဇင်းပွဲကို အစ်ကိုဖြစ်သူ သရုပ်ဆောင် နေတိုးကလည်း ညီလေးငယ် ကိုယ်စား တက်ရောက် ရှင်းလင်း ပြောကြားပေးခဲ့ပါတယ်။

ဒီစာနယ်ဇင်းပွဲကို တက်ရောက်လာတာနဲ့ ပတ်သက်ပြီး နေတိုးက”အခုက မင်းသွေး မရှိတော့တဲ့ အချိန်ဖြစ်တယ်။ သူရှိနေသေးတယ်ဆိုရင်လည်း ဒီပွဲကိုတက်ပေးဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နဲ့ ညီအစ်ကို အရင်းလိုလည်း ခင်ရတဲ့ ညီမင်းခိုင်ဆိုရင် သီချင်းတွေရေးတယ်။ ဆိုတယ်။ သားငယ်ဆိုရင်လည်း ကျနော်တို့ ငယ်ငယ်လေးကတည်းက ထိန်းကျောင်းလာတဲ့ ကလေးလိုဖြစ်နေတယ်။ သူတို့သုံးယောက်ပေါင်းထုတ်တဲ့အခွေဆိုတော့ ဒီအခွေကို ကျနော်အရမ်းလည်း အားပေးတယ်။ ကျနော်တို့ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာနေထိုင်တဲ့ တေးသံရှင် နှစ်ယောက်ရဲ့အခွေဆိုတော့ ကျနော်တို့ ကိုယ့်အမျိုးတွေ ကိုယ်စားလည်း ဂုဏ်ယူမိတယ်”လို့ ပြောပါတယ်။

“ပြီးတော့ ဒီအခွေမှာပါတဲ့သီချင်းတွေအားလုံးကလည်း သူတို့ကိုယ်တိုင် ဖန်တီးထားကြတာဆိုတော့ ကျနော်ပိုပြီ းအားပေးတယ်။ ဒီအခွေနဲ့ပတ်သက်ပြီးလည်း တခြားပံ့ပိုးကူညီမှုတွေ အများကြီးလုပ်ပေးသွားဖို့ ရှိတယ်။ လောလောဆယ် လုပ်ထားတာတွေလည်း ရှိတယ်ပေါ့နော်။ ဒီပွဲကို ညီလေးငယ်ကိုယ်စား လာတယ်ဆိုတာထက်ကို ကျနော်ကိုယ်တိုင် လာချင်တယ်။ အားပေးတယ်။ ပရိသတ်ကို ဒီအခွေနဲ့ ပတ်သက်ပြီး ပြောပြချင်တာတွေလည်းရှိလို့ လာခဲ့တာပါ”လို့ နေတိုးက ပြောပါတယ်။

မင်းသွေးနဲ့တကျွန်းတည်းသား အဆိုတော် သားငယ်ကလည်း “ဒီအခွေလုပ်တဲ့အချိန်မှာ အငြင်းအခုံပိုင်းကတော့နည်းပါတယ်။ သုံးယောက်စလုံးက ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြတာ။ ဒါပေမယ့် စုစုဝေးဝေးတော့လုပ်ကြတာပေါ့။ အကြံဉာဏ်ပေးကြတာတွေတော့ ရှိတာပေါ့။ များသောအားဖြင့်တော့ ကိုယ့် Idea နဲ့ ကိုယ် လုပ်ကြတာ များတယ်။ ကျနော်ဆိုရင်လည်း ကျနော့်သီချင်းပိုင်းကို ဂစ်တာကာလာကအစ တီးဝိုင်းကိုဂျီးများပြီး ရအောင်တီးခိုင်းခဲ့တာ”လို့ ပြောပါတယ်။

“တီးဝိုင်းအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ မင်းသွေးနဲ့ ပတ်သက်တဲ့ အမှတ်တရကတော့ အများကြီးပါပဲ။ ဒီအခွေကိုလည်း သူပဲ ဦးဆောင်တာ ဆိုတော့လေ။ သူလည်းအားတဲ့သူ မဟုတ်၊ ညီမင်းခိုင်လည်း အားတဲ့သူ မဟုတ်။ ငွေကြေးပိုင်းအနေနဲ့လည်း ကျနော်တို့်မှာ မလိုပါဘူး။ မင်းဘယ်လောက် စိုက်၊ ငါဘယ်လောက်စိုက် ဆိုတာမျိုးလည်း မရှိဘူး။ မိသားစုစိတ်ဓာတ်နဲ့ပဲ လုပ်ကြတာ။ မင်းသွေးက သီချင်းနဲ့ ပတ်သက်လို့တော့ သင်ပြပေးတာမျိုး မရှိဘူး။ ဒါပေမယ့် ဒီလောကနဲ့ ပတ်သက်လို့တော့ အကုန်ပြောပြ ၊သင်ပြပေးတယ်”

“ဒီနေ့သူသာ ရှိနေမယ်ဆိုရင် ဟေ့ကောင်တွေ အခွေထွက်ပြီဆိုပြီး ပျော်၊ အော်နေမှာပေါ့။ သူမရှိနေတော့ စိတ်မကောင်းဘူးပေါ့ဗျာ။ ကျနော်တို့ မငိုရုံတမယ်ပါပဲ”လို့ သားငယ်က ဆိုပါတယ်။

“ပထမသုံး”စီးရီးထဲမှာ အဖွဲ့လိုက်သီဆိုထားတဲ့ ‘သာလီစွ’သီချင်းက အခွေမထွက်ခင်ကတည်းက ပရိသတ်သိနေတဲ့သီချင်းလည်းဖြစ်ပါတယ်။ တေးစီးရီးTitle ကို မင်းသွေးပေးခဲ့တဲ့အတိုင်း အမှတ်တရပေးထားတယ်လို့ သိရပါတယ်။

“ဒီ Title က သူဘယ်လို အဓိပ္ပာယ်နဲ့ ပေးလဲတော့ ကျနော်တို့ မသိဘူး။ မမေးဖြစ်လိုက်ဘူး။ ကျနော်တို့အမျိုးမျိုး ယူလို့ရတယ်။ ပရိသတ်တွေလည်း ယူချင်သလို ယူလို့ရတယ်။ သူ့ခံစားချက်နဲ့ပေးခဲ့တာ ဆိုတော့ ကျနော်တို့ တန်ဖိုးထားတာပါ။ အမှန်အတိုင်းပြောရရင် ကျနော်နဲ့ ညီမင်းခိုင်က သူစပြောတော့ ဒီနာမည်ကို အကြိုက်ကြီးထဲမှာ မပါဘူးဗျ။ တမျိုးပဲပေါ့နော်။ အခုတော့ သူပေးခဲ့တာဆိုတော့ သိပ်ရှည်ရှည်ဝေးဝေးမတွေးတော့ဘဲ အမှတ်တရ ပေးလိုက်တယ်”လို့ သားငယ်က ပြောပြပါတယ်။

“ပထမသုံး”တေးစီးရီးကို မတ်လ ၉ ရက်နေ့မှာ The Sum Music Production ကနေ ဖြန့်ချိမှာဖြစ်ပါတယ်။ နေတိုးက “ပထမသုံး” Music Video အတွက်လည်း ပံပိုးကူညီပေးဦးမှာပါလို့ ဧရာဝတီကို ပြောပါတယ်။

The post အခွေနာမည်ကို မင်းသွေးပေးခဲ့တဲ့အတိုင်း တန်ဖိုးထားပြီးပေးထားတဲ့ “ပထမသုံး” appeared first on ဧရာဝတီ.


“အသက်ကြီးလာလေ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရလေပဲ”လို့ စိုးမြတ်သူဇာ ပြော

$
0
0

မကြီးစိုးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အကယ်ဒမီ စိုးမြတ်သူဇာကတော့ ဆယ်စုနှစ်များစွာတိုင် အလှအပကို ထိန်းသိမ်းထားနိုင်ပြီး အသက်ကြီးလာလေ ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ရလေပဲလို့ ပြောပါတယ်။

“အသက်ကြီးလာလေ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရတဲ့နှုန်းက ပိုများလာလေပဲ။ ကိုယ်တွေမှာ အဲဒါတောင် သားသမီးတွေ ဘာညာကွိကွတွေ မရှိလို့ တော်သေးတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ အချိန်ပိုရတာပေါ့လေ။ အိမ်မှာမိဘပြီးရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လို့ရတာပေါ့။ အသက်ကြီးလာလေ ချို့ယွင်းတာတွေက များလာလေ။ ပျက်စီးတာ တွေကများလာလေ။ ပိုဂရုစိုက်ရလေပါပဲ။ နည်းနည်းစားရင်လည်း ဝတယ်။ အိပ်ရေးပျက်ရင်လည်း မျက်တွင်းကြီးတွေ ချိုင့်သွားတယ်။ မျိုးစုံပါပဲ” လို့ စိုးမြတ်သူဇာက ပြောပါတယ်။

စိုးမြတ်သူဇာကတော့ အခုချိန်မှာ တကိုယ်တည်းဘဝဖြင့် မိသားစုနဲ့အတူ အေးချမ်းစွာဖြတ်သန်းနေပြီး အလှအပ ရေးရာအတွက် ဂရုစိုက်ဖို့အတွက် အချိန်ပိုရတယ်လို့ ဆိုပါတယ်။ မိန်းမဆန်ပြီး ကျက်သရေရှိတဲ့အလှကို ပိုင်ဆိုင်ထားတဲ့သူတယောက်ဖြစ်တဲ့အတွက် အလှအပဟာ မိန်းမတယောက် အတွက် ဘယ်လောက်အရေးပါလဲဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“အလှအပက ဘယ်လောက်အရေးပါလဲဆိုရင် မိန်းမတွေက မွေးကတည်းကနေ သေခါနီးအချိန်ထိ လှနေရင် တော့ကောင်းတာပေါ့။ မိန်းမတွေရဲ့ပါဝါလို့ပဲပြောမလား။ ကြီးကြီးငယ်ငယ်မရွေး ဝဝလေးနဲ့လည်း လှအောင်လုပ် လို့ရတယ်။ ပိန်ပိန်လေးနဲ့လည်း လှအောင်လုပ်လို့ရတယ်။ လှတယ်ဆိုတာ အမျိုးစုံလုပ်လို့ရတယ်။ ပင်ကိုယ်ပုံစံကို လှအောင်လုပ်လို့ရတာတွေ တပုံကြီးပါပဲ။ လှအောင်လုပ်ဖို့ကတော့ မိန်းမသားတွေရဲ့တာဝန်ပဲပေါ့။ အဲဒါကလက်နက်ပဲ” လို့ ပြောပါတယ်။

သူမရဲ့အလှအပထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီးတော့လည်း “မကြီးကလေ အအိပ်အစားနဲ့လည်း မူတည်တယ်။ အိပ်ရေးပျက်ရင် မကြီးမျက်နှာက ပွစိစိဖြစ်လာတယ်။ မျက်နှာက Sensitive Skin ဆိုတော့ပိုဆိုးတယ်။ Sensitive Skin ဆိုပေမယ့် မတည့်ဘူးဆိုပြီးတော့ ဖြတ်လိုက်ရတာတော့ မရှိပါဘူး။ ဥပမာ Bella ကအောက်ခံမိတ်ကပ်ခရင်မ် သုံးတယ်ဆိုရင် အဲဒါတွေက မကြီးနဲ့တည့်တယ်။ ဟိုအရင်ဝက်ခြံထွက်တုန်းကသာ သေးသေးတင်မခံတာ။ ဖုန်တွေအရမ်းထူတာမျိုး ၊ နေတွေအရမ်းပူတာမျိုး ဆိုရင်မျက်နှာက မကောင်းတော့ဘူး။ အိမ်ထဲမှာနေရင် ကောင်းသွားပြန်ရော” လို့ စိုးမြတ်သူဇာကပြောပါတယ်။

စိုးမြတ်သူဇာကတော့ ချစ်ရတဲ့ မိဘများနဲ့အတူ ညီအမများက မွေးတဲ့တူ ၊ တူမလေးများနဲ့ ပျော်ရွှင်စွာနေထိုင်လျက် ရှိပြီး ညီအစ်မများနဲ့အတူ “မင်းသမီးပိုးထည်တိုက်” ကိုလည်းဖွင့်လှစ်ထားပါတယ်။

The post “အသက်ကြီးလာလေ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရလေပဲ”လို့ စိုးမြတ်သူဇာ ပြော appeared first on ဧရာဝတီ.

ပွဲဦးထွက်ဝင်ငွေကောင်းနေတဲ့ ‘Captain Marvel’ရုပ်ရှင်

$
0
0

Marvel ကနေ ထုတ်လုပ်လိုက်တဲ့ “Captain Marvel” ရုပ်ရှင်ဟာ အခုဆိုရင် ကမ္ဘာတဝန်းမှာ ရှိတဲ့ ဒေသ တော်တော်များများမှာ ပြသနေပြီဖြစ်ပြီး မြန်မာနိုင်ငံမှာကတော့ မနက်ဖြန်ကစလို့ ပြသသွားမယ်လို့ သိရပါတယ်။ လောလောဆယ်တော့ ဝင်ငွေ ဒေါ်လာ သန်း ၃၅၀ လောက်ရရှိဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

မင်းသမီး Brie Larson က မင်းသား Samuel L. Jackson နဲ့အတူ ပါဝင်ထားတဲ့ အဲဒီ့ Disney ရုပ်ရှင်အတွက် ကနဦးခန့်မှန်းချက် တွေမှာဆိုရင် မြောက်အမေရိကဒေသမှာ ဒေါ်လာ သန်း ၁၅၀ ဝင်ငွေ ရနိုင်ပြီး တခြားနိုင်ငံရပ်ခြား ဒေသတွေမှာ ဒေါ်လာ သန်း ၂၀၀ ဝင်ငွေ ရရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ ကနဦးဝင်ငွေ ဒေါ်လာ သန်း ၁၀၀ ရရှိခဲ့တဲ့ အမျိုးသမီးဒါရိုက်တာ Patty Jenkins ရဲ့ “Wonder Woman” ရုပ်ရှင်ထက်ကို ကျော်လွန်သွားခဲ့တာပါ။ ဒါတင်မကသေးဘူး။ “Justice League” နဲ့ “Deadpool 2” ရုပ်ရှင်တွေရဲ့ ကနဦးရုံဝင်ငွေကို ကျော်တက်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Deadline မီဒီယာရဲ့ အဆိုအရ “Captain Marvel” ရုပ်ရှင်ရဲ့ ကနဦးလက်မှတ်ရောင်းချရမှုအခြေအနေဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက ရုံတင်ခဲ့တဲ့ “Avengers: Infinity War” ရုပ်ရှင်ထက် ကျော်လွန်နေခဲ့တာကို တွေ့ရ့ါတယ်။ ဒါ့အပြင် ရုပ်ရှင်ဝေဖန်ရေး ဆရာတွေရဲ့ အကောင်းမြင်မှတ်ချက်ကို ရရှိထားပြီး ရုပ်ရှင်သုံးသပ်တဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ Rotten Tomatoes မှာ ၈၆ ရာခိုင်နှုန်းနဲ့ အဆင့်သတ်မှတ်ခံထားရတာကိုလည်း မြင်တွေ့ရပါတယ်။

အခုရုပ်ရှင်ကို ဟောလိဝုဒ်မှာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်ညက ပြုလုပ်ခဲ့ပြီး များမကြာမီ ကမ္ဘာတဝန်းလုံးမှာ ပြသသွားတော့ မှာပါ။ “Captain Marvel” ရုပ်ရှင်ကို မတ်လ ၆ ရက်နေ့မှာ ပြင်သစ်၊ အီတလီနှင့် တောင်ကိုရီးယား၊ မတ်လ ၇ ရက်နေ့မှာ ဂျာမနီ၊ ရုရှား၊ ဘရာဇီး၊ အမေရိကန်နဲ့ သြစတြေးလျတို့မှာစတင်ပြသနေပြီဖြစ်ပါတယ်။ ယူကေ၊ စပိန်၊ မက္ကစီကိုနဲ့ တရုတ်နိုင်ငံတို့မှာတော့ လာမယ့် မတ်လ ၈ ရက်နေ့ကစလို့ စတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

Ref: aceshowbiz

The post ပွဲဦးထွက်ဝင်ငွေကောင်းနေတဲ့ ‘Captain Marvel’ ရုပ်ရှင် appeared first on ဧရာဝတီ.

သားဖြစ်သူ ရွှေကြိုပါဖို့ ဘေးကနေ အားစိုက်ကြိုးစားပေးခဲ့တဲ့ သရုပ်ဆောင် ကိုကိုဦး

$
0
0

လူကြမ်း သရုပ်ဆောင်အဖြစ် မြန်မာဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားများမှာ မပါမဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ၊ ပရိသတ်တွေ အားပေးခဲ့ကြတဲ့ သရုပ်ဆောင် ကိုကိုဦးမှာ ခပ်ချောချော သားလေး တယောက် ပိုင်ဆိုင် ထားပါတယ်။ သူ့နာမည်ကတော့ သီဟအောင်ပဲ ဖြစ်ပါတယ်။ သားဖြစ်သူ အကယ်ဒမီ ရွှေကြိုမှာ ပါဝင်လာတဲ့အတွက် သရုပ်ဆောင် ကိုကိုဦး ဝမ်းသာပြီး ဒီလိုပါဝင်လာအောင် သူ့ဘက်က အားစိုက်မှုအပိုင်းကို အခုလိုဆိုပါတယ်။

“သားလေးရွှေကြိုပါဖို့ အားစိုက်ခဲ့ရတယ်။ ဂယက်တွေလည်း ထသွားတယ်။ ပြန်ပါတော့ ပြန်အရွေးခံရတော့ အရမ်း ဝမ်းသာရတယ်။ သားက ဇာတ်လမ်းအတိုလေး ရိုက်တယ်။ အိမ်မှာ သူဘယ်လို လေ့ကျင့်လဲတော့ မသိဘူး။ ငါ့သား ဟုတ်မှ ဟုတ်ရဲ့လားဆိုပြီး ပြောဖြစ်တယ်။ သူလုပ်နိုင်တာလေး တွေ့ရတယ်။ သူရွှေကြိုလျှောက်တာလည်း သူလုပ်နိုင်မှာပါ။ အဲ့ လမ်းလျှောက်တာလေးတွေတော့ နည်းနည်း ပြန်လေ့ကျင့်ရမှာပေါ့”လို့ ကိုကိုဦးက ပြောပါတယ်။

“သားလေး အခုလိုရွှေကြိုပါခွင့်ရတာ အရမ်းဂုဏ်ယူတယ်။ ကျနော်တို့လို ဇာတ်ပို့ ဇာတ်ရံက အကယ်ဒမီရမှသာ တက်ရမှာလေ။ ကျနော့်အနေနဲ့ အရင်ကတည်းက အခုချိန်ထိတခါမှ အဲ့စင်ပေါ်ကို မတက်ဖူးဘူး။ ကျနော့်ကိုယ်စား ကျနော့်သားလေးတက်ရမှာ အရမ်ဝမ်းသာတယ်”လို့ လူကြမ်းသရုပ်ဆောင် ကိုကိုဦးက ဧရာဝတီကို ပြောပါတယ်။

အနုပညာနဲ့ ပတ်သက်ပြီး သားဖြစ်သူကို ပြောပြဖြစ်တဲ့ အကြောင်းအရာတွေကိုလည်း ကိုကိုဦးက အခုလိုပဲ ဆိုပါတယ်။

“အနုပညာနဲ့ ပတ်သက်ပြီး ကျနော် တွေ့ ကြုံခဲ့ရတဲ့ အခက်အခဲတွေ ပြောပြတယ်။ ပျော်စရာတွေလည်း ရှိတယ်၊ စိတ်ညစ်စရာတွေလည်း ရှိတယ်။ အနုပညာရှင် မောင်နှမတွေပေါ်မှာ သည်းခံစိတ်၊ ကိုယ်ချင်းစာစိတ်တွေ ထားဖို့။ အနုပညာရှင်မှာ ဝေဖန်တာလည်း ရှိတယ်။ ကောင်းသော ဝေဖန်ခြင်း၊ မကောင်းသော ဝေဖန်ခြင်းတွေကို နားလည်မှသာ အနုပညာလုပ်လို့ ရမယ်လို့ ကျနော် သင်ထားပေးပါတယ်”လို့ ဆိုပါတယ်။

ဆက်လက်ပြီး ကိုကိုဦးက “ကျနော်နဲ့ တူရင် ရုပ်ဆိုးမှာတဲ့။ ကျနော့် မိန်းမက သူနဲ့တူလို့ ချောတာလို့ ပြောတယ်။ ပရိသတ်ကြီးလည်း ကိုယ့်သားလေးကို ချောတယ် ပြောလို့ ကျနော် တခါတလေ သေချာပြန်ကြည့်ယူရတယ်။ အမိုးသမီးကတော့ သူ့သားလေးကို ဘာပြင်ဆင်ပေးရမလဲ အမြဲကြည့်နေတာ။ ကျနော်တို့က လူကြမ်းပေမယ့် အရင်တုန်းက မင်းသားရူးတာတွေ ရှိတယ်”

“ကိုအောင်ခိုင်၊ ကျနော်တို့ မင်းသား ရူးကြတယ်။ လူကြမ်းပေမယ့် ကျနော်တို့က မင်းသားလို နေတာ။ တချို့တွေဆို ကြည့်လို့မရဘူး။ သားကို နုနေအောင် ထားတာ။ သားကို ပြုစုပျိုးထောင်ရတာလည်း တော်တော် ခက်ခဲပါတယ်။ ငယ်ငယ်ကတည်းက အခုချိန်ထိ ဂရုတစိုက် ထားတာ။ သူ့အမေဆို ထမင်းခွံ့ကျွေးရတုန်း။ သားလေးက လိမ္မာပါတယ်”လို့ ကိုကိုဦးက ပြောပါတယ်။

အကယ်ဒမီပေးပွဲပြီးလို့ အနုပညာတွေ ဆက်လုပ်ပြီး မိဘကို ကျေးဇူးပြန်ဆပ်ချင်တယ်တဲ့ သီဟအောင်က အဖေရှုတင်တွေသွာပြီး လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။

“ဖေဖေ့ ရှုတင်တွေ လိုက်ကြည့်တယ်။ အဲ့ကနေ သင်ယူတယ်။ ဖေဖေက သားကို ရုပ်ရှင်များများကြည့်ပြီး သင်ယူခိုင်းတယ်။ ကျနော့် ဖေဖေနဲ့ မေမေ၊ သားအတွက် ပင်ပန်းခဲ့ပြီးပြီ။ သား အကယ်ဒမီပေးပွဲပြီးလို့ အနုပညာတွေ ဆက်လုပ်ပြီး ဖေဖေနဲ့ မေမေကို ကျေးဇူးပြန်ဆပ်ချင်တယ်။ ကျနော့်ကို သူငယ်ချင်းတွေက မြန်မာပြည် ဂူဂျွန်ဖြိုးလို့ ပြောကြတယ်။ ဖေဖေ့ကို ငယ်ငယ်တုန်းက ဖေဖေကဘာလို့ လူဆိုးပဲ လုပ်တာလဲ။ လူကောင်းနေရာလည်း လုပ်လို့ရတာပဲ အမြဲပြောတယ်”

“ကျနော် အသက်ကြီးလာတော့ သိလာတယ်။ ဖေဖေက ဒါရိုက်တာခိုင်းတဲ့အတိုင်း ကျရာနေရာမှာ သရုပ်ဆောင်တာလို့ မြင်ပါတယ်။ ဖေဖေအဲ့လို လူကြီးသရုပ်ဆောင်ဖြစ်လို့ ရှက်တယ်ဆိုတာမျိုး မရှိပါဘူး”လို့ သီဟအောင်က ပြောပါတယ်။

ကိုကိုဦးဟာ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုတွေ ရရှိခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ လူကြမ်းသရုပ်ဆောင် ဆိုတဲ့အတိုင်း ပရိသတ်တွေရဲ့ အမုန်းကို ခံခဲ့ရသူဖြစ်ပါတယ်။ လက်ရှိမှာတော့ MRTV-4 ရုပ်သံလိုင်းမှ ပြသနေတဲ့ “စိတ်၏ခြေရာ” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

သရုပ်ဆောင် ကိုကိုဦးရဲ့သားဖြစ်သူ သီဟအောင်ကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုအောင်မြင်ပြီးခဲ့ပါပြီ။ ဖခင်လိုပဲ အနုပညာပိုးပါတဲ့ သီဟအောင်က အနုပညာလှုပ်ရှားမှုတွေကို ရွှေကြို အပြီးမှာ ဆက်လက်လုပ်ကိုင်သွားမယ်လို့ ပြောပါတယ်။

The post သားဖြစ်သူ ရွှေကြိုပါဖို့ ဘေးကနေ အားစိုက်ကြိုးစားပေးခဲ့တဲ့ သရုပ်ဆောင် ကိုကိုဦး appeared first on ဧရာဝတီ.

Limited Edition နဲ့ အခွေထွက်တဲ့အကြောင်း ပြောပြတဲ့ အဆိုတော် သားကြီး

$
0
0

ယခုခေတ်မှာတော့ အဆိုတော် အများစုဟာ သီချင်းအခွေများ ထုတ်ဝေမှု နည်းပါးလာကြပြီး အွန်လိုင်းပေါ်မှတဆင့် သီချင်းများကို တင်ပေးနေရတဲ့အချိန်မှာ အဆိုတော် သားကြီးကတော့ သူ့ရဲ့ ၆ ခွေမြောက် တကိုယ်တော်အခွေကို Limited Edition နဲ့ ထွက်ရှိလာပါတယ်။

“အခွေကိုက စီးပွားဖြစ်လုပ်လို့ မရတော့ဘူး။ အကုန်လုံးက ခေတ်ပျက်နေတဲ့ အခါကျတော့ အားလုံးက ဘယ်သူမှ အခွေ မထုတ်တော့ဘူး။ ပထမတုန်းက အွန်လိုင်းသီးသန့် ရောင်းမလို့။ ကျနော့်ပရိသတ် အမာခံတွေကလည်း အခွေလေးတော့ ထွက်ပါဆိုလို့ အိုကေ၊ ကျနော် Limited ထွက်မယ်။ အခွေ ၈၀၀ ပေါ့။ ဘယ်လောက်ပေါက်ပေါက် ဘယ်လောက်ရောင်းရ ရောင်းရ၊ ဘယ်နှသိန်းပဲတက် ဘယ်နှသောင်းပဲ တက်တက် ထပ်မရောင်းတော့ဘူး။ ရည်ရွယ်ချက်ပေါ့။ တတိုင်းပြည်လုံးမှာမှ အယောက် ၈၀၀ ရှိမယ်ပေါ့။ အဲဒီရည်ရွယ်ချက်လေးနဲ့ပါ” လို့ သားကြီးက ပြောပါတယ်။

ဂီတရေစီးကြောင်းမှာ ခေတ်မကောင်းသော်လည်း သားကြီးကတော့ တနှစ်ကိုတခွေ ပုံမှန် ထွက်ရှိနေပြီး ယခုဆိုလျှင်တော့ ၆ ခွေခန့် ရှိနေပြီပဲ ဖြစ်ပါတယ်။

“ကျနော်ကကျတော့ ငယ်ငယ်ကတည်းက အခွေထွက်ပြီးတော့ အဆိုတော်ဖြစ်ချင်တာလေ။ ပေါ်ပြူလာဖြစ်ချင် လို့လည်း မဟုတ်ဘူး။ ငယ်ငယ်ကတည်းက အရမ်းရူးသွပ်တာ။ သီချင်းတိုင်းကို အဆိုတော်အကြီးကြီးကနေ အဆိုတော်အငယ်လေးတွေထိ အကုန်သိတယ်။ တကမ္ဘာလုံးက အဆိုတော်တွေကို ပတ်ပြီးနားထောင်တယ်။ အဲဒီလောက်ထိ အရမ်းရူးသွပ်တယ်။ အယ်ဘမ်ထွက်ခြင်းက ကျနော့်အတွက် အိပ်မက်ပဲ” လို့ သားကြီးက ပြောပါတယ်။

သားကြီးရဲ့ ၆ ခွေမြောက် တကိုယ်တော်အခွေကိုတော့ “Silence About My Love” လို့ နာမည်ပေးထားပြီး အခွေချပ်ရေ ၈၀၀ ကိုသာ Limited Edition အနေနဲ့ ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။

“ပရိသတ် စိတ်ဝင်စားအောင် လုပ်ပြီးတော့မှ အခွေပေါက်သွားလို့ အဲဒီသီချင်းတွေကို ထပ်ထုတ်မယ် မထင်နဲ့။ လုံးဝမထုတ်ဘူး။ အခွေ ၈၀၀ လုံးမှာ လက်မှတ် ပါတယ်။ ၈၀၀ လုံးကို လက်မှတ်ထိုးပေးထားတာ။ အဲဒီ ၈၀၀ ပြီးသွားရင်ပြီးသွားပြီ” လို့ ပြောပါတယ်။

သားကြီးကတော့ သီချင်းဆိုရုံတင်မကဘဲ သီချင်းများစွာကိုလည်း ကိုယ်တိုင်ဖန်တီးရေးသားတဲ့ သူတယောက် ဖြစ်တဲ့အတွက် သီချင်းများကို အမြဲတမ်းလုပ်နေရမှ ကျေနပ်နေပြီး သူ့ရဲ့ဦးနှောက်ထဲမှာလည်း စကားလုံးများစွာ ရှိနေတယ်လို့ ဆိုပါတယ်။

“ကျနော့်ရဲ့ဘုရားပေးထားတဲ့ မွေးရာပါပေါ့။ ခံစားချက်ပေါင်းမြောက်များစွာ ကျနော့် ရင်ဘတ်ထဲမှာ ရှိတယ်။ စကားလုံးပေါင်းမြောက်များစွာ ဦးနှောက်ထဲမှာ ရှိတယ်။ သံစဉ်တွေက အကြားအာရုံထဲမှာ အိပ်မပျော်ရင်ပိုဆိုးတာ သူ့ဘာသာ ထွက်နေတာ။ ကျောက်ထွက်တဲ့ တွင်းတတွင်းလိုပဲ။ သီချင်းထွက်တဲ့ ခန္ဓာကိုယ်ကြီးဖြစ်နေတာ။ သီချင်း အမြဲတမ်း လုပ်ဖြစ်နေတာပဲ။ ထပ်မသွားဘူး။ ထပ်နေရင်လည်း ဖယ်ထားလိုက်တယ်။ ဒါကဘုရားပေးတဲ့ ကျေးဇူးတော်ပဲ” လို့ သားကြီးက ပြောပါတယ်။

The post Limited Edition နဲ့ အခွေထွက်တဲ့အကြောင်း ပြောပြတဲ့ အဆိုတော် သားကြီး appeared first on ဧရာဝတီ.

“သား ရွှေကြိုပါလို့ ဒီနှစ် အကယ်ဒမီပွဲ တက်ရမှာ ပိုအဓိပ္ပာယ် ရှိတယ်”လို့ မင်းသူ ပြော

$
0
0

တချိန်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်လမ်းများ၊ ကာရာအိုကေ သီချင်းများမှာ သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် မင်းသူက လက်ရှိမှာလည်း အနုပညာ အလုပ်တွေကို လုပ်ကိုင်နေပြီး သူရဲ့ သားအကြီးဆုံးဖြစ်တဲ့ မင်းသန့်ကိုကိုကလည်း ယခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်လာပါတယ်။

ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မင်းသန့်ကိုကိုက အကယ်ဒမီ ရွှေကြိုအဖြစ် ကူညီဆောင်ရွက်ပေးမယ့်အပေါ် ဖခင်ဖြစ်သူ မင်းသူက သူ့အနေနဲ့ ဒီနှစ် အကယ်ဒမီပေးပွဲတက်ရတာ ပိုပြီး အဓိပ္ပာယ်ရှိတယ်လို့ မြင်မိကြောင်း ဧရာဝတီကို ပြောပါတယ်။

“ကျနော် သူ့ကို အနုပညာမျိုးဆက်အဖြစ် အမွေပေးချင်တာ။ အနုပညာခြေလှမ်းအစကို သူစလျှောက်လှမ်းပြီ။ အခုလို ရွှေကြိုပါတာကိုလည်း ပြောမပြတတ်အောင် ဝမ်းသာတယ်။ သူ ဒီရွှေကြိုပြီးလို့ အနုပညာအလုပ်တွေဆက်လုပ်ရင် အတိုင်းမသိ ဝမ်းသာမှာပါ။ အရင် အကယ်ဒမီ ပွဲတက်တာက လုပ်ဖော်ကိုင်ဖက်တွေကို အားပေးဖို့ တက်တာပေါ့။ ဒီအကယ်ဒမီပွဲမှတော့ ကျနော့်သားလေး စင်မြင့်ပေါ်မှာ တွေ့ရမှာဆိုတော့ ခါတိုင်းနှစ်ထက် ပိုပြီး အဓိပ္ပာယ်လည်း ရှိတယ်၊ ပိုလည်း ပျော်တယ်”လို့ မင်းသူက ဆိုပါတယ်။

“သူ့မှာ အတွေ့အကြုံတွေ အများကြီး လိုအပ်နေသေးတယ်။ သူ့ကို အားမလို၊ အားမရတွေတော့ ဖြစ်တယ်။ သူ့နေရာမှာ ကိုယ်သာ ဝင်လုပ်လိုက်ချင်တာတွေ ဖြစ်တယ်။ စကားနည်းတယ်။ အဲ့ဒါက သူပြောလိုက်လို့ အမှားပါသွားမှာ စိုးတာတွေကြောင့်လည်း ပါမှာပါ။ အနုပညာအလုပ်ဆိုတာကလည်း ဝါသနာပါမှ လုပ်လို့ရတာလေ။ ကျနော်တို့လည်း ဝါသနာအရင်းခံပြီး ခံစားမှုတွေ ထည့်လို့ရတာလေ။ ဝါသနာမပါဘဲနဲ့တော့ ဒီအလုပ်လုပ်လို့ မရပါဘူး။ ကျနော့်သားလေး အနုပညာအလုပ်တွေ လုပ်ကိုင်သည်ရှိသော် ကျနော့်ကို အားပေးသလို သူ့ကိုလည်း အားပေးကြပါလို့”မင်းသူက ပြောပါတယ်။

Gym Trainer အဖြစ် လုပ်ကိုင်နေတဲ့ မင်းသန့်ကိုကိုက ဖခင်ဖြစ်သူကိုလည်း ကိုယ်တိုင် Body Train ပေးတဲ့ Gym ဆရာ တယောက် ဖြစ်ပါတယ်။ အသက် ၂၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ မင်းသန့်ကိုကိုက လက်ရှိမှာတေ့ Unique Gym မှာ နည်းပညာဆရာအဖြစ် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။္

The post “သား ရွှေကြိုပါလို့ ဒီနှစ် အကယ်ဒမီပွဲ တက်ရမှာ ပိုအဓိပ္ပာယ် ရှိတယ်”လို့ မင်းသူ ပြော appeared first on ဧရာဝတီ.

မိုက်ကယ်ဂျက်ဆင်သီချင်း ထုတ်လွှင့်မှုတွေကို ရပ်တန့်လိုက်တဲ့ ရေဒီယိုများ ရှိလာ

$
0
0

မကြာသေးခင်က HBO ရုပ်သံလိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်အကြောင်း မှတ်တမ်းရုပ်ရှင်တခုဖြစ်တဲ့ “Leaving Neverland” ဆိုတဲ့ ရုပ်ရှင် ထွက်ရှိပြီးနောက်မှာ ပရိသတ်တွေကြား လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ပါတယ်။ အဲဒီ မှတ်တမ်းရုပ်ရှင်မှာ မိုက်ကယ်ဂျက်ဆင်က ဆယ်ကျော်သက်အရွယ် အမျိုးသားနှစ်ဦးဖြစ်တဲ့ Wade Robson နဲ့ James Safechuck ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့တဲ့ အကြောင်းတွေ ပါဝင်တာကြောင့် ဝေဖန်ရေးသမားတွေကလည်း အရမ်းကို ဝေဖန်နေကြပါတယ်။

နောက်ဆက်တွဲအနေနဲ့ ရေဒီယိုလိုင်းတွေက မိုက်ကယ်ဂျက်ဆင်ရဲ့ သီချင်းထုတ်လွှင့်မှုတွေကို ရပ်တန့်လိုက်တာပဲ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ အခြေစိုက် ရေဒီယို ကုမ္ပဏီကြီးဖြစ်တဲ့ Quebec Radio Network Cogeco ကတော့ သူတို့ရဲ့ ဌာန ၂၃ ခုမှာ မိုက်ကယ်ဂျက်ဆင်ရဲ့ သီချင်းထုတ်လွှင့်မှုကို ရပ်တန့်ထားတယ်လို့ သိရပါတယ်။

အဲဒီကုမ္ပဏီရဲ့ တာဝန်ရှိသူတွေကတော့ “ ကျနော်တို့က ကျနော်တို့ရဲ့ နားထောင်သူတွေစကားကို နားထောင်ရမှာပါ။ တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကြောင့် မကျေမနပ်ဖြစ်နေသူတွေ ရှိပါတယ် ” လို့ ဆိုပါတယ်။

နယူးရောက်တိုင်းမ်မှာ ဖော်ပြချက်အရ နယူးဇီလန်ရဲ့ အကြီးဆုံးရေဒီယိုလိုင်းနှစ်ခုဖြစ်တဲ့ MediaWorks နဲ့ NZME စတဲ့ လိုင်းတွေကလည်း အကြောင်းအကျိုးကို မသိရသေးခင်အထိ ခေတ္တရပ်ထားရမှာ ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ MediaWorks ရဲ့ ဒါရိုက်တာတဦးဖြစ်တဲ့ Leon Wratt က “ မိုက်ကယ်ဂျက်ဆင်မှာ အပြစ်ရှိတယ် မရှိဘူး မပြောချင်ပေမယ့် ကျနော်တို့ ရေဒီယိုက ပရိသတ်တွေ နားဆင်ချင်တာကိုပဲ ဖွင့်မှာပါ ” လို့ အင်တာဗျူး တခုမှာ ဖြေကြားခဲ့ပါတယ်။

ဒါပေမဲ့ BBC ကတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ သီချင်းတွေကို ထုတ်လွှင့်နေဆဲ ဖြစ်ပြီး “ BBC က အနုပညာရှင်တွေကို မရပ်တန့်ဘူး” လို့ ပြောဆိုခဲ့ပါတယ်။ တချိန်တည်းမှာပဲ မိုက်ကယ်ဂျက်ဆင်ရဲ့ ပရိသတ်တွေက လန်ဒန်မြို့မှာ လူစုဝေးပြီး ဒီမှတ်တမ်းရုပ်ရှင်ဟာ အလိမ်အညာသာဖြစ်နိုင်ကြောင်းနဲ့ သေဆုံးပြီးသား လူတယောက် အပြစ်ကင်းတဲ့ လူတယောက်ကို မဟုတ်တမ်းတရားတွေ စွပ်စွဲနေတာ ဖြစ်ကြောင်း ပြောဆိုပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်က ရေဒီယိုလိုင်းတွေကတော့ သီချင်းဆက်ပြီး ထုတ်လွှင့်သင့် မလွှင့်သင့်ကို ချီတုံချတုံဖြစ်နေကြပါတယ်။ ဒေသတွင်း ရေဒီယိုလိုင်းတွေမှာတော့ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ iHeartRadio, Spotify နဲ့ Apple Music တို့ကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာမှ ပြောဆိုထားခြင်းမရှိပါဘူး။

ဒီမှတ်တမ်းရုပ်ရှင်ကို မကြာခင်မှာ တကမ္ဘာလုံးကို ဖြန့်ချိမှာဖြစ်ပြီး ပရိသတ်တွေ အနေနဲ့ ကိုယ်တိုင်ကောက်ချ ချကြဖို့ တိုက်တွန်းသူတွေလည်း ရှိပါတယ်။

Ref; vice.com

The post မိုက်ကယ်ဂျက်ဆင်သီချင်း ထုတ်လွှင့်မှုတွေကို ရပ်တန့်လိုက်တဲ့ ရေဒီယိုများ ရှိလာ appeared first on ဧရာဝတီ.

မေမဒီနဲ့အတူ “ယာယီ” ဆိုတဲ့ သီချင်းအသစ် ဖန်တီးထားတဲ့ ဆိုဖီယာ

$
0
0

သီချင်း အသစ်အဆန်းများကို အမြဲတမ်း ဖန်တီးလေ့ရှိတဲ့ ဆိုဖီယာကတော့ မကြာခင်မှာ Myanmar Idol 3 ပြိုင်ပွဲဝင်တယောက်ဖြစ်တဲ့ မေမဒီနဲ့အတူ “ယာယီ” ဆိုတဲ့ သီချင်းအသစ် တပုဒ် သီဆိုထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အခုက မေမဒီနဲ့ သီချင်း လုပ်ထားတယ်။ ယာယီဆိုတဲ့ သီချင်းလေး။ ၁၅ ရက်၊ ၁၆ ရက်ဆို ထွက်မယ်။ အဲဒီထဲမှာလည်း ဆိုဖီယာ့ ပုံစံအတိုင်းပဲ အချစ်သီချင်း အမြူးလေးပေါ့။ မေမဒီ ကိုယ်တိုင် ရေးတယ်။ ကိုချမ်းအေးဝင်းက တီးပေးတယ်ပေါ့နော်။ သူနဲ့က အပြင်မှာလည်း တွေ့ဖြစ်တယ်။ ပေါင်းဖြစ်တယ်။ သူက ချိုချိုအေးအေးလေး ဆိုဖြစ်တာများတယ်။ ဒီတခေါက် သီချင်းက မိုက်တယ်။ အစ်မနဲ့ အတူတူ လုပ်ကြမယ်ဆိုပြီး လုပ်ဖြစ်သွားကြတယ်”လို့ ဆိုဖီယာက ပြောပါတယ်။

ဆိုဖီယာနဲ့ မေမဒီတို့ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှ အဆိုတော်များဖြစ်ခဲ့ကြပြီး နှစ်ယောက်က Season မတူပေမယ့် အပြင်မှာတွေ့ဖြစ်ပြီး သီချင်းဖန်တီးဖြစ်ခဲ့ကြတာလို့ ပြောပါတယ်။

“အိုင်ဒေါက လူတွေနဲ့ဆိုရင် ကို Rio နဲ့ သီချင်းလုပ်ပြီးပြီ။ အခုတော့ မေမဒီနဲ့ပေါ့။ နင်ဇီနဲ့လည်း သီချင်းလုပ်ဖို့ ရှိပါတယ်။ နင်ဇီမေနဲ့ကတော့ အသည်းကွဲသီချင်းလေး ဖြစ်မှာပါ။ ဆိုဖီယာကလည်း ဆိုဖီယာပုံစံနဲ့ အသည်း ကွဲမယ်။ နင်ဇီကလည်း နင်ဇီပုံစံနဲ့ အသည်း ကွဲမယ်။ အဲဒါကို နှစ်ယောက်ပေါင်းပြီးတော့ လုပ်ကြမှာပါ” လို့ ဆိုဖီယာက ပြောပါတယ်။

အဆိုတော် ဆိုဖီယာရဲ့ မကြာခင်က အွန်လိုင်းကနေ ဖြန့်ချိထားတဲ့ “Medusa” သီချင်းကိုလည်း ပရိသတ်များသာမက ဂီတလောကထဲက ဝါရင့်အဆိုတော်ကြီးများကပင် ကြိုက်နှစ်သက်ခဲ့ကြပြီး အိုင်ဒီယာ ဆန်းသစ်စွာနဲ့ ဖန်တီးထားပါတယ်။

“အိုင်ဒီယာကတော့ ဆိုဖီယာ စဉ်းစားတာပါ။ ကိုမိုးထက်ကို သီချင်းပေးကတည်းက ဘာရေးကြမလဲ ဘာလုပ်ကြမလဲပေါ့။ အရှေ့မှာက “ရွံစရာကြီး” ထွက်ထားတော့ ဒီတခေါက် အချစ်တွေဘာတွေ လုပ်မနေကြတော့ဘဲနဲ့ အသိတခုခု ပေးနိုင်မယ့်ပေါ့နော်။ အဲဒါကြောင့် Medusa ကို ဖန်တီးဖြစ်တယ်။ ဆိုဖီယာက Versace Brand ကို ကြိုက်တာရယ်၊ အဲဒီက မြွေခေါင်းတွေပေါ့”

“ဒီ Medusa မိန်းမက ဘာလို့မြွေခေါင်းတွေ ဖြစ်သွားတာလဲပေါ့။ သူက အရမ်းလှတယ်။ ယောကျ်ားတွေကို လှည့်စားတယ်။ အသည်းတွေ ခွဲတဲ့အခါကျတော့ ကျိန်စာသင့်ပြီးတော့ မြွေခေါင်းတွေ ဖြစ်သွားတယ်။ အဲဒါလေးကိုပြောချင်တာပေါ့။ ကိုမိုးထက် ရေးပေးတာပါ”လို့ ဆိုဖီယာကပြောပါတယ်။

အိုင်ဒီယာအဆန်းများနဲ့ သီချင်းများကို ဖန်တီးလေ့ရှိတဲ့ ဆိုဖီယာကတော့ နောက်ထပ် ဘယ်လိုသီချင်းတွေဖန်တီးသွားမလဲဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“အခုထိတော့ အိုင်ဒီယာ မရှိသေးဘူး။ ထိုင်နေရင်းနဲ့ အိုင်ဒီယာ ပေါ်လာရင် ပေါ်လာတာ။ ဖျတ်ခနဲပေါ့။ တခါတလေကျရင် အရာဝတ္ထု တခုအကြောင်းကို ရေးချင်ရင် ဥပမာ Medusa လိုမျိုးပေါ့။ Brand တွေကိုကြည့်ရင်းနဲ့ ငါဒီအကြောင်းရေးရင် ကောင်းမလားဆိုပြီး စဉ်းစားမိသွားတာ။ သီချင်းတွေကို အဲဒီလိုဖန်တီးချင်တယ်။ အချစ်သီချင်းထက် စာရင်ပေါ့” လို့ ဆိုဖီယာက ပြောပါတယ်။

ဆိုဖီယာကတော့ Myanmar Idol Season 1 မှတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ပြိုင်ပွဲမှာ ဆုရရှိခဲ့ခြင်း မရှိပေမယ့် သီချင်းများ အမြဲတမ်းဖန်တီးနေပြီးတော့ ယခုအချိန်မှာတော့ တကိုယ်တော်အခွေ ၂ ခွေ ထွက်ရှိပြီး ဖြစ်ပါတယ်။

The post မေမဒီနဲ့အတူ “ယာယီ” ဆိုတဲ့ သီချင်းအသစ် ဖန်တီးထားတဲ့ ဆိုဖီယာ appeared first on ဧရာဝတီ.


ရိုက်ကွင်းမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ခေါင်းမှာ ၅ ချက်ချုပ်လိုက်ရတဲ့ မင်းသား ချောင်ယွန်ဖတ်

$
0
0

ဝါရင့် ဟောင်ကောင် မင်းသားကြီး ချောင်ယွန်ဖတ်ဟာ ရိုက်ကွင်းမှာဖြစ်ခဲ့တဲ့ မတော်တဆမှုမှာ ဒဏ်ရာရရှိခဲ့ပြီး ဦးခေါင်းမှာ ၅ ချက် ချုပ်လိုက်ရတယ်လို့ သိရပါတယ်။ ဟောင်ကောင်မီဒီယာ Apple Daily ရဲ့ အဆိုအရ မတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ သတင်းတခုမှာ မင်းသားကြီးချောင်ဟာ ဟောင်ကောင်မင်းသား Kenny Wong နဲ့အတူ “Sunny Days” ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးနေစဉ်မှာ မတော်တဆ ဒဏ်ရာရှိခဲ့ပြီး ဘယ်ဖက်နဖူးမှာ ထိခိုက်ခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။

ဒဏ်ရာ ရရှိခဲ့ပေမယ့် မင်းသားကြီးဟာ သူ့ရဲ့ ပရောဖက်ရှင် နယ်ကျမှုကို ပြသနိုင်ခဲ့ပြီး ရရှိခဲ့တဲ့ ဒဏ်ရာကို မချုပ်ခင် အချိန်အထိ ရိုက်ကွင်းကို ပြီးစီးအောင် ဆက်လက် ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။ ရိုက်ကူးရေး အဖွဲ့တွေကလည်း မင်းသားရဲ့ နဖူးပေါ်က ပြတ်ရှဒဏ်ရာကနေ သွေးတွေထွက်နေတာကိုလည်း သိခဲ့တယ်လို့ ဆိုပါတယ်။

ထုတ်လုပ်ရေး ဝန်ထမ်းတဦးက ဒဏ်ရာကို စစ်ဆေးဖို့ ကြိုးစားတဲ့အချိန်မှာတော့ အခြေအနေက တမျိုး တဖုံပြောင်းလဲသွားခဲ့ပါတယ်။ မင်းသားကြီးရဲ့ ဇနီး Jasmine Tan ကို ဒဏ်ရာလာကြည့်ဖို့ ဖုန်းဆက် လှမ်းခေါ်ခဲ့ပါတယ်။

Jasmine က “သူကသွေးတော်တော်လေးထွက်နေတဲ့အတွက် ကျမတော်တော်လေးလန့်သွားခဲ့တယ်။ ဒါပေမယ့် ကျမတို့နှစ်ယောက်လုံး တည်တည်ငြိမ်ငြိမ်ရှိခဲ့ပြီး ရိုက်ကွင်းပေါ်မှာရှိတဲ့ လူတိုင်း၊ အထူးသဖြင့် သူ့ရဲ့ လက်ထောက် Kenny ကို မစိုးရိမ်စေချင်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီ နောက်တော့ မင်းသားကြီး ချောင်ဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့အတွက် Kenny ကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရဲ့ အရွယ်အစားကိုကြောင့် ဆရာဝန်နဲ့ ပြသင့်တယ်လို့ ဒါရိုက်တာကြီးက ပြောဆိုတာကြောင့် ထုတ်လုပ်သူနဲ့အတူ အသက် ၆၃ နှစ်အရွယ် မင်းသားကြီးဟာ ဆေးရုံကို သွားခဲ့တယ်လု့ိ သိရပါတယ်။

ဘက်တီးရီးယား ပိုးဝင်မှာ စိုးရိမ်တဲ့အတွက် ကနဦးမှာတော့ ဆရာဝန်တွေဟာ သူ့ရဲ့ ဒဏ်ရာနားက ဆံပင်တချို့ကို ရိတ်ပစ်ဖို့ အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ မင်းသား ချောင်ဟာအဲဒီလို ရိတ်လိုက်မယ်ဆိုရင် သူသရုပ်ဆောင်နေတဲ့ ဇာတ်ရုပ်အပေါ်မှာ ထိခိုက်မှုရှိနိုင်တယ်ဆိုပြီး စိုးရိမ်ခဲ့ပါတယ်။ အဲဒါနဲ့ပဲ သူဟာ ဦးခေါင်းမှာ ၅ ချက်ချုပ်ပြီး ရိုက်ကွင်းဆီကို ပြန်လာခဲ့ပါတယ်။ ထုတ်လုပ်ရေး ဝန်ထမ်းတွေကတော့ ဝါရင့်မင်းသားကြီးရဲ့ ပရော်ဖက်ရှင်နယ်ကျတဲ့ စိတ်ထားကို ချီးမွမ်းပြောဆိုခဲ့ကြပါတယ်။

Ref : asiaone

The post ရိုက်ကွင်းမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ခေါင်းမှာ ၅ ချက်ချုပ်လိုက်ရတဲ့ မင်းသား ချောင်ယွန်ဖတ် appeared first on ဧရာဝတီ.

ကိုယ်ပိုင် စီးပွားရေးတခုနဲ့ အောင်မြင်နေကြတဲ့ အသက်အငယ်ဆုံး စီးပွားရေးသမားများ

$
0
0

ကိုယ်ပိုင် စီးပွားရေးတခုနဲ့ အောင်မြင်တဲ့ လုပ်ငန်းရှင်တယောက်ဖြစ်ဖို့ဆိုတာ တကယ်တမ်းတော့ ထင်သလောက် မလွယ်ကူပါဘူး။ လူငယ်စီးပွားရေးသမား အများစုဟာ အသက် ၂၀ ကျော်ဝန်းကျင်တွေလောက်သာ ရှိကြပြီး အခုဖော်ပြပေးမှာကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေကြတဲ့ အသက်အငယ်ဆုံး စီးပွားရေးသမား ဆယ်ကျော်သက်တွေပဲ ဖြစ်ပါတယ်။

(၁) Joelle Joanie Siwa (JoJo Siwa)

JoJo Siwa လို့ခေါ်တဲ့ အသက် ၁၅ နှစ်အရွယ် အဆို၊ အကတော်သူ ကောင်မလေးဟာဆိုရင် ကလေး ပရိသတ်တွေရဲ့ အသည်းစွဲ Youtuber တဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ ကိုယ်ပိုင်ဒီဇိုင်း ဖဲပြားခပ်ကြီးကြီးတွေနဲ့ အလှပြင်ပစ္စည်းတွေကို JoJo Collection ကနေ ဖြန့်ဝေနေခဲ့တာဖြစ်ပြီး ၁၂ မီလျံကျော်အထိ ချမ်းသာကြွယ်ဝမှု ရှိနေသူတဦးလည်း ဖြစ်ပါတယ်။

(၂) Mikaila Ulmer

အသက် ၉ နှစ် အရွယ်လောက်ကတည်းက Me & the Bees ဆိုတဲ့ ကိုယ်ပိုင် အချိုရည် Brand တခုကို မိဘတွေရဲ့ အကူအညီနဲ့ တည်ထောင်ခဲ့သူပဲဖြစ်ပြီး အခုဆိုရင်တော့ သူမ ထုတ်လုပ်တဲ့ ဒီအချိုရည်ဟာ အမေရိကန်ရဲ့ စူပါမားကတ်တွေမှာ အရောင်းရဆုံး အချိုရည်စာရင်း ဝင်နေပြီလည်း ဖြစ်ပါတယ်။ အချိုရည်တွေရောင်းရငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ဆင်းရဲသားတွေကို ထောက်ပံ့ပေးတဲ့ ဂေဟာတွေကို လှူဒါန်းနေခဲ့တာပဲဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၁ မီလျံကျော်အထိ ကြွယ်ဝနေသူပဲ ဖြစ်ပါတယ်။

(၃) Ryan

အသက် ၇ နှစ်သာ ရှိသေးတဲ့ Ryan ဟာဆိုရင်တော့ ကစားစရာတွေကို Youtube မှာ Review လုပ်ပေးနေသူတဦးပဲ ဖြစ်ပါတယ်။ Youtube မှာ Subscriber ၁၈ မီလျံကျော်အထိ ရှိတဲ့ Ryan ဟာ သူ့ရဲ့ Ryan Toys Review ကနေ တနှစ်ကို အမေရိကန်ဒေါ်လာ ၁၁ မီလျံကျော်အထိ ဝင်ငွေ ရရှိနေသူတဦးလည်း ဖြစ်ပါတယ်။

(၄) Cory Nieves

Mr. Cory’s Cookie ရဲ့ CEO ဖြစ်တဲ့ Cory Nieves ကတော့ အသက် ၆ နှစ်လောက်ကတည်းက မိဘတွေရဲ့ အကူအညီနဲ့ ကွတ်ကီးတွေကို ထုတ်လုပ်ရောင်းချနေသူ တဦးလည်း ဖြစ်ပါတယ်။ သဘာဝ Home Made ကွတ်ကီး အမျိုးအစား ၄ မျိုးလောက်ကို ထုတ်လုပ်ရောင်းချနေတာပဲ ဖြစ်ပြီး သူ့ရဲ့အသားတင်ချမ်းသာမှုကတော့ ဒေါ်လာ ၁ မီလျံကျော်ခန့်ရှိတာပဲ ဖြစ်ပါတယ်။

Ref : www.careeraddict.com

The post ကိုယ်ပိုင် စီးပွားရေးတခုနဲ့ အောင်မြင်နေကြတဲ့ အသက်အငယ်ဆုံး စီးပွားရေးသမားများ appeared first on ဧရာဝတီ.

“Maleficent 2” ရုပ်ရှင်မှာ ဗီလိန်အဖြစ် မြင်တွေ့ရဦးမယ့် အန်ဂျလီနာဂျိုလီ

$
0
0

မင်းသမီး အန်ဂျလီနာဂျိုလီဟာ မကြာမီပြသတော့မယ့် Disney ရဲ့ live-action အမျိုးအစား “Maleficent” နောက်ဆက်တွဲရုပ်ရှင်မှာ အရင်ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်နေရာကနေပဲ ပြန်လည်ပါဝင်ဦးမှာဖြစ်ပါတယ်။ Disney ဟာ မင်းသမီး ဂျိုလီပါဝင်ထားတဲ့ ပထမဆုံးပရိုမိုးရှင်းပိုစာတခုကို ဖြန့်ချိခဲ့ပြီး တောင်ပံတစုံနဲ့အတူ ကြောက်မက်ဖွယ် လှပနေတဲ့ ဂျိုလီရဲ့ပုံရိပ်ကို မြင်တွေ့ကြရမှာပါ။

ရုပ်ရှင်တရားဝင်ပြသမည့် ရက်ကိုတော့ ၂၀၂၀ ခုနှစ်၊ မေလ ၂၉ ရက်အစား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ဆိုပြီး သတ်မှတ်ထားပါတယ်။ Disney ကတော့ သူတို့ရဲ့ Twitter အကောင့်မှာ အဲဒီ့ရုပ်ရှင်နာမည်ကို “Maleficent: Mistress of Evil” လို့ နာမည်ပေးထားတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

မင်းသမီး ဂျိုလီဟာ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပထမဆုံးရုပ်ရှင် “Sleeping Beauty” မှာ ဗီလိန်တဦးအနေနဲ့ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူသိပ်ချစ်ရတဲ့အမျိုးသားတယောက်ရဲ့ သစ္စာဖောက်မှုကို ခံလိုက်ရတဲ့ နတ်သမီးက အဲဒီ့အမျိုးသားရဲ့ သမီးဖြစ်သူ Aurora ကိုပစ်မှတ်ထားပြီး ကလဲ့စားချေမယ့်သူအဖြစ် ပါဝင်ထားတာပါ။ Aurora အဖြစ် မင်းသမီး Elle Fanning က ပါဝင်ထားပါတယ်။ အဲဒီ့ရုပ်ရှင်ဟာ တော်တော်လေး အောင်မြင်ခဲ့ပြီး ရုံဝင်ငွေစာရင်းမှာ ဒေါ်လည ၇၅၈ သန်းရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့မှာတော့ Disney ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပိုစတာကို ဖြန့်ခဲ့ပြီး ရုပ်ရှင်နာမည်ကို Maleficent: Mistress of Evil ဆိုပြီး ပထမဆုံး စတင်ဖော်ပြလာခဲ့ပါတယ်။

အခုလာမယ့် အောက်တိုဘာလမှာ ရုံတင်မှာဖြစ်တဲ့အတွက် ဒီနှစ်ရဲ့ ဟောလိုးဝင်းပွဲတော်နဲ့လည်း တိုက်ဆိုင်နေပြီး The Addams Family ရုပ်ရှင်နဲ့ နာမည်မပေးရသေးတဲ့ Blumhouse သည်းထိတ်ရင်ဖိုရုပ်ရှင်တွေနဲ့လည်း ထိပ်တိုက် တွေ့ဆုံမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မေလတုန်းက မင်းသမီး Elle Fanning ဟာ မင်းသမီး ဂျိုလီနဲ့အတူ ရိုက်ကူးထားတဲ့ Selfie ဓာတ်ပုံတခုကို တင်ခဲ့ပါသေးတယ်။

အခုအထိတော့ မကြာမီရုံတင်တော့မယ့် နောက်ဆက်တွဲ ရုပ်ရှင်ရဲ့ဇာတ်ကြောင်းကို မသိရသေးပေမယ့် ဇာတ်ကောင်တွေရဲ့ ဝတ်စုံနဲ့ ပုံပန်းသွင်ပြင်တွေဟာဆိုရင် ပရိသတ်ကို တော်တော်လေး ဆွဲဆောင်ခဲ့တာ တွေ့ရပါတယ်။

Ref: harpersbazaar

The post “Maleficent 2” ရုပ်ရှင်မှာ ဗီလိန်အဖြစ် မြင်တွေ့ရဦးမယ့် အန်ဂျလီနာဂျိုလီ appeared first on ဧရာဝတီ.

Gay Superhero အကြောင်း ရိုက်ကူးဖို့ရှိတဲ့ Marvel Studio

$
0
0

Black Panther ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီးဟီးရိုး ခေါင်းဆောင်တဲ့ Captain Marvel ဇာတ်ကားတို့မှာ ပရိသတ်အားပေးမှု အမြောက်အများရထားတဲ့ Marvel Studio ဟာ Gay Hero တယောက်ကို မိတ်ဆက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

မတ်လမှာ စတင်ပြီး ရုံတင်ပြသနေပြီဖြစ်တဲ့ Captain Marvel ဇာတ်ကားကိုလည်း ရုံတင်ငွေ စံချိန်ချိုးဖို့ မျှော်လင့်ထားပြီးတဲ့နောက် ၂၀၂၀ ခုနှစ်မှာ The Eternals ဇာတ်ကားမှာ Gay Hero ကို ထည့်သွင်းဖို့ ရှိနေတာပါ။

The Eternals ဟာ Marvel ရဲ့ လူသိပ်မသိတဲ့ ဇာတ်လမ်းတခုဖြစ်ပြီး Jack Kirby’s ရဲ့ ၁၉၇၀ နှစ်များက ကာတွန်းတခုလည်း ဖြစ်ပါတယ်။ ဒီကာတွန်းထဲက ဇာတ်ကောင်တွေဟာ မသေနိုင်တဲ့လူဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာထဲက ကမ္ဘာကြီးမှာ တည်ရှိတဲ့သူတွေ ဖြစ်ပါတယ်။

ကာတွန်းထဲက ဇာတ်ကောင်တွေမှာ Gay ဖြစ်နေတာ တယောက်မှ မပါပေမယ့် ဇာတ်ကောင်တယောက်ကို Gay ပုံစံပြောင်းမလား အသစ်ထည့်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ ပရိသတ်တွေရဲ့ ခန့်မှန်းချက်တွေအရတော့ ဇာတ်ကောင် Ikaris ဖြစ်လောက်တယ်လို့ ဆိုပါတယ်။

ဒီလို Gay Superhero အတွက် Gay သရုပ်ဆောင်ကို ရှာဖွေနေတယ်ဆိုတဲ့ ကောလာဟလ တွေလည်း ထွက်ပေါ်နေပါတယ်။ Marvel ဟာ ထွက်ရှိခဲ့ပြီးသား ဇာတ်ကားတွေမှာ LGBTQ တွေနဲ့ ပတ်သက်ပြီး ရိုက်ကူးမှု မရှိခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ အားမလို အားမရ ဖြစ်နေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

The Eternals ရုပ်ရှင်ကို ၂၀၁၉ ခုနှစ် သြဂုတ်လမှာ London မှာ စတင်ရိုက်ကူးမှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ရိုက်ကူးပြီးစီးမယ်လို့ ခန့်မှန်းထားကြပါတယ်။

Gay Superhero ရိုက်ကူးမယ့်အကြောင်းနဲ့ ပတ်သက်ပြီး Captain Marvel ရုပ်ရှင်ကားရဲ့ အထူးပြသပွဲမှာ သတင်းထောက်တွေက Marvel Studio ရဲ့ တာဝန်ရှိသူဖြစ်တဲ့ Victoria Alonson ကို မေးမြန်းတဲ့ အခါမှာ သူမက အခုလိုဆိုပါတယ်။

“ကမ္ဘာကြီးက အဆင်သင့်ဖြစ်နေပါပြီ။ မကြာခင်မှာ ကျမတို့က သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်နဲ့ ပတ်သက်တာတွေကို ထုတ်ပြန်တော့မှာပါ။ ပြီးတော့ Gay Superhero အကြောင်းကို ဘာကြောင့် မရိုက်ရမှာလဲ။ MCU ဟာ မတူကွဲပြားမှုတွေကို အခြေခံထားတာဖြစ်လို့ ပူံစံတမျိုးတည်းနဲ့ တသမတ်တည်း သွားဖို့ မဖြစ်နိုင်ပါဘူး။ တကမ္ဘာလုံးမှာ ရှိတဲ့ ပရိသတ်တွေကလည်း ပုံစံမတူနိုင်တာမို့ ကျမတို့ ဖက်ကလည်း မတူညီတာတွေကို လုပ်ပြချင်တာပါ” လို့ ဖြေကြားခဲ့ပါတယ်။

Ref : vice

The post Gay Superhero အကြောင်း ရိုက်ကူးဖို့ရှိတဲ့ Marvel Studio appeared first on ဧရာဝတီ.

“တာတူး”ရုပ်ရှင်မှာ လုလုအောင်နဲ့ မအေးသောင်းပုံစံ အတုယူထားတဲ့ နေတိုး

$
0
0

ကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်တဲ့ အကယ်ဒမီ နေတိုးကတော့ မကြာခင်ပြသမယ့် “တာတူး” ရုပ်ရှင်ဟာ မည်သူ တဦးတယောက်ကိုမှ လှောင်ပြောင်ထားတာ မဟုတ်ကြောင်း ပြောပါတယ်။

“တာတူးကားလေးကိုလည်း ရင်ခုန်ပါတယ်။ ဒီကားလေးကို အကုန်လုံးကရော ကျနော်ရော သဘောကျတဲ့ အတွက် ရိုက်ဖို့ တထိုင်တည်းမှာပဲ ဆုံးဖြတ်လိုက်တဲ့ ကားတကားပေါ့။ ဇာတ်လမ် းဖွဲ့စည်းမှုပုံစံနဲ့ ဇာတ်လမ်းပုံစံကတော့ ပရိသတ် စိတ်ဝင်စားစရာကောင်းတဲ့ ပုံစံပေါ့။ ဇာတ်ကောင်ကို ပံ့ပိုးနိုင်အောင်လို့ အများကြီးကြိုးစားခဲ့တယ်။ ဇာတ်ကောင် ပီပြင်ဖို့ ပံ့ပိုးပေးခဲ့သူတွေ အများကြီးရှိတယ်။ နောက်ကွယ်ကနေ ပံ့ပိုးပေးသူတွေကိုလည်း ကျေးဇူးတင်ပါတယ်”

“ဒီကားမှာ ဇာတ်လမ်းကိုလည်း လေးနက်မှုရှိအောင် တည်ဆောက်ထားပါတယ်။ ကျနော်တို့က သရုပ်ဆောင်တဲ့အပိုင်းကို အပီပြင်ဆုံး ဖြစ်အောင်တော့ သရုပ်ဆောင်ထား ပါတယ်။ ကိုလွင်မိုးနဲ့ ၄ နှစ်ကျော်လောက်မှ ပြန်ဆုံတဲ့ ကားလေးပါ။ ဒီကားကတော့ မည်သူတဦးတယောက်ကိုမှ လှောင်ပြောင်ထားတာလည်း မဟုတ်ဘူးပေါ့။ ဒီကားလေးကို ကြည့်လိုက်ရင်တော့ သိမှာပေါ့။ LGBTတွေကို ထွေထွေထူးထူးတော့ မမြင်ပါဘူး။ စိတ်နှလုံးသားနူးညံတဲ့ လူသားတယောက် အနေနဲ့ပဲ မြင်ပါတယ်” လို့ နေတိုးက ပြောပါတယ်။

“တာတူး” ဇာတ်ကားမှာ နေတိုးက ဟော်မုန်းဆေး စားမိပြီး မိန်းကလေးစိတ် ဝင်သွားသူ တယောက်အဖြစ် သရုပ်ဆောင်ထားပြီး ဒီလိုမိန်းကလေးပုံစံကို အပြင်က အနုပညာရှင်များဖြစ်တဲ့ မအေးသောင်းနဲ့ လုလုအောင်တို့ပုံစံတွေကို Reference ယူခဲ့တယ်လို့ နေတိုးက ပြောပါတယ်။

“အဓိကကတော့ ကျနော်က အပြင်မှာလည်း အသားရေ ကောင်းပါတယ်။ နောက်ပြီးတော့ ပုံမှန်အားဖြင့် ကျနော်က အရမ်းကြီးကို ယောကျာ်းဆန်နေတဲ့ ပုံလည်း မဟုတ်ဘူးလေ။ ဘော်ဒီ အချိုးအစားကလည်း နှစ်ဖက်လုံးကို ဝတ်ဆင်တဲ့ အချိန်မှာ နည်းနည်းလေး Change လို့ရတဲ့ ဘော်ဒီဖြစ်နေတာလည်း ပါပါတယ်။ နောက်ပြီး ဖက်ရှင်ရဲ့ ဆွဲဆောင်မှုလည်း ပါမယ်လို့ ထင်ပါတယ်”

“နောက်ပြီး မိတ်ကပ်မေဦးတို့ မင်းသက်စံတို့က လိုချင်တဲ့ ပုံစံကိုသူ ဒါရိုက်တာပြောတဲ့အတိုင်း ပထမကတော့ မအေးသောင်းတို့လိုမျိုး မြန်မာဆန်ဆန်လေး တခု လုပ်ချင်တယ်ပေါ့။ ပြီးတော့ နည်းနည်းလေး Sexy ကျကျပုံစံလေးကျတော့ လုလုအောင်တို့လို မော်ဒယ်တွေလို ပုံစံလေးတွေ လုပ်မယ်ပေါ့။ ဒီဇိုင်နာတွေကလည်း အဲ့အတိုင်း လုပ်ရတာပေါ့”လို့ နေတိုးက ပြောပါတယ်။

“အဲ့ နှစ်ခုကိုတော့ ကျနော်တို့ Reference ယူခဲ့ရတယ်။ ဒီအဝတ်အစားတွေဟာ ကိုယ်ဝတ်နေကျ အဝတ်တွေ မဟုတ်ပါဘူး။ ဒါကြောင့် ကျဉ်းကျပ်မှုတွေ အများကြီးရှိပါတယ်”လို့ နေတိုးက ဆိုပါတယ်။

သရုပ်ဆောင် အကယ်ဒမီ နေတိုးဟာ ၂၀၀၉ ခုနှစ်မှာ “မိုးညအိမ်မက်မြူ” ၊ ၂၀၁၅ ခုနှစ်မှာ “နက္ခတ်မှားတဲ့တိုက်ပွဲ”၊ ၂၀၁၇ ခုနှစ်မှာ “တာတေကြီး” စတဲ့ ရုပ်ရှင်များနဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီ ချီးမြှင့်ပွဲမှာ “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု”တို့ကို ရရှိထားသူတဦး ဖြစ်ပါတယ်။

The post “တာတူး” ရုပ်ရှင်မှာ လုလုအောင်နဲ့ မအေးသောင်းပုံစံ အတုယူထားတဲ့ နေတိုး appeared first on ဧရာဝတီ.

Viewing all 7343 articles
Browse latest View live