Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all 7343 articles
Browse latest View live

“ကျောင်းဖွင့်ရင် ကြိုပို့လုပ်ရမယ့် လူကြီးတွေအတွက်လည်း စိတ်ပူတယ်”

$
0
0

ဇူလိုင်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းမှာ ကျောင်းသား မိဘများစွာက သူတို့ရဲ့သားသမီးများအတွက် စိတ်ပူပန်မှုများစွာ ရှိနေကြပါတယ်။

ဒီထဲမှာမှ အဆိုတော် ဟဲလေးကတော့ ကျောင်းတက်မယ့် ကလေးတွေအတွက် စိတ်ပူသလို ကျောင်းပို့ကျောင်းကြို ပြုလုပ်ရမယ့် လူကြီးတွေအတွက်လည်း စိတ်ပူရတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ပြီးခဲ့တဲ့ တလောကဆို ကျောင်းဖွင့်ချိန်က နီးလာပြီဆိုတော့ စိုးရိမ်ပူပန်တာပေါ့။ အဘိုးအဘွားတွေက အဓိက လိုက်ပူတာပေါ့။ ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုးအဘွားတွေက ကျောင်းလိုက်ပို့ကြတော့ အဖေ၊ အမေတွေက အမြဲလိုက်မပို့နိုင်ဘူး။ လုပ်ငန်းခွင် ဝင်ကြရတယ်။ ဒီအတွက် စိုးရိမ်ကြရတယ်”

“ကလေးတွေကို လိုက်ပို့ရင်းကနေ လူကြီးတွေကို ကူးစက်လာမယ်ဆိုရင် အဓိကက သက်ကြီးရွယ်ပိုင်းတွေ ကူးစက်ခံရရင် အန္တရာယ်ကြီးနေတာကို လူငယ်တွေက ဖြစ်ပြီးရင် ပြန်ကောင်းလာကြတယ်။ ဒီအတွက်တော့ အရမ်းစိတ်ပူတယ်။ ကလေးတွေအတွက်တင် မဟုတ်ဘူး။ လူကြီးတွေအတွက်လည်း စိတ်ပူတယ်” လို့ ဟဲလေးက ဧရာဝတီကို ပြောပါတယ်။

ကျောင်းပို့ ကျောင်းကြိုကိစ္စများကို မိဘတွေက အလုပ်ရှိတာကြောင့် နေ့စဉ် မလုပ်နိုင်ဘဲ အဘိုးအဘွား၊ ဦးလေး၊ အဒေါ်တွေကသာ လုပ်နေတဲ့အတွက် ကူးစက်ခံရမှာကို စိုးရိမ်မိပြီး လူကြီးတွေက ပိုအန္တရာယ်များတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကလည်း အလုပ်အားတဲ့အချိန်တော့ လိုက်ပို့နိုင်တယ်။ နေ့တိုင်းတော့ မလုပ်နိုင်ဘူးပေါ့။ စိတ်ပူတာပေါ့။ အဲ့အတွက်ကြောင့် အခြေအနေလေးတခု ကြည့်ပြီးတော့မှ ထားဖို့အတွက် ရည်ရွယ်ထားပါတယ်။ တော်တော်များများ မိဘတွေလည်း စိတ်ပူကြပါတယ်။ အခြေအနေတွေက စိတ်ချရတဲ့အခြေအနေတော့ မရှိသေးပါဘူး” လို့ ဟဲလေးက ပြောပါတယ်။

အခု လက်ရှိမှာတော့ သားလေးတွေကို အွန်လိုင်းကနေ ပညာသင်ကြားပေးနေပြီး ဖုန်းကြည့်ချိန်များနေတာကြောင့်လည်း အချိန်ဇယားဆွဲကာ သတ်မှတ်ပေးထားတယ်လို့လည်း သိရပါတယ်။

“အခုဆိုရင်တော့ ကလေးတွေကို အချိန်ဇယားလေး ဆွဲထားပေးလိုက်တယ်။ ကလေးဆိုတော့ ဆော့ကလည်း ဆော့ချင်တယ်။ Game တွေ Youtube တွေကလည်း ကြည့်ချင်ကြတယ်ဆိုတော့ တီဗီကြည့်တဲ့အချိန်ကသက်သက်၊ ဂိမ်းဆော့တဲ့အချိန်ကသက်သက် ပြီးရင် စာအုပ်ဖတ်ရမယ်”

“တနေ့ကို အချိန်ဘယ်လောက်ဆိုပြီးတော့ သတ်မှတ်ပေးလိုက်တယ်။ ပြီးရင်ဂီတနဲ့ ပတ်သက်ပြီး လေ့လာပေါ့။ အိပ်ချိန်တွေရယ်ဆိုပြီး သတ်မှတ်ပေးလိုက်တယ်။ ကျောင်းတော့ မဖွင့်သေးပါဘူး။ အွန်လိုင်းကနေ စာသင်နေတယ်” လို့ ဟဲလေးက ပြောပါတယ်။

Stay home ကာလမှာ သားလေးတွေ အပြင်မထွက်တာကြာလို့ အပြင်ခေါ်ထုတ်ပေမယ့် အပြင်မထွက်ချင်ကြဘဲ မိဘတွေကိုတောင် ကလေးတွေက အပြင်မထွက်ဖို့ ပြန်ပြောတာတွေရှိတယ်လို့ ဟဲလေးက ဆိုပါတယ်။

The post “ကျောင်းဖွင့်ရင် ကြိုပို့လုပ်ရမယ့် လူကြီးတွေအတွက်လည်း စိတ်ပူတယ်” appeared first on ဧရာဝတီ.


လင်မယားချင်း စကားများပြီး ရေနွေးပူနဲ့ လောင်းခံခဲ့ရတဲ့ လူရွှင်တော် တော့ပ်

$
0
0

လူရွှင်တော် တော့ပ်က ဇနီးဖြစ်သူနဲ့ လင်မယားချင်း စကားများရာကနေ အိပ်ပျော်နေစဉ်မှာ ဇနီးဖြစ်သူက သူ့အား ရေနွေးပူနဲ့ လောင်းချခဲ့ပြီး ရေနွေးပူလောင်ထားတဲ့ ဒဏ်ရာများကြောင့် တော့ပ်ဟာ ဆေးရုံမှာ တက်ရောက်ကာ ဆေးကုသမှု ခံယူနေရပါတယ်။

“ကျနော်တို့ ဆေးရုံတက်နေတာ ၁၁ ရက် ရှိပြီ။ ဆေးရုံဆင်းရဖို့ကတော့ အနာတွေက မသက်သာသေးတော့ ဆင်းရမယ် မပြောသေးဘူး။ ကျောတွေမှာရောဆိုတော့ အနာတွေက မခြောက်သေးဘူး။ အခုတော့ သက်သာပါတယ်။ ဆရာဝန်တွေကလည်း ဂရုစိုက်ပါတယ်။ ဆေးရင်တော့ ဆင်းရမှာပါ။ ကျနော်အခုလို ဖြစ်ချိန်မှာ ကူညီပေးကြတာလည်း ကျေးဇူးတင်ပါတယ်”

“ကိုဗစ် မတိုင်ခင်ထိ ပွဲက ကရတယ်။ ကိုဗစ်တွေ ဖြစ်တော့ ပွဲတွေ မကရတော့ စကားလေး နည်းနည်း များကြတယ်။ စကား နည်းနည်းလည်း အမှားပါသွားတယ်။ ည ၁၂ နာရီလောက် ရေနွေး ဆန် ၆ လုံးအိုးနဲ့ တည်ပြီးတော့ အိပ်ပျော်နေချိန် လောင်းချလိုက်တာပဲ။ ၂ ခါ လောင်းခံလိုက်ရတယ်။ အရင်တုန်းက စကားကတော့ မကြာမကြာ များတယ်။ ဒီတခါဖြစ်တာကတော့ တော်တော်ဆိုးသွားတာပေါ့”လို့ လူရွှင်တော် တော့ပ်က ဧရာဝတီကို ပြောပါတယ်။

ရေနွေးပူလောင်ဒဏ်ရာ သက်သာသွားရင် သာသနာ့ဘောင်ထဲသို့ ဝင်ကာ ဘုန်းကြီးဝတ်ဖို့ ရှိသလို အနုပညာတွေလည်း ပြန်လုပ်ကိုင်သွားမယ်လို့ တော့ပ်က ဆိုပါတယ်။

“ကျနော်ကတော့ ဇွဲမလျှော့ဘူး။ ရောဂါတွေလည်း သက်သာရင် ဘုန်းကြီးဝတ်မယ်။ သက်သာရင် နွေဘက်ကျရင်တော့ ပြန်ကရမှာပဲ။ အနုပညာသမားဆိုတော့ အနုပညာကို လုပ်ချင်သေးတာ”လို့ တော့ပ်က ပြောပါတယ်။

ကျူးလွန်ခဲ့သူ အမျိုးသမီးကိုတော့ အမှုဖွင့်ထားရပြီး အိမ်ထောင်ရေးနဲ့ ပတ်သက်လို့လည်း တော့ပ်က အခုလို ဆိုပါတယ်။

“အခုတော့ သူ့ကို ထောင်ချထားတယ်။ သားသမီးရှိတာ တယောက်က အိမ်ထောင်ကျသွားပြီ။ တယောက်ကလည်း အားကိုးမရပါဘူး။ ကျနော်တောင် အခု ကျနော့်မွေးစား အဖေရဲ့သားက လာပြုစုပေးနေတာ။ ကလေးတွေကလည်း စရိုက် မကောင်းဘူး။ အဖေဘက် မပါကြဘူး။ အဲ့မိန်းမကို ပေါင်းလည်း မပေါင်းတော့ဘူး။ အင်္ကျီတွေလည်း အပြည့်အဝ မပေးလိုက်ဘူး။ ကောင်းလာရင်လည်း ပြန်မပေါင်းဘူး။ ဒီဘဝ ဒီမျှနဲ့ပဲ တော်ပါပြီ”လို့ ဆိုပါတယ်။

ရေနွေးပူနဲ့ လောင်းခဲ့တဲ့ ဇနီးဖြစ်သူကို လူရွှင်တော် တော့ပ်ရဲ့ ဆန္ဒအတိုင်း ညောင်လေးပင် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားကြောင်း သိရပါတယ်။ လူရွှင်တော် တော့ပ်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသ သရုပ်ဆောင်၊ လူရွှင်တော် မော့စ်နဲ့ ရုပ်တူတဲ့ လူရွှင်တော် တဦးလည်း ဖြစ်ပါတယ်။

You may also like these stories:

“ကျောင်းဖွင့်ရင် ကြိုပို့လုပ်ရမယ့် လူကြီးတွေအတွက်လည်း စိတ်ပူတယ်”

Daejong ရုပ်ရှင်ဆုပေးပွဲမှာ ဆု ၅ ဆု ရခဲ့တဲ့ “Parasite”

သင်ဇာဝင့်ကျော်နဲ့အတူ Gym ကစားနေတဲ့ အဆိုတော် မီးနို

The post လင်မယားချင်း စကားများပြီး ရေနွေးပူနဲ့ လောင်းခံခဲ့ရတဲ့ လူရွှင်တော် တော့ပ် appeared first on ဧရာဝတီ.

စာရေးဆရာမကြီး မစန္ဒာရဲ့ ဝတ္ထု “ဂျီဟောသူ” ဇာတ်လမ်းတွဲ မကြာခင် ပြသမည်

$
0
0

စာရေးဆရာမကြီး မစန္ဒာရဲ့ “ဂျီဟောသူ” ဝတ္ထုကို ပြန်လည် ပုံဖော်ရိုက်ကူးထားတဲ့ “ဂျီဟောသူ” ဇာတ်လမ်းတွဲကို မကြာခင် MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသတော့မယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ ၁၉၈၀ ခုနှစ်က ကျောင်းသား၊ ကျောင်းသူများရဲ့ ပုံစံများကို မြင်တွေ့ရမှာဖြစ်ပြီး ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်များကလည်း အဝတ်အစား ဖက်ရှင် ဆံပင်ပုံစံများကအစ ပြောင်းလဲထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အခုခေတ်နဲ့ ကွဲပြားတဲ့ အပြင်အဆင်များ၊ ဖက်ရှင်ဒီဇိုင်းများကို မြင်တွေ့ရမှာဖြစ်ပြီး ဝတ္ထုကောင်းတပုဒ်ဖြစ်ခဲ့တာကြောင့်လည်း ဇာတ်လမ်းတွဲအနေနဲ့ ပြန်လည် ပုံဖော်တာကို စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။

“ဂျီဟောသူ” ဇာတ်လမ်းတွဲမှာတော့ MRTV-4 မှ ပရိသတ် ကြိုက်နှစ်သက်ပြီးသား သရုပ်ဆောင်များအပြင် အစီအစဉ် တင်ဆက်သူများကလည်း ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။

ပါဝင်သရုပ်ဆောင်ကြမယ့် သရုပ်ဆောင်များကိုလည်း သရုပ်ဆောင်ရမယ့် ကာရိုက်တာအရ Training များပေးကာ အကြိုလေ့ကျင့် ပြင်ဆင်မှုများစွာလည်း ပြုလုပ်ခဲ့တယ်လို့ “ဂျီဟောသူ” ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်သူတဦးက ဆိုပါတယ်။

“ဂျီဟောသူ” ဇာတ်လမ်းတွဲမှာတော့ ဟိန်းထက်၊ ရှင်မွေလ၊ မိုက်မိုက်၊ ဝေယံလင်း၊ ဘုန်းဆက်သွင်၊ သူရမောင်ချို၊ လပြည့်၊ မင်းဇေ၊ စိုးထွန်းဝင်း၊ မှူးသီဟသူ၊ အံ့ဝင့်ထွဋ်၊ ထွန်းနောင်ဆင့်၊ သုတအောင်၊ ဇော်ထက်၊ ခွန်ဆိုင်း၊ မေမီကိုကို၊ ဂရိတ်ချမ်း၊ ဖြိုးသံသာချို၊ ဆုမွန်၊ ရွှေစင်ဝင့်ရှိန်၊ ဈူးဈူးဈာန်၊ ဟန်နလာ၊ ဝိုင်းရွှေရည်၊ လဝန်းထက်၊ ဖြိုးမေစံ၊ နေရည်ဝင်းလဲ့၊ သီတာမိုမို၊ ခင်မို့မို့အောင်နဲ့ အခြား သရုပ်ဆောင်များစွာ ပါဝင်တယ်လို့ သိရပါတယ်။

ဆရာမကြီး မစန္ဒာရဲ့ ဝတ္ထုကိုတော့ အေးကြည်သာဟန်၊ အေးစန္ဒာဝင်း၊ ဆုဆုစံပယ်ဖူး တို့က ဇာတ်ညွှန်း ရေးသားထားပြီး ဒါရိုက်တာ ထွန်းထက်အာကာဗိုလ် ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲကိုတော့ MRTV-4 မှာ တနင်္လာကနေ သောကြာနေ့အထိ ည ၇ နာရီမှာ ပြသသွားမယ်လို့ ကြေညာထားပါတယ်။

You may also like these stories:

သင်ဇာဝင့်ကျော်နဲ့အတူ Gym ကစားနေတဲ့ အဆိုတော် မီးနို

“ကျောင်းဖွင့်ရင် ကြိုပို့လုပ်ရမယ့် လူကြီးတွေအတွက်လည်း စိတ်ပူတယ်”

The post စာရေးဆရာမကြီး မစန္ဒာရဲ့ ဝတ္ထု “ဂျီဟောသူ” ဇာတ်လမ်းတွဲ မကြာခင် ပြသမည် appeared first on ဧရာဝတီ.

အိန္ဒိယက ဆင်သေဆုံးမှုအပေါ် အနုပညာရှင်များ ပြစ်တင်ရှုတ်ချ

$
0
0

အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်၊ မာလာပူရမ်မြို့မှာ ကိုယ်ဝန်ဆောင် ဆင်တကောင်ဟာ ဒေသခံတွေ ကျွေးလိုက်တဲ့ ဗြောက်အိုးတွေ ပါရှိတဲ့ နာနတ်သီးကို စားခဲ့ပြီးတဲ့နောက် မေလ ၂၇ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ အဲ့ဒီကိစ္စဟာ အခုတော့ Twitter လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တော်တော်လေး လူပြောများနေခဲ့ပါတယ်။

ဘောလိဝုဒ် အနုပညာရှင်တော်တော်များများကတော့ အဲ့ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ပြစ်တင် ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တိရိစ္ဆာန်များအပေါ် ရက်စက်မှုကို တားမြစ်မယ့် တင်းကျပ်တဲ့ ဥပဒေတွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

အခုလိုမျိုး လူမှုကွန်ရက် မီဒီယာကနေ ပြစ်တင် ရှုတ်ချသူတွေထဲမှာ ပြည်သူချစ် ဘောလိဝုဒ် အနုပညာရှင်တွေ ဖြစ်ကြတဲ့ Akshay Kumar ၊ Anushka Sharma နဲ့ Alia Bhatt တို့လို ပုဂ္ဂိုလ်တွေ ပါဝင်လာတာကို တွေ့ရပါတယ်။

မင်းသား Akshay Kumar က “တိရိစ္ဆာန်တွေဟာ ရိုင်းစိုင်းမှု နည်းပါးပြီး လူသားတွေဟာ လူသားဆန်မှုနည်းပါးတာ ဖြစ်နိုင်ပါတယ်။ ဒီဆင်ကိစ္စက ဘယ်လိုဖြစ်ရတာလဲ။ နှလုံးသား ထိခိုက် ကြေကွဲရတယ်။ လူသားမဆန်ဘူး။ လက်မခံနိုင်ဘူး။ ကျူးလွန်သူတွေကို တင်းကျပ်တဲ့အရေးယူမှုတွေ ချမှတ်သင့်တယ်” လို့ ရေးသားထားပါတယ်။

အရင်ကာလတွေတုန်းက တိရိစ္ဆာန်တွေအပေါ် ရက်စက်မှုနဲ့ ပတ်သက်လို့ တက်တက်ကြွကြွ ပြောဆိုခဲ့ဖူးတဲ့ မင်းသမီး Anushka Sharma က “ဒါကြောင့် တိရိစ္တာန်တွေအပေါ် ရက်စက်မှုကို တားမြစ်ဖို့ ပြင်းထန်တဲ့ ဥပဒေတွေ ကျမတို့လိုနေပြီဆိုတဲ့အကြောင်းရင်းပါ” လို့ Instragram Story မှာ ရေးသားခဲ့ပါတယ်။

မင်းသမီး Shraddha Kapoor က “ဘယ်လိုတွေလဲ။ ဒီလိုမျိုး ဘယ်လိုဖြစ်ရတာလဲ။ လူတွေမှာ အသည်းနှလုံး မရှိကြတော့ဘူးလား။ ကျမ နှလုံးသားတွေ ကွဲကြေခဲ့ရတယ်။ ကျူးလွန်သူတွေကို ပြင်းထန်တဲ့ နည်းလမ်းနဲ့ ပြစ်ဒဏ်ပေးဖို့လိုတယ်” လို့ ရေးသားခဲ့ပါတယ်။

မင်းသား Randeep Hooda ကတော့ ပြစ်မှုကျူးလွန်သူတွေကို တင်းကျပ်တဲ့ အရေးယူချမှုတွေ လုပ်ဆောင်ပေးဖို့ ပတ်ဝန်းကျင်ရေးရာဝန်ကြီး Prakash Javadekar နဲ့ ကီရာလားပြည်နယ်ဝန်ကြီးချုပ် Pinarayi Vijayan တို့ကို Tag တွဲပြီး တောင်းဆိုခဲ့ပါတယ်။

သူက “ရင်းနှီးလွယ်တဲ့ ကိုယ်ဝန်ဆောင် ဆင်မလေးကို ဗြောက်အိုးတွေ အပြည့်ပါတဲ့ နာနတ်သီးကို ကျွေးလိုက်တာဟာ တကယ့်ကို လူမဆန်ဆုံးလုပ်ရပ်ပါပဲ။ လက်မခံနိုင်ပါဘူး။ ကျူးလွန်သူတွေကို တင်းကျပ်တဲ့အရေးယူမှု ချမှတ်သင့်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

မင်းသမီး Alia Bhatt ကတော့ “ကြမ်းတမ်းလိုက်တာ။ ဆိုးရွားလိုက်တာ။ ကျမတို့ဟာ သူတို့နဲ့အတူ ယှဉ်တွဲနေထိုင်ပြီး သူတို့ရဲ့ အသံတွေ ဖြစ်ဖို့ လိုအပ်နေပါပြီ။ ဒါက တော်တော်လေးကို ရယ်ရတဲ့ဟာသလို ဖြစ်နေသလား။ တော်တော်လေးကို စိတ်ထိခိုက်ရတယ်” လို့ ဆိုထားပါတယ်။

အဲ့ဒီကိုယ်ဝန်ဆောင် ဆင်မကြီးဟာ အစာရှာဖို့အတွက် မာလာပူရမ်မြို့နားက ပတ်ဝန်းကျင်ဒေသကို ရောက်ရှိလာခဲ့တာပါ။ ဆင်မကြီးကို မောင်းထုတ်ဖို့အတွက် ဒေသခံတွေဟာ ဗြောက်အိုးတွေ ထည့်ထားတဲ့ နာနတ်သီးကို ကျွေးလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ဗြောက်အိုးတွေဟာ ဆင်မကြီးရဲ့ ပါးစပ်ထဲမှာ ပေါက်ကွဲထွက်သွားခဲ့ပြီး ဒဏ်ရာရရှိစေခဲ့ပါတယ်။ အရမ်းနာကျင်လွန်းတဲ့အတွက် သက်သာရာရဖို့ ဆင်မကြီးဟာ အနီးနားမှာရှိတဲ့ မြစ်ထဲမှာ မတ်တပ်ရပ်နေခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာပြင်းထန်လွန်းတာကြောင့် ရေထဲမှာ မတ်တပ်ရပ်ပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

Ref: indiatoday

You may also like these stories:

ပေါက်ကွဲပစ္စည်း ထည့်ထားတဲ့ နာနတ်သီးကြောင့် ကိုယ်ဝန်ဆောင်ဆင် သေဆုံးခဲ့ရ

အင်ဒိုနီးရှားတွင် ဒီဇင်ဘာလအထိ ကျောင်းများ ဖွင့်နိုင်မည် မဟုတ်

The post အိန္ဒိယက ဆင်သေဆုံးမှုအပေါ် အနုပညာရှင်များ ပြစ်တင်ရှုတ်ချ appeared first on ဧရာဝတီ.

ကိုဗစ်ကြောင့် ဘောလိဝုဒ်ကားတွေမှာ အကနဲ့ အနမ်း ဇာတ်ဝင်ခန်းတွေ ခွင့်မပြုတော့

$
0
0

အိန္ဒိယရုပ်ရှင်ထုတ်လုပ်သူများ အစည်းအရုံးကနေ ထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် လမ်းညွှန်ချက်အသစ်တွေကို အခြေခံပြီး လာမယ့် သီတင်းပတ် အနည်းငယ်အတွင်းမှာ ဘောလိဝုဒ်မှာ ရုပ်ရှင်ရိုက်ကူးရေးတွေ ပြန်လည် စတင်တော့မှာ ဖြစ်ပေမယ့် အဲ့ဒီ ဟင်ဒီရုပ်ရှင်လုပ်ငန်းဟာ အခုတော့ ပုံစံတမျိုးနဲ့ ပြောင်းလဲ လုပ်ကိုင်ရတော့မှာ ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်မှုတွေကို ကာကွယ်ဖို့ ရိုက်ကူးရေးတွေကို နည်းနည်းနဲ့ ကျဲကျဲသာ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အသစ်ထွက်လာတဲ့ စည်းမျဉ်းတွေအရ ဘောလိဝုဒ်ရုပ်ရှင်အများစုမှာ မိနစ်နဲ့ ချီပြီး ပါဝင်လေ့ရှိတဲ့ အက ဇာတ်ဝင်ခန်းတွေ၊ လူအများစု တက်ရောက်ရမယ့် လက်ထပ်ပွဲ ဇာတ်ဝင်ခန်းတွေကတော့ ပါဝင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ရိုက်ကွင်းပေါ်မှာ လက်ဆွဲနှုတ်ဆက်တာ၊ ဖက်တာနဲ့ နမ်းရှုပ်တာမျိုးတွေလည်း လုပ်ဆောင်ရတော့မှာ မဟုတ်ပါဘူး။

ဘောလိဝုဒ်မြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမြို့မှာ ကူးစက်ခံရသူ ၄၂၀၀၀ ကျော် ရှိခဲ့တာကြောင့် အခုလိုမျိုး အစည်းအရုံးရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထွက်ပေါ်လာတာလို့လည်း ယူဆရပါတယ်။

မွမ်ဘိုင်းမြို့မှာ မဟာရက်စတာ ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး အိန္ဒိယမှာ ရောဂါကူးစက်ခံရမှု အဆိုးရွားဆုံး ဖြစ်နေတဲ့ ဒေသလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ လကျော်အတွင်းမှာ ရူပီးငွေ ဘီလီယံနဲ့ချီပြီး ဆုံးရှုံးလိုက်ရပြီးတဲ့ နောက်မှာတော့ ကမ္ဘာ့ဒုတိယအကြီးဆုံး ရုပ်ရှင်လုပ်ငန်းကြီးဟာ အခုတော့ အလုပ်တွေ ပြန်စတော့မှာလည်း ဖြစ်ပါတယ်။ ခရစ်ကတ်နဲ့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတွေဟာ အိန္ဒိယအတွက် စီးပွားရေး အရလုပ်ကြတဲ့ လုပ်ငန်းတွေ မဟုတ်ပါဘူး။

ဒါပေမဲ့ နိုင်ငံတွင်းမှာ အသွားအလာ ကန့်သတ်ပိတ်ဆို့မှုတွေကို တစတစ လျှော့ပေးလာချိန်မှာ စိုးရိမ်မှုနဲ့ စိတ်အားထက်သန်မှုတို့က ပေါင်းစည်းသွားခဲ့ပါတယ်။ တနှစ်ကို ဒေါ်လာ ၂ ဒဿမ ၂၈ ဘီလီယံဖိုးလောက် လည်ပတ်နေတဲ့ ဘောလိဝုဒ် ရုပ်ရှင်လုပ်ငန်းဟာ တနှစ်ကို ရုပ်ရှင်ပေါင်း ၂၀၀၀ လောက်အထိ ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

တချို့ရိုက်ကူးရေးကို ပြန်စမှာဖြစ်ပေမယ့် ရိုက်ကွင်းပေါ်မှာ ဇာတ်ကောင်စရိုက် ပီပြင်ဖို့ ထည့်သုံးရတဲ့ လူအုပ်အော်သောင်းနင်း ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ ခွင့်ပြုမထားပါဘူး။ ဒါ့အပြင် အသက် ၆၅ နှစ်အထက်ရှိတဲ့ သရုပ်ဆောင်တွေကိုလည်း ပါဝင်ခွင့်မပြုပါဘူး။

အဲ့ဒီစာရင်းမှာ အသက် ၇၇ နှစ်အရွယ် မင်းသားကြီး အမီတာဘဂျမ်းနဲ့ အသက် ၆၉ နှစ်အရွယ် မင်းသမီး Shabana Azmi တို့တော့ မပါဝင်ပါဘူး။ အသက် ၆၅ နှစ်အထက် နာမည်ကျော် ဒါရိုက်တာတွေကိုလည်း ရိုက်ကူးခွင့်ပြုမှာ မဟုတ်ပါဘူး။

ခေတ်ပေါ်ဘောလိဝုဒ်ရုပ်ရှင်တွေမှာ အနမ်းဇာတ်ဝင်ခန်းတွေကို ထည့်သွင်းရိုက်ကူးလာခဲ့တဲ့ နှစ်နဲ့ ချီခဲ့ပြီ ဖြစ်ပါတယ်။ အရင်ကတော့ စုံတွဲနှစ်ဦး နီးကပ်လာတဲ့အခါ ကင်မရာက ပန်းပွင့်လေးတွေ ဒါမှမဟုတ် ပျားတကောင်က ပန်းပွင့်ရဲ့ ပွင့်ဖတ်ကို စုပ်ယူနေတဲ့ပုံတွေနဲ့သာ အစားထိုးပြသခဲ့တာမျိုးတွေလည်းရှိခဲ့ပါတယ်။ အခုတော့ ကိုဗစ်ကာကွယ်ဆေး မပေါ်ခင်အထိ အဲ့ဒီ ရိုက်ကူးမှုတွေကို တကျော့ပြန် အသုံးချရတော့မှာ ဖြစ်ပါတယ်။

Ref: SouthChinaMorningPost

You may also like these stories:

အိန္ဒိယက ဆင်သေဆုံးမှုအပေါ် အနုပညာရှင်များ ပြစ်တင်ရှုတ်ချ

“Rocky” ရုပ်ရှင်ကြောင့် မျက်ခုံး ဆုံးရှုံးခဲ့တဲ့ စတားလုံး

Daejong ရုပ်ရှင်ဆုပေးပွဲမှာ ဆု ၅ ဆု ရခဲ့တဲ့ “Parasite”

The post ကိုဗစ်ကြောင့် ဘောလိဝုဒ်ကားတွေမှာ အကနဲ့ အနမ်း ဇာတ်ဝင်ခန်းတွေ ခွင့်မပြုတော့ appeared first on ဧရာဝတီ.

“ဝိုင်းစုခိုင်သိန်းနဲ့ မိန်းကလေးချင်း နမ်းတာ ပြဿနာ မရှိပါဘူး”လို့ လိမ္မော်သီး ပြော

$
0
0

ဝိုင်းစုခိုင်သိန်းရဲ့ Sunshine သီချင်း Music Video မှာ အဆိုတော် လိမ္မော်သီးနဲ့ မိန်းကလေးချင်း ကြိုက်နေတဲ့ ပုံစံ သရုပ်ဆောင်ထားပြီး အဲဒီသီချင်းအကြောင်း လိမ္မော်သီးက အခုလိုပဲ ပြောပါတယ်။

“မဝိုင်းစုနဲ့ ရိုက်ဖြစ်တာက မဝိုင်းစုနဲ့ ခင်နေတော့ သူက မိန်းကလေးချင်း ကြိုက်တဲ့သီချင်း ရိုက်ချင်တယ်။ နယ်မှာ သွားရိုက်မယ် အဆင်ပြေလား ပြောတော့ ရိုက်ပေးမယ်ဆိုပြီး ကလောမှာ သွားရိုက်ဖြစ်တာ။ ရိုက်ပြီး တလလောက်ကြာမှ ကိုဗစ်ကြောင့် သွားလို့ မရတော့ဘူး။ ပိတ်သွားတယ်။ ပေါ့ပေါ့ပါးပါးပဲ။ ညနေပိုင်း ၃၊ ၄ နာရီလောက်က စရိုက်တယ်။ အေးအေးဆေးဆေး ရိုက်ကြတာ။ အပျော်ခရီးသွားတဲ့ ပုံစံလေး ရိုက်ခဲ့တာ”

“ပါးနမ်းဆိုတော့လည်း နမ်းရတာပေ့ါ။ နှုတ်ခမ်း နမ်းဆိုတော့လည်း နမ်းရတာပေါ့။ မိန်းကလေးတွေပဲဆိုတော့ အရမ်းအခက်အခဲတော့ သိပ်မရှိဘူး။ ကိုယ်တွေကခင်နေတော့ မိန်းကလေးချင်း နမ်းလည်း သိပ်ပြဿနာ မရှိခဲ့ဘူး။ သရုပ်ဆောင်နေတာပဲဆိုတော့ ပျော်ပျော်ရွှင်ရွှင်ပဲ ရိုက်ခဲ့တာ။ ဒီသီချင်းလေးကို စိတ်ဝင်တစားနဲ့ ပရိသတ်တွေ အားပေးကြလို့ ကျေးဇူးတင်ပါတယ်။ ကြိုက်တဲ့သူ ရှိတယ်၊ မကြိုက်တဲ့သူ ရှိတယ်။ ဝေဖန်ပေးတာတွေလည်း ကျေးဇူးတင်ပါတယ်”လို့ လိမ္မော်သီးက ပြောပါတယ်။

LGBT (Lesbian, Gay, Bisexual, Transgender) တွေထဲမှာလည်း အောင်မြင်နေသူတွေ အများကြီးမို့ ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်နေကြတာကို အားပေးတယ်လို့ လိမ္မော်သီးက ဆိုပါတယ်။

“ကျမတို့ကတော့ လူကို လူလို့ မြင်တယ်။ ဘယ်သူ့မှ ဖြူတာ၊ မည်းတာ၊ ပိုက်ဆံ ရှိတယ်၊ မရှိဘူး၊ ခွဲခြားဆက်ဆံတာ မရှိဘူး။ အဓိက လူတယောက်မှာ စိတ်ပဲ စိတ်ဓာတ်နဲ့ အကျင့်သေချာလေး ရွေးပေါင်းတာပဲရှိမယ်။ ကျန်တာ အာလုံးက လူထဲက လူပဲ။ LGBTတွေလည်း ကြိုးကြိုးစားစားးနဲ့ အောင်မြင်နေတဲ့ သူတွေ အများကြီးရှိတယ်။ အဓိက ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လောကကို ဘယ်လောက်အကျိုးပြုလဲ အဲ့ဒါ အရေးကြီးဆုံးပဲ။ ဘယ်သူ့မှ မထိခိုက်ဘူး”

“ကိုယ့်လမ်းကိုယ် လျှောက်နေတယ်။ ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်နေကြတာကိုတော့ ကျမက အားပေးတယ်။ လူတိုင်းကတော့ သဘာဝနဲ့ ဆန့်ကျင်တာမျိုး မဖြစ်ချင်ဘူး။ ဖြစ်ခဲ့ရင်လည်း သူတို့ကို သူတို့ လက်ခံနိုင်ဖို့ ကြိုးစားရတာ တကယ် ခက်ခဲတယ်။ ပြီးရင် မိသားစုက လက်ခံဖို့၊ ပတ်ဝန်းကျင်က လက်ခံဖို့ ကြိုးစားရတာ စိတ်ဓာတ် Strong ဖြစ်မှလေ။ အဲ့လိုကိုမှ ပေါ်ပေါ်ထင်ထင်နဲ့ နေနေတဲ့သူတွေကို အရမ်းချီးကျူးတယ်”လို့ လိမ္မော်သီးက ပြောပါတယ်။

လိမ္မော်သီးကတော့ ရော့ခ် သီချင်းတွေ သီဆိုတဲ့ အမျိုးသမီး ရော့ခ်အဆိုတော် တဦးပါ။ “လိမ္မော်သီးရဲ့ လိမ္မော်ရောင် စိတ်ကူးများ”၊ “လူမှန်” ၊ “ဒဏ်ရာနှလုံးသား” စတဲ့ တကိုယ်တော်အခွေများ ထွက်ရှိထားပြီး ဒီနှစ်ထဲမှာလည်း “အသက်ရှင်မယ့်သူ” ဆိုတဲ့ တကိုယ်တော်ခွေ ထွက်ရှိထားပါတယ်။

You may also like these stories:

တကိုယ်တော် အခွေမှာ ဇော်ဝင်းထွဋ်နဲ့ စုံတွဲသီချင်း သီဆိုမယ့် လိမ္မော်သီး

“ကမ္ဘာမြေငြိမ်းချမ်းပါစေ”သီချင်း နားထောင်ပြီး COVID-19 အတွက် လှူဒါန်းနိုင်

မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့သတင်း မဟုတ်ကြောင်း ငြင်းဆိုလိုက်တဲ့ ပိုပို

The post “ဝိုင်းစုခိုင်သိန်းနဲ့ မိန်းကလေးချင်း နမ်းတာ ပြဿနာ မရှိပါဘူး”လို့ လိမ္မော်သီး ပြော appeared first on ဧရာဝတီ.

ရိုက်ကူးရေးတွေ ပြန်စရင် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ ယဉ်လက်

$
0
0

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ဖြစ်ပွားမှု ဆက်လက် ရှိနေပေမယ့် ပရိသတ်တွေ စိုးရိမ်မှု မလွန်ကဲကြဖို့နဲ့ ပေါ့ပေါ့ဆဆ မနေကြဖို့လိုတယ်လို့ သရုပ်ဆောင် ယဉ်လက်က ဧရာဝတီကို ပြောပါတယ်။

“အခုချိန်မှာတော့ တကမ္ဘာလုံး အကုန်လုံးက ရင်ဆိုင်နေကြရတဲ့ ကပ်ကြီးဆိုတော့ အားလုံးက ခက်ခဲနေကြတာပေါ့။ ဒီကာလကြီးကိုပဲ တူတူကျော်ဖြတ်ကြမယ်။ အလုပ်တွေ ပြန်စလို့ရချိန်မှာ အတူတူ ကြိုးစား လုပ်ဆောင်ကြမယ်။ ဒီရောဂါကြီး ဒီစရောက်တုန်းက အကုန်လုံးက ထိတ်လန့်ကြတယ်။ အခုချိန်မှာ Recover ပြန်ဖြစ်တယ်”

“ကိုယ့်ဘာကိုယ် ကျန်းမာအောင်နေရင် ဂရုစိုက်ပြီးနေရင် ရောဂါဖြစ်ပြီးသားတောင် ပြန်ကောင်းလာတယ်လည်းဆိုရော လူတွေက ရိုးရိုးကပ်ရောဂါ တခုလို့ပဲ သတ်မှတ်လိုက်ကြတယ်။ စိုးရိမ်သင့်သလောက် စိုးရိမ်ပြီးတော့ နောက်ပိုင်းမှာ လုပ်စရာရှိတာလည်းလုပ်ရမှာပေါ့။ စိုးရိမ်မလွန်ဖို့နဲ့ စိုးရိမ်စရာမလိုဘူးဆိုပြီး ပေါ့ပေါ့ဆဆမနေကြပါနဲ့”လို့ သရုပ်ဆောင် ယဉ်လက်က ပြောပါတယ်။

ယဉ်လက်ကတော့ အခုလို Stay home ကာလမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း အိမ်မှာပဲနေတယ်လို့ ဆိုပါတယ်။

“Stay Home ကာလမှာ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့အတိုင်း အိမ်မှာပဲ နေတယ်။ မိသားစုနဲ့ ဟင်းတွေချက်စား၊ စကားတွေ ပိုပြောဖြစ်တယ်။ သူငယ်ချင်းတွေနဲ့လည်း အွန်လိုင်းကနေ တွေ့ ဖြစ်တယ်။ ကိုဗစ် မဖြစ်ခင်က ရိုက်ဖို့ ရှိတဲ့ ဇာတ်လမ်းတွေကို အခုချိန်မှာ ဖတ်နေတယ်။ ရိုက်ကူးရေးတွေ ပြန်စလို့ရရင် အကောင်းဆုံးချပြနိုင်အောင် ကြိုးစားထားတယ်။ ကြိုတင် ပြင်ဆင်ထားတယ်”လို့ ယဉ်လက်က ဆိုပါတယ်။

အလှမယ် ထားထက်ထက်နဲ့ အတူ ဓာတ်ပုံတွေ တွဲရိုက်ထားတဲ့ အကြောင်းကိုလည်း ယဉ်လက်က အခုလိုပဲ ဆိုပါတယ်။


“မထားထက်ထက်နဲ့ရိုက်ထားတဲ့ ဓာတ်ပုံအကြောင်း တယောက်တည်း ဖြေဖို့တော့ မပြောထားသေးဘူး။ နှစ်ယောက်တိုင်ပြီးတော့မှ အင်တာဗျူးတွေ လက်ခံမယ်ဆိုပြီး ပြောထားတာဖြစ်တဲ့အတွက် မထားရော ညီမရော တိုင်ပင်ပြီးမှပဲ ဖြေဖို့ လုပ်သွားမှာပါ။ LGBT တွေဆိုတာလည်း လူထဲက လူပဲ။ ယောကျာ်းလေးချင်းပဲဖြစ်စေ၊ မိန်းကလေးချင်းပဲဖြစ်စေ၊ ချစ်သူရည်းစားတွေ မဟုတ်ဘဲ၊ မျှော်လင့်ချက် မပါဘဲ ရိုးရှင်းတဲ့ အချစ်ဆိုတာ ရှိကြတယ်”

“ဒါကို ပတ်ဝန်းကျင်က မိန်းကလေးချင်းတွဲ သွားတာနဲ့ Lesbian တို့ ယောကျာ်းချင်းတွဲသွားတာနဲ့ ဒီကောင် ခြောက်နေတာလို့ ထင်ကြတယ်။ တကယ် LGBTဆိုလည်း ပတ်ဝန်းကျင်က ရှုတ်ချတယ်။ လူသားချင်းချင်းချစ်ကြပြီး တန်ဖိုးထားတာကို ညီမက ထောက်ခံတယ်။ တယောက်နဲ့တယောက် ချစ်နေကြစေချင်တယ်။ မြန်မာနိုင်ငံမှာလည်း LGBTတွေကို ထောက်ခံလာကြပါတယ်”လို့ ယဉ်လက်က ပြောပါတယ်။

သရုပ်ဆောင် ယဉ်လက်ကိုတော့ “သရာစောထိ” ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင် သိရှိလာတာ ဖြစ်ပါ တယ်။ လက်ရှိမှာလည်း သူပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေ ထွက်ရှိထားပါတယ်။

You may also like these stories:

“ဝိုင်းစုခိုင်သိန်းနဲ့ မိန်းကလေးချင်း နမ်းတာ ပြဿနာ မရှိပါဘူး”လို့ လိမ္မော်သီး ပြော

လင်မယားချင်း စကားများပြီး ရေနွေးပူနဲ့ လောင်းခံခဲ့ရတဲ့ လူရွှင်တော် တော့ပ်

The post ရိုက်ကူးရေးတွေ ပြန်စရင် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ ယဉ်လက် appeared first on ဧရာဝတီ.

နှစ်ကုန်ပိုင်းမှာ မင်္ဂလာဆောင်မယ့် အဆိုတော် အမွန်း

$
0
0

ကချင်တိုင်းရင်းသူ အဆိုတော် အမွန်းကတော့ ယခုနှစ် နှစ်အစပိုင်းမှာ ချစ်သူနဲ့ စေ့စပ်ထားပြီး ဒီနှစ်အကုန်ပိုင်းမှာ မင်္ဂလာဆောင်မယ်လို့ ဆိုပါတယ်။ COVID-19 ကြောင့် မင်္ဂလာပွဲကိုတော့ ရွှေ့ဖို့ အစီအစဉ် မရှိဘဲ မူလအစီအစဉ်အတိုင်း ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီနှစ်အကုန်မှာ လက်ထပ်ဖို့အတွက် စီစဉ်ထားပါတယ်။ ပွဲကိုတော့ ရွှေ့ဖို့ စိတ်ကူး မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ကုန်ပိုင်းဖြစ်သွားတော့ အဲ့အချိန်မှာ ဘယ်လို အခြေအနေရှိနေမလဲဆိုတာ မသိနိုင်သေးဘူး။ ဒါပေမဲ့ ကောင်းသော ပြောင်းလဲခြင်းနဲ့ ပြောင်းလဲလိမ့်မယ်လို့ မျှော်လင့်ထားတယ်”

“အဲ့အပေါ်မှာတော့ အကျိုးသက်ရောက်မှု မဖြစ်အောင် ပြင်ဆင်နေတယ်။ လူတွေကို ဘယ်လောက်ထိဖိတ်လို့ ရမလဲဆိုတာရယ်၊ အချိန်ပိုင်းဆိုင်ရာရယ် ပြင်ဆင်နေတယ်။ ရက်ပြောင်းဖို့တော့ စိတ်ကူး မရှိသေးဘူး” လို့ အမွန်းက ပြောပါတယ်။

အခုလို COVID-19 ရောဂါတွေကြောင့် အိမ်မှာ နေနေရတဲ့အချိန်မှာတော့ ဟင်းတွေ ပိုချက်ဖြစ်ပြီး မိသားစုနဲ့လည်း ပိုရင်းနှီးသွားတယ်လို့ ဆိုပါတယ်။

“အရင်တုန်းကဆို သာမန်ကာလျှံကာပဲ။ မိဘတွေ မောင်နှမတွေက အစပေါ့။ အမြဲတမ်းရှိနေတာပဲဆိုတော့။ အခုက တယောက်နဲ့ တယောက်က တွေ့ရဖို့ ခဲယဉ်းသွားတယ်။ တနေရာစီ နေရင် ပိုဆိုးတယ်။ အိမ်သားတွေလည်း အိမ်အပြင်ပေးထွက်လို့ မရတာမျိုးဆိုတော့ ပိုပြီးတော့မှ စည်းလုံးသွားတဲ့အချိန်လို့ ပြောလို့ ရပါတယ်” လို့ အမွန်းက ပြောပါတယ်။

အချက်အပြုတ်ကို ဝါသနာပါတဲ့ အမွန်းက ချက်ရပြုတ်ရတာ သူ့အတွက် အပန်းဖြေဆေး တခုဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

“အမွန်းက အရင်ကတည်းက ထမင်းဟင်း ချက်ရတာ ဝါသနာပါတယ်။ အိမ်မှာ ချက်ပြုတ်စားရတာ အမွန်းအတွက် Relax ဖြစ်တယ်။ အမွန်းရဲ့အပန်းဖြေနည်းထဲမှာ ဟင်းချက်တာ ပါတယ်။ အရင်ကတည်းက ကိုယ့်ဘာသာ ချက်ဖြစ်တာပါ။ အခုမှတင်ဖြစ်တာပါ။ တင်ရင်လည်း Facebook Story လောက်ပဲ တင်တယ်”

“ဟိုတလောကတော့ မြစ်ကြီးနားက အစ်မတယောက် ဆန်စီးခေါက်ဆွဲ ပို့ပေးတော့ သူ့ကိုလည်းကျေးဇူးတင်ရင်းနဲ့ တင်ဖြစ်သွားတာ။ ချက်ရပြုတ်ရတာ ဝါသနာပါတယ်။ အသီးအရွက်တွေကို ချက်ပြုတ်ဖို့ ပြင်ဆင်နေရတာတွေကို တဆင့်ချင်းသွားရတယ်။ အဲဒါမျိုးတွေကို အပန်းဖြေတယ်လို့ ခံစားရတယ်” လို့ အမွန်းက ပြောပါတယ်။

အမွန်းရဲ့ချစ်သူကတော့ စတင်ချစ်ကြိုက်စဉ်က အမွန်းဟင်းချက်တတ်တာကို မသိဘဲ နောက်မှ သိပြီး အမွန်းရဲ့လက်ရာကို စားကောင်းတယ်လို့ ပြောကြောင်း ဆိုပါတယ်။

“သူက အမွန်းကို ပြောတယ်။ နင်ချက်တတ်တာကို အရင်ကတည်းက ဘာလို့ မပြောတာလဲတဲ့။ သူနဲ့ စတွေ့တုန်းကတော့ အမွန်းက ချက်ပြီး ဖိတ်ကျွေးတာမျိုးတွေ မရှိဘူး။ ကိုယ်တိုင်လည်း မချက်ဖြစ်ဘူး။ အလုပ်များနေတော့ သူနဲ့တွဲပြီး တော်တော်ကြာတော့မှ အမွန်းက ချက်ဖြစ်တဲ့အခါကျတော့ ကျွေးတော့မှ အစောကြီးကတည်းက မပြောဘူးတဲ့။ သူစားတဲ့အခါကျရင်တော့ စားကောင်းတယ်လို့တော့ ပြောတယ်”

“အမွန်းကတော့ ကိုယ့်ကိုသိလို့ကောင်းတယ်လို့ ပြောတာ မဟုတ်ဘူးလားလို့ ကြည့်တော့ အဲ့လိုလည်းမဟုတ်ရှာဘူး။ တကယ်လည်း စားတယ်။ ကြိုက်တယ်။ မဆိုးဘူးလို့တော့ ထင်တာပဲ” လို့ အမွန်းက ဆိုပါတယ်။

ချစ်သူက ဂျပန်စာဟင်းတမျိုးနဲ့ ချဉ်စပ်ဟင်းတွေကို ကြိုက်တာကြောင့်လည်း အဲဒီဟင်းကို အများဆုံး ချက်ကျွေးဖြစ်တယ်လို့ အမွန်းက ပြောပါတယ်။

“အမွန်းချက်တဲ့ ဂျပန်စာတခု ရှိတယ်။ ဂျပန်ဆော့တမျိုးနဲ့ချက်တဲ့ ကြက်သားဟင်း သူက အဲဒါကို အကြိုက်ဆုံးပဲ။ ပြီးရင် ရှမ်းခေါက်ဆွဲတို့ ဆန်စီးတို့ ကြိုက်တယ်။ အဲဒါ အဓိကပြီးတော့ တခြားချက်တာတွေ ရှိသေးတယ်။ ဗီယက်နမ်စာတွေ ချက်သေးတယ်။ အဲဒါကို သိပ်မကြိုက်ဘူး။ ကြက်ချဉ်စပ်တို့ဘာတို့ အဲဒါတွေကြိုက်တယ်။ အများဆုံးချက်ဖြစ်တာဆိုတော့ ကျွမ်းကျင်တာကလည်း အဲဒါပဲပေါ့”လို့ အမွန်းက ပြောပါတယ်။

အမွန်းကတော့ Stay at home ကာလအတွင်း အနုပညာ လှုပ်ရှားမှုအနေနဲ့ သူ့ရဲ့ သီချင်းအသစ် ၃ ပုဒ် Music Video တွေ ထွက်ရှိထားပါတယ်။

You may also like these stories:

ရိုက်ကူးရေးတွေ ပြန်စရင် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ ယဉ်လက်

“ဝိုင်းစုခိုင်သိန်းနဲ့ မိန်းကလေးချင်း နမ်းတာ ပြဿနာ မရှိပါဘူး”လို့ လိမ္မော်သီး ပြော

ကိုဗစ်ကြောင့် ဘောလိဝုဒ်ကားတွေမှာ အကနဲ့ အနမ်း ဇာတ်ဝင်ခန်းတွေ ခွင့်မပြုတော့

The post နှစ်ကုန်ပိုင်းမှာ မင်္ဂလာဆောင်မယ့် အဆိုတော် အမွန်း appeared first on ဧရာဝတီ.


မွေးနေ့လက်ဆောင် ပေးတာထက် သီချင်းတွေကို ပိုအားပေးစေချင်တဲ့ မိစန္ဒီ

$
0
0

ယခုလအတွင်းမှာ မွေးနေ့ရှိတဲ့ မိစန္ဒီက သူ့ရဲ့ပရိသတ်များကို မွေးနေ့မှာ လက်ဆောင်ပေးတာထက် သီချင်းများ ပိုနားထောင်စေချင်တယ်လို့ ဆိုပါတယ်။

“မိစန္ဒီရဲ့ ပရိသတ်တွေ၊ နောက်ပြီး We Love Mi Sandi က “Pabies” တွေလည်း ဒီနှစ် မွေးနေ့အတွက် Surprise တွေ ဘာတွေ လုပ်ပြီး အပင်အပန်းမခံပါနဲ့နော်။ မိစန္ဒီကို မွေးနေ့လက်ဆောင် ပေးတာထက် မိစန္ဒီရဲ့ သီချင်းအသစ်တွေကို ပိုအားပေးစေချင်ပါတယ်။ ပိုကြည့်ပြီး ပိုနားထောင်ပေးကြပါ”

“Facebook တင်မက Streaming App တွေကပါ ခဏခဏ နားထောင်ပေးကြပါနော်။ ပရိသတ်တွေရဲ့ အားပေးမှုဟာ မိစန္ဒီအတွက် ထာဝရ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်မို့ပါ”လို့ မိစန္ဒီက ပြောပါတယ်။

မိစန္ဒီရဲ့ မွေးနေ့က ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်မှာဖြစ်ပြီး ဒီလထဲမှာပဲ မိစန္ဒီက သူအရင်ကတည်းက လုပ်ချင်ခဲ့တဲ့ Charity Project တခုအကြောင်း မကြာခင် ပြောပြပေးသွားမယ်လို့ ဆိုပါတယ်။

“နောက်ပြီး ဒီလထဲမှာ မိစန္ဒီ အရင်ကတည်းက လုပ်ချင်ခဲ့တဲ့ “Charity Project” လေးတခု လုပ်သွားဖို့ ရှိပါတယ်။ အဲဒါကိုလည်း မကြာခင် ကြေညာပေးသွားပါမယ်။ ပရိသတ်ကြီးအတွက် အလုပ်တွေ ကြိုးစားပြီး သီချင်းတွေ ပိုလုပ်ရမှာ မိစန္ဒီရဲ့ တာဝန်ပါ။ ပရိသတ်ကြီးရဲ့ တာဝန်ကတော့ အမြဲတမ်း ကျန်းမာပျော်ရွှင်စွာ နေထိုင်ပြီး မိစန္ဒီရဲ့ သီချင်းတွေကို အားပေးပါ။ မိစန္ဒီကို ပိုချစ်ပေးပါ‌နော်” လို့ မိစန္ဒီက ဆိုပါတယ်။

ဒီနှစ် မွေးနေ့မှာတော့ မွေးနေ့ပွဲလုပ်ဖြစ်မှာ မဟုတ်ဘဲ ပရိသတ်တွေအတွက် သီချင်းလက်ဆောင်တွေ အများကြီး စီစဉ်ထားတယ်လို့ သိရပါတယ်။

“မိစန္ဒီဆိုတဲ့ ကောင်မလေးကို ဇွန်လရဲ့ အေးချမ်းတဲ့ မိုးရေစက်တွေနဲ့ အတူ မွေးဖွားခဲ့ပါတယ်။ ပြောချင်တာကတော့ ဒီလက မိစန္ဒီရဲ့ မွေးလလေးပေါ့။ ဒီနှစ် မွေးနေ့မှာလည်း မွေးနေ့ပွဲ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဘယ်သူ့ကိုမှလည်း မုန့်ကျွေးမှာ မဟုတ်ပါဘူးနော်။ တယောက်တည်း ကိုယ်ကြိုက်တာတွေ ကြိတ်စားနေမှာပါ”

“ဒါပေမဲ့ အဲဒါတွေထက် ပိုကောင်းမဲ့ အစီစဉ်လေး ရှိပါတယ်။ ဒီနှစ် မွေးလလေးမှာ ပရိသတ်တွေ အတွက် သီချင်းလက်ဆောင်လေးတွေ အများကြီး စီစဉ်ထားပါတယ်။ ဟိုနေ့က ထွက်ထားတဲ့ “နှလုံးအထူးကု” (Heart Specialist) လေး နားမထောင်ရသေးရင် နားထောင်ပေးကြပါဦး။ နောက်ထပ် သီချင်းတွေနဲ့ Music Video လေးတွေ ထွက်ဖို့ ရှိပါတယ်” လို့ မိစန္ဒီက ဆိုပါတယ်။

အဆိုတော် မိစန္ဒီက ဒီရက်ပိုင်းအတွင်းမှာ “Heart Specialist” သီချင်း ထွက်ရှိထားပြီး ဖြိုးပြည့်စုံနဲ့ စုံတွဲ သီဆိုထားတဲ့ COVID-19 ပညာပေးသီချင်း “Go Away Corona” သီချင်းဟာလည်း ဒီကာလမှာ ရေပန်းစားခဲ့ပါတယ်။ ဒီကာလအတွင်းမှာတော့ မိစန္ဒီက သီချင်းများစွာ ထွက်ရှိထားပါတယ်။

You may also like these stories:

ရိုက်ကူးရေးတွေ ပြန်စရင် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ ယဉ်လက်

နှစ်ကုန်ပိုင်းမှာ မင်္ဂလာဆောင်မယ့် အဆိုတော် အမွန်း

“ဝိုင်းစုခိုင်သိန်းနဲ့ မိန်းကလေးချင်း နမ်းတာ ပြဿနာ မရှိပါဘူး”လို့ လိမ္မော်သီး ပြော

The post မွေးနေ့လက်ဆောင် ပေးတာထက် သီချင်းတွေကို ပိုအားပေးစေချင်တဲ့ မိစန္ဒီ appeared first on ဧရာဝတီ.

ပရိသတ်အားပေးသူတွေ ဆုရရှိခဲ့တဲ့ Baeksang အနုပညာဆုပေးပွဲ

$
0
0

ကိုရီးယားအနုပညာလောကမှာ အထင်ကရဆုပေးပွဲတခုဖြစ်တဲ့ (၅၆) ကြိမ်မြောက် Baeksang အနုပညာဆုပေးပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့၊ ညနေပိုင်းမှာ အီလ်ဆန်မြို့က KINTEX ခန်းမမှာ ကျင်းပခဲ့ပါတယ်။

နှစ်စဉ်ကျင်းပမြဲအဲ့ဒီအခမ်းအနားကတော့ ရုပ်ရှင်၊ ရုပ်သံနဲ့ ပြဇာတ် လောကမှာ အကြီးအကျယ်ဆုံးဖြစ်သူတွေကို ဂုဏ်ပြုတဲ့ အစီအစဉ်အဖြစ်ကျင်းပခဲ့တာဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါကြောင့် ကြိုတင်သတိပေးချက်တွေ ထုတ်ထားလို့ ပရိသတ်တွေ မပါဘဲ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးတော့ ထူးခြားတာက အဲ့ဒီပွဲမှာ တတိယမြောက် နှစ်အနေနဲ့ Shin Dong Yup ၊ မင်းသား ပတ်ဘိုဂွန်းနဲ့ မင်းသမီး ဆူဇီတို့က အစီအစဉ်တင်ဆက်သူတွေအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။ အဲ့ဒီဆုပေးပွဲမှာ နိုင်ငံတကာအထိ နာမည်ကျော်ကြားခဲ့တဲ့ ‘Parasite’ ရုပ်ရှင်အတွက် ဒါရိုက်တာ Bong Joon Ho က အထူးဆုကို ရရှိခဲ့ပါတယ်။ ဆုပေးပွဲကို တက်ရောက်ပြီး ဆုလက်ခံရယူနိုင်ခြင်းမရှိခဲ့ပေမယ့် အခုလိုမျိုး ဆုရရှိခဲ့တဲ့အကြောင်း မျှဝေတဲ့ သတင်းစကားကိုတော့ ကိုယ်စားလှယ်တဦးက ကိုယ်စား ပြောဆိုခဲ့ပါတယ်။

သူက “ပြီးခဲ့တဲ့နှစ် မေလ၊ ကိန်းစ်ရုပ်ရှင်ပွဲတော်ကနေ စတင်ခဲ့တဲ့ ကာလရှည်ခရီးလမ်းဟာ Baeksang နဲ့ အဆုံးသတ်ခဲ့ရလို့ ဂုဏ်ယူမိပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ရုပ်သံအတွက် အထူးဆုကိုတော့ KBS2 ရုပ်သံကနေထုတ်လွှင့်ခဲ့တဲ့ “When the Camellia Blooms” ဒရာမာက ရရှိခဲ့ပါတယ်။ အဲ့ဒီစီးရီးထဲက ဂန်ဟာနူးက အကောင်းဆုံး မင်းသားဆု၊ ဇာတ်ပို့ အိုဂျောင်ဆဲ က အကောင်းဆုံး ဇာတ်ပို့မင်းသားဆုနဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုတို့ကိုလည်း ရရှိခဲ့ပါတယ်။ ရုပ်သံအတွက် အကောင်းဆုံး မင်းသမီးဆုကို “The World of the Married” စီးရီးထဲက မင်းသမီး ကင်ဟယ်အီးက ရရှိခဲ့ပါတယ်။

ကဏ္ဍစုံအစီအစဉ်ဆုအတွက် “How Do You Play?” အစီအစဉ်မှ Yoo Jae Suk က အကောင်းဆုံး အမျိုးသား ကဏ္ဍစုံအစီအစဉ်စတားဆုကို ရရှိခဲ့ပြီး “Home Alone” အစီအစဉ်မှ Park Na Rae က အကောင်းဆုံး အမျိုးသမီး ကဏ္ဍစုံအစီအစဉ်စတားဆုကို ရရှိခဲ့ပါတယ်။ ရုပ်ရှင်ကဏ္ဍမှာတော့ မင်းသား လီဗြောင်ဟွန်းက “The Man Standing Next” ရုပ်ရှင်နဲ့ အကောင်းဆုံး မင်းသားဆု၊ “Birthday” ရုပ်ရှင်နဲ့ မင်းသမီး Jeon Do Yeon က အကောင်းဆုံး မင်းသမီးဆုကို ရရှိခဲ့ပါတယ်။

Tik Tok လူကြိုက်အများဆုံးဆုကိုတော့ “Crash Landing on You” ဒရာမာထဲက မြောက်ကိုရီးယားဗိုလ်ကြီး လီဂျောင်ယော့အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား ဟွန်ဘင်းနဲ့ သူဌေးသမီး ယွန်းဆယ်ရီအဖြစ် သရုပ်ဆောင် ခဲ့တဲ့ ဆွန်းယယ်ဂျင်းတို့က ရရှိခဲ့ပါတယ်။

ဆုရရှိသူများစာရင်း

ရုပ်သံကဏ္ဍ

Grand Prize: KBS2 ရုပ်သံမှ “When the Camellia Blooms”

Best Drama: SBS ရုပ်သံမှ “Stove League”

Best Variety Show: TV Chosun ရုပ်သံမှ “Mister Trot”

Best Cultural Program: EBS ရုပ်သံမှ “Giant Peng TV”

Best Director: Mo Wan Il (“The World of the Married”)

Best Screenplay: Lim Sang Chun (“When the Camellia Blooms”)

Technical Award (Art): Jang Yeon Ok (“The Great Escape 3”)

Best Actor: Kang Ha Neul (“When the Camellia Blooms”)

Best Actress: Kim Hee Ae (“The World of the Married”)

Best Supporting Actor: Oh Jung Se (“When the Camellia Blooms”)

Best Supporting Actress: Kim Sun Young (“Crash Landing on You”)

Best New Actor: Ahn Hyo Seop (“Dr. Romantic 2”)

Best New Actress: Kim Da Mi (“Itaewon Class”)

Best Male Variety Star: Yoo Jae Suk (“How Do You Play?”)

Best Female Variety Star: Park Na Rae (“Home Alone”)

Bazaar Icon Award: Seo Ji Hye (“Crash Landing on You”)

TikTok Popularity Award: Hyun Bin And Son Ye Jin (“Crash Landing on You”)

ရုပ်ရှင်ကဏ္ဍ

Grand Prize: Bong Joon Ho (“Parasite”)

Best Film: “Parasite”

Best Director: Kim Bo Ra (“House of Hummingbird”)

Best Screenplay: Lee Sang Geum (“Exit”)

Technical Award (Makeup): Kim Seo Hee (“The Man Standing Next”)

Best New Director: Kim Do Young (“Kim Ji Young, Born 1982”)

Best Actor: Lee Byung Hun (“The Man Standing Next”)

Best Actress: Jeon Do Yeon (“Birthday”)

Best Supporting Actor: Lee Kwang Soo (“Inseperable Bros”)

Best Supporting Actress: Kim Sae Byuk (“House of Hummingbird”)

Best New Actor: Park Myung Hoon (“Parasite”)

Best New Actress: Kang Mal Geum (“Lucky Chan-Sil”)

Ref:soompi

You may also like these stories:

Daejong ရုပ်ရှင်ဆုပေးပွဲမှာ ဆု ၅ ဆု ရခဲ့တဲ့ “Parasite”

YouTube မှာ Gold Play Button ရသွားတဲ့ မင်းသား ပတ်စောဂျွန်း

ကိုဗစ်ကြောင့် ဘောလိဝုဒ်ကားတွေမှာ အကနဲ့ အနမ်း ဇာတ်ဝင်ခန်းတွေ ခွင့်မပြုတော့

The post ပရိသတ်အားပေးသူတွေ ဆုရရှိခဲ့တဲ့ Baeksang အနုပညာဆုပေးပွဲ appeared first on ဧရာဝတီ.

လုပ်ခွင့်ပေးတဲ့ ဇာတ်ကောင်က ဗီလိန်တွေပဲများတယ်လို့ မိုက်မိုက်ပြော

$
0
0

MRTV-4 ဇာတ်လမ်းတွဲတွေမှာ ဗီလိန်ဇာတ်ရုပ်နဲ့အတွေ့များရတဲ့ သရုပ်ဆောင် မိုက်မိုက်က ဒီဇာတ်ရုပ်က သူနဲ့လိုက်ဖက်တဲ့အတွက် ဗီလိန်ဇာတ်ရုပ်ပဲ အရိုက်များတာဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့အနုပညာသမားတွေ တော်တော်များများကတော့ ကာရိုက်တာတခုတည်းကို လုပ်ချင်တာထက် ကာရိုက်တာ တော်တော်များများကို လုပ်ချင်ကြတဲ့သူတွေက ပိုများတယ်။ ကျနော်တို့ ဇာတ်လမ်းတွဲရိုက်တဲ့အခါမှာ Casting လုပ်ပြီးမှ ကာရိုက်တာတွေကိုနေရာချတာဖြစ်တယ်”

“ ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေဘက်ကလည်း ဒီဗီလိန်ကာရိုက်တာနဲ့ လိုက်ဖက်တယ်ပေါ့။ ကျနော်က ဒီဘက်မှာ ပိုအဆင်ပြေနေတဲ့အခါကျတော့ သူတို့လုပ်ခွင့်ပေးတဲ့ကားတွေ တော်တော်များများ ဗီလိန်ဖြစ်တာများပါတယ်။ တခြားမတူတဲ့ကာရိုက်တာတွေလည်း ရိုက်ထားတာရှိပါတယ်” လို့ မိုက်မိုက်က ပြောပါတယ်။

ဗီလိန်ဇာတ်ရုပ်နဲ့ ပရိတ်သတ်ကအသိအမှတ်များပြီး ဗီလိန်မဟုတ်ရင်လည်း ဆိုက်ကိုဇာတ်ရုပ် ပြဿနာရှာတဲ့ ဇာတ်ရုပ်များနဲ့ပဲ ပရိသတ်က မိုက်မိုက်ကိုမြင်နေကြပြီလို့ ဆိုပါတယ်။

ဒီလိုဗီလိန်ဇာတ်ရုပ်များနဲ့ ပရိသတ်အားပေးမှုရရှိလျက်ရှိတဲ့ သရုပ်ဆောင်မိုက်မိုက်ကတော့ အပြင်ကလူကိုသိတာထက် ဇာတ်ကောင်တွေနဲ့တွဲသိတာကို ပိုသဘောကျတယ်လို့ ပြောပါတယ်။

“တကယ်စိတ်ထဲရှိတဲ့အတိုင်းပြောရရင် ကျနော်ကကျနော့်ဇာတ်ကောင်တွေကို ပရိသတ်စွဲနေတာကိုပိုပြီးသဘောကျတယ်။ ကျနော်က သရုပ်ဆောင်ဖြစ်နေတဲ့အတွက်လေ။ ကျနော်အပြင်မှာကျတော့ လူများတဲ့နေရာတွေ လူတွေရှိတဲ့နေရာကို သိပ်မသွားဖြစ်ဘူး”

“အလုပ်ထဲမှာပဲ ကိုယ်ကအပြင်မှာဆို ပုံမှန်ပဲနေဖြစ်တာများတယ်။ ဒါပေမယ့်ကိုယ့်ရဲ့ ဇာတ်ကောင်တွေ ကိုတော့ ပရိသတ်အသိအမှတ်ပြုတာပိုသဘောကျတယ်။ ကိုယ့်ဇာတ်ကောင်တွေကိုသိတာ ပိုဝမ်းသာမိတယ်” လို့ မိုက်မိုက်က ဧရာဝတီကို ပြောပါတယ်။

မိုက်မိုက်က သူ့ရဲ့အပြင်ဘဝကိုစိတ်ဝင်စားတာထက် အနုပညာကိုစိတ်ဝင်စားကို ပိုသဘောကျတယ်လို့ ဆိုပါတယ်။

“ကျနော်ဖန်တီးတဲ့အနုပညာတွေကိုပဲ ပရိသတ်ကိုစိတ်ဝင်စားစေချင်တယ်။ ကျနော်ဖန်တီးတဲ့အနုပညာတွေကိုပဲ ပရိသတ်ကိုချပြချင်တယ်။ ကျနော့်ရဲ့အပြင်ကဘဝကို စိတ်ဝင်စားတာထက်စာရင် ကျနော့်အနုပညာကိုစိတ်ဝင်စားတာ ပိုသဘောကျတယ်” လို့ ပြောပါတယ်။

သရုပ်ဆောင်စလုပ်စဉ်ကတည်းက အပြင်မှာသူမဟုတ်တဲ့ကာရိုက်တာကိုပဲ ဖန်တီးပြဖို့စိတ်အားထက်သန်ခဲ့ပြီး ထပ်ပြီးတော့လည်း မတူတာတွေလုပ်ဖို့အတွက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“အဓိကကတော့ ကျနော်သရုပ်ဆောင်လုပ်ကတည်းက ကျနော်မဟုတ်တဲ့တခြားဇာတ်ကောင်စရိုက်တွေကိုပဲ ဖန်တီးပြဖို့ စိတ်အားထက်သန်ခဲ့တာလေ။ နောက်ရိုက်မယ့်ဇာတ်ကားတွေကိုလည်း ကျနော်မဟုတ်သော တခြားတခြားသော ကာရိုက်တာတွေ မတူတာတွေကိုပဲ လုပ်ဖို့ပဲကြိုးစားနေပါတယ်။ မတူတာတွေဘဲ ပရိသတ်ခံစားလို့ရအောင် ကြိုးစားနေပါတယ်” လို့ မိုက်မိုက်က ပြောပါတယ်။

လတ်တလောမှာတော့ MRTV 4 မှာပြသလျက်ရှိတဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး ကိုဗစ်မဖြစ်ခင်က ရိုက်ကူးနေတဲ့ “အဖြူရောက်သက္ကရာဇ်” ဆိုတဲ့ ဇာတ်လမ်းတွဲကိုတော့ ရိုက်ကူးနေရင်း ရပ်ထားရတာဖြစ်တယ်လို့သိရပါတယ်။

The post လုပ်ခွင့်ပေးတဲ့ ဇာတ်ကောင်က ဗီလိန်တွေပဲများတယ်လို့ မိုက်မိုက်ပြော appeared first on ဧရာဝတီ.

ဂဠုန်ဦးစောနေရာ သရုပ်ဆောင်ချင်တယ် ဆိုလာတဲ့ ဆုပန်ထွာရဲ့ အမျိုးသား

$
0
0

အောင်ဆန်းရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ့် ဂဠုန်ဦးစောဇာတ်ရုပ်နေရာအတွက် ရွေးချယ်ခံထားရတဲ့ ဂဠုန်ဦးစောရဲ့ မြစ်ဖြစ်သူမှ ပါဝင်သရုပ်ဆောင်ရန်မဖြစ်နိုင်တော့တာကြောင့် အဆိုပါနေရာအတွက် သရုပ်ဆောင်အသစ်ကိုထပ်မံခေါ်ယူနေပါတယ်။ အဲ့ဒီနေရာအတွက် သရုပ်ဆောင်ဆုပန်ထွာရဲ့ အမျိုးသားဖြစ်သူ ကိုဥက္ကာကျော်က အုပ်ထိန်းသူများခွင့်ပြုပါက သရုပ်ဆောင်ချင်တယ်လို့ ဆိုထားပါတယ်။

“အုပ်ထိန်းသူတွေခွင့်ပြုမယ်ဆိုရင် နိုင်ငံတော်အတွက် မေတ္တာဖြင့်အခကြေးငွေမယူဘဲ ကူညီရိုက်ကူးပေးချင်ပါတယ်။ အရိုးသားဆုံးပြောရရင် အကယ်ဒမီတော့ဇာတ်ပို့နေရာက မှန်းပါတယ်။ အရွေးချယ်လည်း ခံခဲ့ရရင်ပေါ့ဗျာ။ အတည်ရေးတဲ့ Post ပါ” လို့ ကိုဥက္ကာကျော်က ဆိုထားပါတယ်။

အဆိုပါစာရဲ့အောက်မှာတော့ ဒါရိုက်တာလူမင်းက အတည်ဆိုပါက ဆက်သွယ်ပေးရန်နဲ့ ကြိုဆိုတဲ့အကြောင်း ရေးထားတာကိုတွေ့ရပါတယ်။

ဂဠုန်ဦးစောနေရာကို သရုပ်ဆောင်မယ့် ဦးစောရဲ့မြစ်ဖြစ်သူ ဇော်ဇော်ပိုင်ကတော့မိဘအုပ်ထိန်းသူများရဲ့ သဘောဆန္ဒအရ ပါဝင်သရုပ်ဆောင်ရန် မဖြစ်နိုင်တော့တဲ့အကြောင်း မကြာသေးမီအချိန်က အကြောင်းကြောင်းလာတာကြောင့် ဒီနေရာမှာ သရုပ်ဆောင်ဖို့အတွက် သရုပ်ဆောင်အသစ်ကို ဇွန်လ ၅ရက်နေ့ကခေါ်ယူထားတာဖြစ်ပါတယ်။

ကိုဥက္ကာကျော်က “တိုက်တိုက်ဆိုင်ဆိုင် ကျနော့်ရဲ့ အသက်က ၄၆ ၊ ဦးစော အဲ့အချိန် ၄၆နှစ်ချင်းလည်း တိုက်ဆိုင်တယ်လို့ ကြားသိရပါတယ်” လို့ ပြောပါတယ်။

အောင်ဆန်းရုပ်ရှင်အဖွဲ့မှလည်း ဦးစောရဲ့နေရာမှာ သရုပ်ဆောင်ရန်စိတ်ပါဝင်စားသူများအနေနဲ့ အမြန်ဆုံးလျှောက်ထားဖို့ အတွက်နဲ့ လျှောက်ထားမယ့်သူများကိုလည်း အသက်အရွယ် ၊ အရပ်အမောင်းအနည်းငယ်ကွာဟမှုများရှိခဲ့ရင်လည်း ရုပ်ရည်ဆင်တူမှုနဲ့ အမူအရာကောင်းမွန် (သရုပ်ဆောင်ခြင်းကို ဝါသနာကြီးသူဖြစ်ရမည်) မှုအပေါ်မူတည်ပြီး ထည့်သွင်းစဉ်းစားသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

အောင်ဆန်းရုပ်ရှင်ကိုတော့ ၂၀၁၉ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှစတင်ကာ ရိုက်ကူးရက်ပေါင်း ၈၈ရက်ရိုက်ကူးခဲ့ပြီး ရုပ်ရှင်တကားလုံးရဲ့ ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

COVID -19 ကြောင့် ရိုက်ကူးရေးများကို မတ်လကုန်ပိုင်းမှစတင်ကာ ရိုက်ကူးရေးများကိုဆိုင်းငံ့ထားပြီး Editing လုပ်ငန်းများ ၊ ကွန်ပျူတာအထူးပြုလုပ်ချက် (VFX) များကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

The post ဂဠုန်ဦးစောနေရာ သရုပ်ဆောင်ချင်တယ် ဆိုလာတဲ့ ဆုပန်ထွာရဲ့ အမျိုးသား appeared first on ဧရာဝတီ.

Show ပွဲတွေ မရှိတဲ့အချိန် အကုန်လုံးထိခိုက်ကြရတယ်လို့ ရေမွန်ပြော

$
0
0

ကိုဗစ်ကာလမှာ ပွဲလမ်းသဘင်များရပ်နားထားရတဲ့အတွက် အဆိုတော်များရဲ့အဓိက ဝင်ငွေဟာ ပွဲတွေပေါ်မှာ မူတည်နေတာကြောင့် ဝင်ငွေတွေထိခိုက်ကြရတယ်လို့ ရေမွန်က ဧရာဝတီကိုပြောပါတယ်။

“အဲ့ပြဿနာကကျနော်တို့ ကိုယ်တိုင်ပါရင်ဆိုင်နေရတာ အခုလိုကိုဗစ်အချိန်မှာ ဒီခေတ်မှာကျနော်တို့လို အဆိုတော်တွေရဲ့ အဓိကဝင်ငွေက ပွဲတွေပေါ်မှာပဲ မူတည်နေတာ။ ကျနော်တို့အခွေထုတ်တာတွေ အွန်လိုင်းပေါ်မှာရောင်းတာတွေက အဲ့လောက်ရတာမဟုတ်ဘူး။ ထိုက်သင့်တဲ့ ပမာဏအနည်းအကျဉ်းပဲ ရတာပေါ့”

“ Show တွေပေါ်မှာမူတည်နေတာ ဝင်ငွေက။ Show တွေမရှိတဲ့အခါကျတော့ အကုန်လုံးထိခိုက်ကြတာပေါ့။ ကျနော်အပါအဝင်အကုန်လုံး အနုပညာရှင်တွေအကုန်လုံးထိခိုက်ကြတာပေါ့”လို့ အဆိုတော်ရေမွန်က ပြောပါတယ်။

ကိုယ်တိုင်လည်း ဒီကာလမှာ တခြားစီးပွားရေးတခုအနေနဲ့ Game Streaming တခုကိုပြုလုပ်ထားပြီး ဒီလိုစီးပွားရေး လုပ်ဖို့အတွက်လည်း စဉ်းစားထားတာကြာပြီဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်ဆိုရင်လည်း တဖက်မှာတခြားစီးပွားရေးလုပ်ဖို့ စဉ်းစားထားတာကြာပြီ။ အခုကျနော် Streaming လေးစပြီး လုပ်ဖြစ်တယ်။ Game Streaming လေးပေါ့။ Idiot Ray ဆိုပြီး Facebook မှာရှာကြည့်လို့ရပါတယ်။ Like နဲ့ Follow မလုပ်ရသေးရင် လုပ်ပေးကြပါဦး။ အဲဒါလေးလုပ်ဖြစ်တယ်”

“ တခြားအနုပညာရှင်တွေလည်း တွေ့ရပါတယ်။ မျိုးစုံပါပဲ။ ချမ်းသာတာ ဆင်းရဲတာနဲ့မဆိုင်ပါဘူး။ အစားအသောက်အားသာတဲ့သူက အစားအသောက်ရောင်းကြတယ်။ Delivery ပို့ကြတယ်။ ဒီလိုအချိန်ကာလမှာ ဒီလိုမျိုးပဲဖြတ်သန်းရမယ်လို့ ထင်တာပဲ” လို့ ရေမွန်ကပြောပါတယ်။

လူတိုင်းစီးပွားရေးကြပ်တည်းနေတဲ့အချိန်မှာတော့ ဖျော်ဖြေရေးကိစ္စများကို ဘယ်သူမှစိတ်မဝင်စားနိုင်တာကြောင့် ဒုက္ခရောက်ကြရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဆိုရိုးစကားရှိပါတယ်။ တိုင်းပြည်တပြည်ပျက်ရင် သဘင်သည်က ထမင်းအရင်ငတ်တာပါ။ ရှင်းရှင်းလေးပါ။ အကုန်လုံးဒုက္ခရောက်နေတဲ့အချိန်မှာ ဘယ်သူမှ Entertainment ကို စိတ်မဝင်စားနိုင်ကြဘူး။ အဲ့အပေါ်မှာ ဘယ်သူမှငွေကြေးအကုန်ကျမခံနိုင်ကြဘူးဆိုတော့ ဒုက္ခအရမ်းရောက်တာက သဘင်သည်တွေ ကျနော်တို့အနုပညာရှင်တွေပါ Entertainer တွေပါ” လို့ ရေမွန်ကပြောပါတယ်။

ရေမွန်ကတော့ ကိုယ်တိုင်မှာထိခိုက်မှုသိပ်မရှိဘူးဆိုပေမယ့် အခုလိုအခြေအနေမျိုးမှာ ဖန်တီးဖို့အကြောင်းအရာတွေ ပိုထွက်လာတယ်လို့ ဆိုပါတယ်။

“တယောက်ချင်းစီပဲပြောလို့ရမယ်။ လူတိုင်းက သူ့ခံယူချက်နဲ့သူရှိကြတော့ ကျနော့်အနေနဲ့ပြောရရင်တော့ ထိခိုက်မှုမရှိဘူးလို့ပြောရမယ်။ ကျနော်ကတော့ ကျနော်ဖန်တီးတဲ့ကိစ္စကို အကောင်းဆုံးဖန်တီးတယ်။ အခုဆိုရင် ဒုက္ခရောက်နေတဲ့အတွက် ဖန်တီးဖို့အကြောင်းအရာတွေ ပိုပြီးတော့တောင် ထွက်သေးတယ်” လို့ ရေမွန်ကပြောပါတယ်။

ဒစ်ဂျစ်တယ်အွန်လိုင်းခေတ်ရောက်လာတဲ့အတွက် ကောင်းကျိုးတွေ ဆိုးကျိုးတွေများစွာရှိပြီး ကောင်းကျိုးအနေနဲ့ ဝင်ငွေရှာလို့ရနိုင်သလို ဆိုးကျိုးအနေနဲ့ကတော့ သတင်းအမှားများ ပေါများလာတယ်လို့ ဆိုပါတယ်။

“Digital Online ခေတ်ရောက်လာတဲ့အတွက် ကောင်းကျိူးတွေရှိသလို ဆိုးကျိုးတွေလည်းရှိတာပေါ့။ ဒါကတော့ ဘယ်အရာမှာပဲဖြစ်ဖြစ် အဆိုးနဲ့အကောင်းက ဒွန်တွဲနေတော့ကောင်းကျိုးတွေကတော့။ ကျနော်တို့ဆိုလည်း တဖက်တလမ်းကနေ Game Channel ကဝင်ငွေရှာလို့ရမယ်။ လူငယ်တွေအတွက်လည်း အခွင့်အလမ်းတွေအများကြီးရှိလာတယ်”

“ အနုပညာရှင်တွေ Artist တွေအတွက်လည်း သူတို့ရဲ့ ထုတ်ကုန်တွေကိုကြော်ငြာဖို့အတွက် ပလက်ဖောင်းဖြစ်လာတယ် Facebook ဆိုရင် အသုံးတည့်တယ်ပေါ့။ ဆိုးကျိုးတွေလည်းရှိပါတယ်။ ဆဲနေတဲ့သူတွေ အခုဆိုရင် ကျနော်မုန်းတာက မဟုတ်တဲ့ကိုဗစ်သတင်းတွေ လျှောက်ဖြန့်နေတဲ့သူတွေ အဲ့လိုမျိုးတွေဆိုးကျိူးတွေတော့ရှိတာပေါ့။ ကျနော်တို့ ကောင်းတဲ့အချက်လေးတွေပဲ ရွေးယူပါတယ်” လို့ ရေမွန်ကပြောပါတယ်။

ရေမွန်ကတော့ ကိုဗစ်ကာလမှာ ဆုတောင်း ဆိုတဲ့သိချင်းနဲ့ အဆိုတော်များစွာနဲ့ ပူးပေါင်းဖန်တီးထားတဲ့ “ကမ္ဘာမြေငြိမ်းချမ်းပါစေ” သီချင်းတို့ကိုထွက်ရှိထားပါတယ်။

The post Show ပွဲတွေ မရှိတဲ့အချိန် အကုန်လုံးထိခိုက်ကြရတယ်လို့ ရေမွန်ပြော appeared first on ဧရာဝတီ.

Black Lives Matter လှုပ်ရှားမှုအတွက် BTS အဖွဲ့ ဒေါ်လာ ၁ သန်း လှူဒါန်း

$
0
0

K-pop စူပါစတား BTS အဖွဲ့နဲ့ သူတို့ရဲ့ အေဂျင်စီ Big Hit အင်တာတိန်းမန့်တို့ဟာ အမေရိကန်နိုင်ငံက Black Lives Matter လှုပ်ရှားမှုအတွက် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့တယ်လို့ ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တဦးက ဇွန်လ ၇ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

“Black Lives Matter ကိစ္စအတွက် BTS နဲ့ Big Hit ရဲ့ နာမည်နဲ့ ဒေါ်လာ ၁ သန်း လှူဒါန်းလိုက်တယ်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ်”လို့ Big Hit ကုမ္ပဏီ ကိုယ်စားလှယ်တဦးက Yonhap သတင်းအေဂျင်စီကို ပြောကြားခဲ့ပါတယ်။

နာမည်ကျော် K-pop အဖွဲ့ BTS နဲ့ Big Hit ကုမ္ပဏီတို့ဟာ အဲ့ဒီလှူဒါန်းမှုကို ပြုလုပ်ခဲ့တယ်လို့ Variety မီဒီယာက ဇွန်လ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့တုန်းကတော့ Black Lives Matter ကိစ္စကို ထောက်ခံကြောင်း BTS အဖွဲ့က ထုတ်ဖော်ပြောကြားခဲ့ပြီး လူမျိုးရေးခွဲခြားမှုနဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့နေရာမှာ တကမ္ဘာလုံးနဲ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

“ကျနော်တို့ဟာ လူမျိုးရေး ခွဲခြားဆက်ဆံမှုကို ဆန့်ကျင် ရပ်တည်ပါတယ်။ အကြမ်းဖက်မှုကို ရှုတ်ချပါတယ်။ ခင်ဗျားတို့၊ ကျနော်တို့အားလုံးဟာ လေးစားခံဖို့ အခွင့်အရေး ရှိပါတယ်။ ကျနော်တို့ အတူတကွ ရပ်တည်ကြပါမယ်” လို့ BTS အဖွဲ့ရဲ့ တရားဝင် Twitter အကောင့်မှာ #BlackLivesMatter ဆိုတဲ့ hashtag နဲ့အတူ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့လတုန်းက ရဲအရာရှိတဦးကြောင့် အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား George Floyd သေဆုံးခဲ့ပြီးနောက် အမေရိကန်နဲ့ ကမ္ဘာတလွှားမှာ BLM လှုပ်ရှားမှုက ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။

Lady Gaga ၊ Ariana Grande နဲ့ Beyonce တို့လို ကမ္ဘာကျော် အဆိုတော်တွေဟာလည်း Floyd အတွက် ဝမ်းနည်း ဂုဏ်ပြုစကားဆိုခဲ့ပြီး သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား အသိုင်းအဝန်းတွေနဲ့အတူ တသားတည်း ရပ်တည်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

Crush နဲ့ Jay Park တို့လို K-pop အနုပညာရှင်တွေဟာလည်း အာဖရိကန်-အမေရိကန် ယဉ်ကျေးမှုကို ဂုဏ်ပြုလေးစားတဲ့အနေနဲ့ ဆိုရှယ်မီဒီယာတွေကနေ တဆင့် တုံ့ပြန်ပြောဆိုခဲ့ကြပါတယ်။

ဇွန်လ ၈ ရက်နေ့မှာတော့ BTS အဖွဲ့ဟာ ၂၀၂၀ ပြည့်နှဏ်မှာ တက္ကသိုလ် ကောလိပ်တွေကနေ ဘွဲ့ရသူတွေကို ဂုဏ်ပြုစကားဆိုဖို့ YouTube ကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ “Dear Class of 2020” အစီအစဉ်မှာ မိန့်ခွန်းပြောသူတွေအဖြစ် အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Condoleezza Rice ၊ အဆိုတော် လေဒီဂါဂါတို့နဲ့အတူ ပါဝင်လာမှာ ဖြစ်ပါတယ်။

အဲ့ဒီအစီအစဉ်ကို မူလက ဇွန်လ ၇ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် အဲ့ဒီတရက်ထဲမှာ Floyd အတွက် အထိမ်းအမှတ် အခမ်းအနားရှိတာကြောင့် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

Ref:Yonhap

You may also like these stories:

ဂျော့ဖလွိုက်သေဆုံးမှုအတွက် ရဲ ၃ ဦးကို တရားစွဲဆို

ထရမ့်ရဲ့ စစ်တပ် ချထားမယ့် အစီအစဉ် ဝေဖန်ခံရ

အကြမ်းဖက်မှုကို အားပေးတဲ့ စာကြောင့် ဒေါ်နယ်ထရမ့်ကို Twitter သတိပေး

The post Black Lives Matter လှုပ်ရှားမှုအတွက် BTS အဖွဲ့ ဒေါ်လာ ၁ သန်း လှူဒါန်း appeared first on ဧရာဝတီ.

အချက်အပြုတ် အစီအစဉ်လုပ်ဖို့ ဒေးဗစ်ဘက်ခမ်း ဆွေးနွေးနေ

$
0
0

ကမ္ဘာကျော် ဘောလုံးအကျော်အမော်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ သူ့မိသားစုရဲ့ Lockdown ကာလအတွင်းမှာ ဟင်းလျာချက်ပြုတ်မှု စွမ်းရည်ကို လက်စွမ်းပြခဲ့ပြီးတဲ့နောက် အချက်အပြုတ် အစီအစဉ် အသစ်တခု ပြုလုပ်ဖို့ Netflix ၊ BBC တို့နဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က Studio 99 လို့ခေါ်တဲ့ ကိုယ်ပိုင် မီဒီယာကုမ္ပဏီတခုကို ထူထောင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲမက်ဒရစ် အသင်းသားဟောင်း ဘက်ခမ်းဟာ အဲ့ဒီအစီအစဉ်ကို ထုတ်လုပ်ဖို့ မျှော်လင့်ထားတယ်လို့ The Sun သတင်းစာက ဆိုပါတယ်။

Cotswolds ဒေသမှာ နေထိုင်ခဲ့ရစဉ်မှာ သူငယ်ချင်း နာမည်ကျော်စားဖိုမှူး Gordon Ramsay ရဲ့ Instagram တိုက်ရိုက် ထုတ်လွှင့်မှုတွေမှာ အသက် ၄၅ နှစ်အရွယ် ဘက်ခမ်းဟာ မုန့်ဖုတ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

သတင်းရင်းမြစ်တခုက “ဒေးဗစ်အတွက် Lockdown ကာလမှာ မရည်ရွယ်ထားတဲ့ အကျိုးအမြတ်တခုကတော့ သူအကြိုက်နှစ်သက်ဆုံး မုန့်ဖုတ်တာကို လုပ်ကိုင်ဖို့ အခွင့်အရေးရရှိခဲ့တာ ဖြစ်ပါတယ်။ သူဟာသူ့မိခင်ရဲ့ မုန့်ဖုတ်နည်းဟောင်းတချို့ကို ပြန်ဖန်တီးပြီး မကြာသေးခင်တုန်း ကျရောက်ခဲ့တဲ့ သူ့မွေးနေ့အတွက် ဟင်းအိုးတွေနဲ့ ဒယ်အိုးတွေကို အပြည့်တည်ခင်းခဲ့ပါတယ်” လို့ ဆိုပါတယ်။

ဘက်ခမ်းဟာ Instagram Live မှာ အစီအစဉ်မှာ Ramsay ကို ဒီကိစ္စနဲ့ ပတ်သက်လို့ ကနဦးပြောကြားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီသတင်းရင်းမြစ်က “သူ့ရဲ့ ကိုယ်ပိုင်အချက်အပြုတ် အစီအစဉ်တွေ၊ Studio Ramsay ကုမ္ပဏီနဲ့အတူ ဘက်ခမ်းဟာ Ramsay နဲ့ တော်တော်လေး အဆင်ပြေခဲ့ပြီး Ramsay က သူ့ကို အကြံကောင်းတွေ လည်းပေးခဲ့ပါတယ်” လို့ ဆိုပါတယ်။

ဘတ်စကတ်ဘော အကျော်အမော် Michael Jordan ရဲ့ The Last Dance အစီအစဉ်ဟာ Netflix မှာ အောင်မြင်ခဲ့ပြီးတဲ့နောက် BBC လိုမျိုး ရုပ်သံလိုင်းတွေဟာလည်း ဘောလုံးအကျော်အမော်တွေနဲ့ အလုပ်အတူ တွဲလုပ်ဖို့ စိတ်ဝင်စားနေပြီး ဘက်ခမ်းအတွက်လည်း တခုခု စီစဉ်ပေးချင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက Variety မီဒီယာရဲ့အဆိုအရ ဘက်ခမ်းရဲ့ စတူဒီယိုဟာ သူကိုယ်တိုင် ပါဝင်လာမယ့် မှတ်တမ်းရုပ်ရှင်တွေ၊ ရုပ်သံအစီအစဉ်တွေ၊ အားကစား၊ ခရီးသွား၊ ဖက်ရှင်နဲ့ တခြားနယ်ပယ်တွေ အကြောင်း ပါဝင်မယ့် အစီအစဉ်တွေကို ထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ အခုတော့ သူ့စတူဒီယိုဟာ သူ့ရဲ့ ဘောလုံးစီးရီးတခုဖြစ်တဲ့ Inter Miami မှတ်တမ်းရုပ်ရှင်ကို ဖန်တီးထုတ်လုပ်နေတယ်လို့ သိရပါတယ်။

Ref: straitstimes

You may also like these stories:

Black Lives Matter လှုပ်ရှားမှုအတွက် BTS အဖွဲ့ ဒေါ်လာ ၁ သန်း လှူဒါန်း

Show ပွဲတွေ မရှိတဲ့အချိန် အကုန်လုံးထိခိုက်ကြရတယ်လို့ ရေမွန်ပြော

လုပ်ခွင့်ပေးတဲ့ ဇာတ်ကောင်က ဗီလိန်တွေပဲများတယ်လို့ မိုက်မိုက်ပြော

The post အချက်အပြုတ် အစီအစဉ်လုပ်ဖို့ ဒေးဗစ်ဘက်ခမ်း ဆွေးနွေးနေ appeared first on ဧရာဝတီ.


“ရိုက်ကူးရေးတွေ ပြန်စဖို့ တရားဝင် မပြောသေးဘူး”လို့ အေးမြတ်သူ ပြော

$
0
0

သရုပ်ဆောင် အေးမြတ်သူကတော့ အိမ်မှာနေနေရတဲ့ ကာလမှာ ဇာတ်ညွှန်းတွေ ဖတ်ဖြစ်နေပြီး ရိုက်ကူးရေးတွေ ဘယ်တော့ပြန်စမလဲဆိုတာ မကြားမိသေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“Stay Home ကာလမှာ အိမ်မှာ အိပ်လိုက်စားလိုက်နဲ့ အလုပ် မရှိတော့ ဖတ်ရမယ့် စာအုပ်လေးတွေ ဖတ်တယ်။ ရောဂါတွေပြီးသွားရင် ရိုက်မယ့် ကားတွေအတွက် ဇာတ်ညွှန်းတွေ ဖတ်တယ်။ ရုပ်ရှင်ကြည့်တယ်။ ဒါပေမဲ့ ကိုယ့်လုပ်ငန်းခွင်က ဘယ်တော့ ဝင်ရမှန်းလဲ မသိဘူးလေ။ ကိုယ့်အလုပ်အတွက် စာတွေ ဖတ်၊ ဇာတ်ကားတွေ ကြည့်ဖြစ်တယ်”

“ကိုယ့်အလုပ်ကို အထောက်အကူပြုမယ့် အရာတွေ အခုချိန်မှာ လေ့လာတယ်။ နောက်ပြီး ကျန်းမာဖို့ စားသလို ဇာတ်ကားတွေ ပြန်ရိုက်ရင်လည်း ဝမသွားအောင် လေ့ကျင့်ခန်းတွေ လုပ်တယ်”လို့ အေးမြတ်သူက ပြောပါတယ်။

“ရိုက်ကူးတွေ ပြန်စတော့မယ်ဆိုရင် ကိုယ့်လုပ်ငန်းခွင်ကို ဝင်ရတော့မှာဆိုတော့ ပျော်တာပေါ့။ ဇူလိုင်လမှာ ရိုက်ကူးရေးတွေ ပြန်စမယ်သာ ပြောနေကြတာ။ တရားဝင်ပြန်စလို့ရပြီလို့ ပြောတာ မကြားရသေးဘူး။ အနည်းစပ်ဆုံးပြောရင် ရွှေတိဂုံဘုရားတောင် ဘယ်တော့ ဖူးခွင့်ရမယ်ဆိုတာ မသိသေးဘူး။ အဲ့တော့ တရားဝင် ထုတ်ပြန်ချက်တွေ မရှိသေးတော့ ဘာမှပြောလို့ မရသေးပါဘူး”လို့ အေးမြတ်သူက ပြောပါတယ်။

COVID-19 ရောဂါကို မြန်မာနိုင်ငံက ကိုင်တွယ် လုပ်ဆောင်နေတဲ့အပေါ်လည်း အေးမြတ်သူက သဘောကျမိတယ်လို့ ဆိုပါတယ်။

“အခုချိန်မှာ မြန်မာနိုင်ငံ လုပ်ဆောင်နေတာကို သဘောကျတယ်။ တခြားနိုင်ငံတွေလို အများကြီးဖြစ်သွားမှာ စိတ်ပူတာ။ ကိုယ်တွေနိုင်ငံကလည်း စက်တွေဘာတွေကအစ အားနည်းတော့ တွေးပြီး စိတ်ပူနေတာ အခုတော့ တွေးပူတာ နည်းနည်းလျော့သွားတယ်။ အားလုံးရဲ့ ပရဟိတစိတ်တွေ အပြန်အလှန်ဖေးမရမယ်၊ စည်းလုံးရမှာတွေ ရှိတဲ့အခါကျတော့ ထင်သလောက် ရုပ်ပျက်ဆင်းပျက် မဖြစ်သွားဘူး”

“အားလုံးရဲ့ စည်းလုံးရိုင်းပင်းကူညီမှုတွေ ပရဟိတသမားတွေ ရော ထိန်းထိန်းသိမ်းသိမ်းလုပ်နေတဲ့အခါကျတော့ အများကြီးမဖြစ်သွားတဲ့ အတွက် စိတ်အေးရတယ်။ ၃ လလောက် ရှိပြီဆိုတော့ အလုပ်တွေ ပြန်လုပ်ကြတဲ့သူတွေလည်း မလုပ်နဲ့လို့ တားလို့မရဘူး။ အခုလုပ်လို့ရပြီဆိုရင် ကိုယ်လည်း ထလုပ်မှာပဲ။ တခုတော့ မေတ္တာရပ်ခံရမှာ လုပ်ငန်းခွင် ဝင်ချိန်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ကျန်းမာရေး အသိတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့တော့ လိုအပ်တယ်”လို့ အေးမြတ်သူက ဆိုပါတယ်။

သရုပ်ဆောင် အေးမြတ်သူကတော့ သရုပ်ဆောင် အလုပ်အပြင် ပရဟိတလုပ်ငန်းတွေမှာလည်း အားတက်သရော လူအင်အား ငွေအင်အားနဲ့ အမြဲ ကူညီတတ်သူလည်း ဖြစ်ပါတယ်။ COVID -19 အတွက် “I Do Nation” အဖွဲ့ နဲ့ ပူးပေါင်းပါဝင်ကာ ဈေးသည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးခဲ့သလို We Love Yagnon အဖွဲ့နဲ့လည်း လှူဒါန်းမှုတွေ လုပ်ခဲ့တာ တွေ့ရပါတယ်။

You may also like these stories:

ရွှေစက်တော်မှာ ထဘီရင်လျားနဲ့ ဓာတ်ပုံ ရိုက်ခဲ့တဲ့အကြောင်း ပြောပြတဲ့ အေးမြတ်သူ

“ကိုယ့်ကြောင့် ရုပ်ရှင်ကို ပရိသတ် စိတ်ဝင်စားမှု နည်းမှာ စိုးရိမ်တယ်”လို့ အေးမြတ်သူ ပြော

အတည်အတံ့၊ အငြိမ်ဇာတ်ရုပ်တွေလည်း သရုပ်ဆောင်ချင်တဲ့ အေးမြတ်သူ

The post “ရိုက်ကူးရေးတွေ ပြန်စဖို့ တရားဝင် မပြောသေးဘူး”လို့ အေးမြတ်သူ ပြော appeared first on ဧရာဝတီ.

“အင်တာနက်မှာ နေရာ တနေရာရဖို့ မလွယ်ဘူး”လို့ အမွန်း ပြော

$
0
0

ကိုဗစ်ကာလမှာ လူတော်တော်များများ စီးပွားရေးတွေ ထိခိုက်ရသလို အနုပညာရှင်တွေ တော်တော်များများလည်း ပွဲတွေ ရပ်နားလိုက်ရတာကြောင့်လည်း ဝင်ငွေအနေနဲ့ အင်တာနက် ကြော်ငြာများမှ တဆင့်ရှာကြရတာကို တွေ့မြင်ရပါတယ်။

ဒီလိုအင်တာနက်မှာ ဝင်ငွေရရှိဖို့အတွက် နေရာတနေရာရဖို့ လိုအပ်ပြီး နေရာရဖို့လည်း မလွယ်ဘူးလို့ အဆိုတော် အမွန်းက ပြောပါတယ်။

“လူတိုင်းလူတိုင်း ဘယ်နယ်ပယ်မှာပဲ အလုပ် လုပ်လုပ်ပါ။ ကိုယ်တိုင်မလုပ်ရင် ထမင်းငတ်သွားနိုင်တဲ့ အလုပ်ကို မရွေးပါနဲ့တော့။ အခုခေတ်ကြီးက ပြောင်းသွားပြီ။ အွန်လိုင်းခေတ် ဖြစ်သွားပြီ။ အင်တာနက်ခေတ် ဖြစ်သွားပြီ။ ဒါပေမဲ့ အင်တာနက်မှာလည်း နေရာတခု ရဖို့ဆိုတာလည်း မလွယ်ဘူး”

“တကယ်တမ်း အင်တာနက်ကနေ အသီးအပွင့်စားရဖို့ဆိုတာ အများကြီးအများကြီး အာရုံရော၊ ခေါင်းရော အလုပ်အရမ်းလုပ်ရတယ်။ လူတွေက အင်တာနက်ကနေ ပိုက်ဆံရတယ်ဆိုတာကို လွယ်တယ် ထင်ကြတယ်။ အဲ့လောက် မလွယ်ဘူး။ နံပါတ်တွေ ရကောင်းရလိမ့်မယ်။ Follower တွေ ရကောင်းရလိမ့်မယ်။ ကိုယ်ရပ်တည်မယ့် ဝင်ငွေဆိုတာ မလွယ်ဘူး” လို့ အမွန်းက ပြောပါတယ်။

ရုပ်ပိုင်းဆိုင်ရာအရ ကျွမ်းကျင်မှု ရှိတဲ့သူများက ဘယ်နေရာမှာဖြစ်ဖြစ် အလုပ်လုပ်လို့ရတယ်လို့လည်း အမွန်းက ဆိုပါတယ်။

“အဓိက လူငယ်တွေ အကြံပေးချင်တာ အရည်အချင်းကိုရအောင် လုပ်ပါလို့ Skill ရှိတဲ့သူက ဘယ်နေရာမှာပဲဖြစ်ဖြစ် အလုပ်လုပ်လို့ရတယ်။ အမွန်းမောင်လေးတွေကိုလည်း အမြဲတိုက်တွန်းတယ်။ သူတို့လည်း ဂီတသမားတွေပဲ။ သူတို့ကိုလည်း ကိုယ်တိုင်သင်တန်းတွေ ပေးခဲ့တယ်”

“Recording တွေဘာတွေလည်း ကိုယ်တိုင်သွင်းပေးတယ်။ ဒါပေမဲ့ အဲဒါ လုပ်လို့မရတဲ့ အချိန်မှာ သင်တန်းကို ဘယ်လိုနည်းနဲ့ ပေးလို့ရလဲ။ အဲ့လိုလုပ်လို့မရတဲ့အချိန်မှာ အွန်လိုင်းက သင်တန်းပေးတယ်ပဲ ထားပါဦး။ တယောက်ချင်းပဲ သင်တန်းပေးရင်တောင် သူ့ဆီမှာ Skill ရှိမှရမှာ” လို့ အမွန်းက ပြောပါတယ်။

အမွန်းကကိုယ်တိုင်အနေနဲ့ ဝင်ငွေတော့ ကျသွားပေမယ့် အခြေအနေ မဆိုးသွားခဲ့ဘဲ ပရိသတ်နဲ့ အဆက်အသွယ် မပြတ်ဘဲ ယခင်က ကြိုတင်ဖန်တီးထားတဲ့ အရာတွေကနေ ဝင်ငွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

“အမွန်းအနေနဲ့ကတော့ ဝင်ငွေတော့ ကျတာပေါ့။ တလတလ ပြန်စစ်လိုက်ရင် ကျတာပေါ့။ အမြဲတမ်းကြီး ပုံမှန်လည်ပတ်နေတဲ့ ယန္တရားက ရပ်သွားတာကိုး။ ဒါပေမဲ့ ကယ်ပါယူပါလို့တော့ ဖြစ်မသွားဘူး။ အဲဒါ ဘုရားကျေးဇူး။ ဘာဖြစ်လို့လဲဆိုတော့ အမွန်းဆီမှာသီချင်းနဲ့ Music Video ၊ Content တွေကို ဖန်တီးထားနိုင်ခဲ့တဲ့အတွက်ကြောင့် နံပါတ် (၁) ပရိသတ်နဲ့ အဆက်အသွယ် မပြတ်သွားဘူး”

“နံပါတ် (၂) အဲဒါကို သုံးချင်တဲ့သူတွေရှိတဲ့အတွက် အဲ့ကနေပြီးတော့မှ ဝင်ငွေတွေ ရတာမျိုးတွေ ရှိတာပေါ့။ လူကိုယ်တိုင် မသွားရတော့ဘဲ ကိုယ့်ရဲ့ Content နဲ့ ဝင်ငွေရတဲ့ ကာလ ဖြစ်သွားတယ်။ အဲ့အတွက်တော့ ဝင်ငွေတော့ကျတာ ရှိပေမယ့် ကယ်ပါယူပါ အခြေအနေမျိုးတော့ မဟုတ်ဘူးပေါ့” လို့ အမွန်းက ပြောပါတယ်။

အနာဂတ်ကိုကြိုမြင်လို့ အလုပ်တွေ ကြိုလုပ်ထားတာ မဟုတ်ပေမယ့် ဒီလိုလုပ်ထားတဲ့အကျိုးကျေးဇူးတွေကြောင့် အခုလို ပရိသတ်ကိုချပြစရာ Music Video တွေ ချပြနိုင်တာလို့ ဆိုပါတယ်။

“အမွန်းအနေနဲ့ကြိုပြီးတော့ အနာဂတ်ကိုမြင်ထားပြီးတော့မှ လုပ်ခဲ့တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ကိုယ်လုပ်ထားတဲ့ အလုပ်တွေရဲ့ကျေးဇူးကြောင့် ဒီလိုမျိုးပိတ်သွားတဲ့အချိန်မှာ ချပြစရာ Content တွေ ပြီးတော့ လှုပ်ရှားမှုတွေ ရှိနေတာပေါ့။ အရင့်အရင်က လုပ်ခဲ့တဲ့ဟာတွေကြောင့်။ ဒီနေ့လုပ်တဲ့ဟာတွေက ဒီနေ့အတွက် မဟုတ်ဘူး”

“ရေတိုကို သွားကြည့်လို့ရတဲ့ကာလ မဟုတ်ဘူးပေါ့။ ဘယ်အလုပ်မဆိုပါ။ အမွန်းတို့အလုပ်မှ မဟုတ်ဘူး။ ရေတိုကို ကြည့်မယ်ဆိုရင် ဒီနေ့အတွက်ပဲ ပြေလည်သွားမယ်။ ရေရှည်မှာ အဆင်ပြေမှာ မဟုတ်ဘူး။ အရင်က လုပ်တဲ့အလုပ်တွေရဲ့ အကျိုးဆက်ကြောင့် အခုအချိန်မှာ သုံးလို့ရနေတာပေါ့” လို့ အမွန်းက ပြောပါတယ်။

ကိုဗစ်ကာလ Stay at Home အတွင်းမှာတော့ သီချင်း ၃ ပုဒ်ထွက်ရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ကိုဗစ် မဖြစ်ခင်ကြိုတင် ရိုက်ကူးခဲ့တာ သိရပါတယ်။

You may also like these stories:

နှစ်ကုန်ပိုင်းမှာ မင်္ဂလာဆောင်မယ့် အဆိုတော် အမွန်း

ကိုဗစ်ကြောင့် အကြွေးနွံနစ်နေကြရတဲ့ အိမ်ရှင်မများ

The post “အင်တာနက်မှာ နေရာ တနေရာရဖို့ မလွယ်ဘူး”လို့ အမွန်း ပြော appeared first on ဧရာဝတီ.

ရည်းစားဟောင်းရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို ခံခဲ့ရတဲ့ မြတ်နိုးအေး

$
0
0

အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး Tiktok ဗီဒီယို အတိုတွေ လူအများ အသိပညာ တိုးပွားစေရန် ရိုက်တင်ပေးနေတဲ့ သရုပ်ဆောင် မြတ်နိုးအေးကတော့ ကိုယ်တိုင်လည်း တက္ကသိုလ်တက်စဉ်က ရည်းစားဟောင်းရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်တာကို ခံခဲ့ရဖူးတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“နီးနီးစပ်စပ်တွေတော့ ကြုံဖူးတာပေါ့။ လင်မယားချင်း အဆင်မပြေတာတွေ၊ အိမ်ထောင်ရေး အဆင်မပြေတာတွေမှာ ကြားဖူးတယ်။ ကိုယ့်ရဲ့အသိတွေထဲမှာ ရှိခဲ့ဖူးတယ်။ အမေရဲ့သူငယ်ချင်းတွေထဲမှာ ရှိခဲ့ဖူးတာ ကြားဖူးနေတယ်”

“ကိုယ်တိုင်အနေနဲ့လည်း အနီးစပ်ဆုံးပြောရရင် ကြုံဖူးတယ်ပေါ့။ ၁၀ တန်းပြီးခါစ တက္ကသိုလ်တက်တဲ့အချိန်မှာ မသိနားမလည်သေးတဲ့အချိန် ရည်းစားထားတဲ့အချိန်မှာ ရန်ဖြစ်ရင် လက်ပါတတ်တဲ့ ယောကျ်ားမျိုးနဲ့ ကြုံခဲ့ဖူးတယ်။ အဲ့ခံစားချက်ကို နားလည်တယ်။ ရုန်းထွက်နိုင်ခဲ့တယ်” လို့ မြတ်နိုးအေးက ဧရာဝတီကို ပြောပါတယ်။

မြတ်နိုးအေးရဲ့ TikTok ဗီဒီယိုဖိုင်

အရမ်းကြီး ဆိုးရွားတဲ့ အခြေအနေအထိတော့ မရောက်ခဲ့ဘဲ အနုနည်းနဲ့ ဖြည်းဖြည်းချင်း ရုန်းထွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“အရမ်းကြီး ဆိုးရွားတဲ့ အခြေအနေထိတော့ မရောက်ခဲ့ဘူး။ ကျမကို လက်ပါတဲ့ အချိန်ကစပြီးတော့ ဒီလူကိုရှောင်ဖို့ အသိက အရင်ဆုံးဝင်လာတယ်။ ဒါပေမဲ့ ကိုယ်ကအကြမ်းနည်းနဲ့ မရှောင်ခဲ့ဘူး။ အနုနည်းနဲ့ ဖြည်းဖြည်းချင်းပဲ ရုန်းထွက်ခဲ့ရတာပေါ့။ မဟုတ်ရင် ကိုယ့်အတွက် အသက်အန္တရာယ်တွေ ဖြစ်လာမှာတွေပေါ့”

“အဲ့တုန်းကဆို အိမ်က မိသားစုကို မပြောပြဖြစ်ခဲ့ဘူး။ အကုန်လုံးပြီးသွားတော့မှ ဒီလိုမျိုးတွေ ဖြစ်ခဲ့တဲ့အကြောင်းကို ပြန်ပြောပြဖြစ်ခဲ့တယ်” လို့ မြတ်နိုးအေးက ပြောပါတယ်။

ဆက်လက်ပြီး “အဲ့အချိန်တုန်းကဆို သူငယ်ချင်းတွေကြားထဲမှာ အရမ်းအရှက်ရတယ်။ ကျောင်းတက်နေတဲ့ အချိန်တွေဆိုတော့ အပြင်သွား မုန့်စားနေတဲ့ အချိန်တွေဆို လူအများရှိတဲ့ နေရာမှာ အော်ဟစ်တာတွေ လက်ပါတာမျိုးတွေ သူငယ်ချင်းတွေရှိရက်နဲ့လည်း ဖြစ်တယ်”

“အိမ်တွင်းမှာတင် မဟုတ်ဘူး။ အိမ်ပြင်မှာပါ အကြမ်းဖက်မှုခံသလိုမျိုး ကြုံခဲ့ရတော့ ဒီ Relationship က ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူးပေါ့။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်လိုက်တာပေါ့။ အစကတော့ မသိဘဲ အရမ်းယုံမိတယ်။ နောက်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ပြီး ရုန်းထွက်လိုက်တယ်” လို့ ပြောပါတယ်။

အမျိုးသမီးအများစုကတော့ ပတ်ဝန်းကျင်မှာ အရှက်တကွဲဖြစ်မှာနဲ့ Relationship ကို မပြောင်းလဲချင်တာရယ်ကြောင့် ဒီလိုကိစ္စရပ်တွေကနေ ရုန်းမထွက်နိုင်ကြဘဲ ပတ်ဝန်းကျင်ကလည်း စောင့်ရှောက်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

“မရုန်းထွက်နိုင်ခဲ့တဲ့ အမျိုးသမီးအများစုက ဘယ်လိုဖြစ်မလဲဆိုရင် ကိုယ့်ရဲ့ပါတနာကို ပြောင်းလဲလာမယ် ထင်ကြတယ်။ ချစ်တော့ချစ်မှာပဲ။ နောက်တခုက အရှက်ကွဲမှာကို ကြောက်ကြတယ်။ သူများတွေအမြင်မှာ သာယာတဲ့ Relationship ရှိတယ်ဆိုပြီး မပြောင်းလဲချင်ကြဘူး။ မပြောင်းလဲချင်ကြတော့ ဒီတယောက်ကိုပဲ သည်းခံကြတယ်။ အရှက်တကွဲ အကျိုးနည်း မဖြစ်ချင်ကြဘူးပေါ့”

“သည်းခံလာခဲ့တာတွေများတော့ ပိုပိုဆိုးလာကြတာပေါ့။ အနည်းဆုံးကတော့ ရန်ဖြစ်ကြရင် လက်ပါတာကနေ စမယ်။ တခေါက်လုပ်ပြီးရင် တောင်းပန်လိုက်မယ်။ အဲ့လို တောင်းပန်ပြီးရင် နောက်ထပ်အဆင့်တွေက ပိုတိုးလာဖို့ပဲ ရှိတယ်။ တခေါက် လက်ပါဖူးတဲ့သူက နောက်ရန်ဖြစ်တိုင်းလည်း လက်ပါမှာပဲ။ အဲဒါတွေကို ရုန်းထွက်နိုင်ဖို့ လိုတယ်။ ပတ်ဝန်းကျင်ကလည်း စောင့်ရှောက်ဖို့ လိုတာပေါ့” လို့ မြတ်နိုးအေးက ပြောပါတယ်။

မြတ်နိုးအေးကတော့ အမျိုးသမီးများအတွက် အသိပေးလိုတဲ့ ရည်ရွယ်ချက်ဖြင့် Tiktok မှာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုရုန်းထွက်ရမလဲဆိုတဲ့ ဗီဒီယိုအတိုနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းကို ရှုတ်ချတဲ့ ဗီဒီယိုအတို ၂ ပုဒ်ကို တင်ထားခဲ့တာ ဖြစ်ပါတယ်။

You may also like these stories:

“ရိုက်ကူးရေးတွေ ပြန်စဖို့ တရားဝင် မပြောသေးဘူး”လို့ အေးမြတ်သူ ပြော

အချက်အပြုတ် အစီအစဉ်လုပ်ဖို့ ဒေးဗစ်ဘက်ခမ်း ဆွေးနွေးနေ

The post ရည်းစားဟောင်းရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို ခံခဲ့ရတဲ့ မြတ်နိုးအေး appeared first on ဧရာဝတီ.

Black Lives Matter လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မက်ဒေါနား

$
0
0

အနောက်နိုင်ငံတွေမှာရှိတဲ့ နာမည်ကျော် အနုပညာရှင်တော်တော်များများဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက George Floyd သေဆုံးမှုနဲ့ ပတ်သက်လို့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြတာကို တွေ့ရပါတယ်။

George Floyd ဟာ ဖမ်းဆီးခံရစဉ်မှာ ရဲတပ်ဖွဲ့ဝင်တဦးက သူ့ရဲ့ လည်ပင်းကို ဒူးနဲ့ ဖိထားခဲ့တာကြောင့် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ဆန္ဒပြနေကြသူတွေထဲ အမေရိကန် ပေါ့ပ်အဆိုတော် မက်ဒေါနား ပါဝင်လာခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့တုန်းက လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ Black Lives Matter ဆန္ဒပြပွဲတခုမှာ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ ခေတ္တနေထိုင်နေတဲ့ အဆိုတော် မက်ဒေါနားဟာ အဲ့ဒီဆန္ဒပြပွဲမှာ ချိုင်းထောက်နဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့တုန်းကတော့ သူဟာ ဒူးခွဲစိတ်ကုသမှုကို ခံယူမယ့်အကြောင်း Instagram ကနေ ကြေညာခဲ့ပါတယ်။

ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ နိုဝင်ဘာလအတွင်းမှာ သူ့ရဲ့ Madame X Tour ရဲ့ နယ်လှည့်ဖျော်ဖြေပွဲ တော်တော်များများကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့တုန်းက ပေါ့ပ်ဂီတ ဘုရင်မ မက်ဒေါနားဟာ လန်ဒန်မြို့က ဆန္ဒပြပွဲအတွင်းမှာ နေကာမျက်မှန် ဝတ်လာခဲ့ပြီး မထင်မရှား အနေအထားနဲ့ ပါဝင်ခဲ့တာဖြစ်ပေမယ့် သူနဲ့အတူ ဓာတ်ပုံရိုက်ကူးနေကြတဲ့ ပရိသတ်တွေကြောင့် သူ့ကို သတိထားမိသွားခဲ့ကြပါတယ်။

ဆန္ဒပြသူတွေနဲ့ စကားပြောနေတာ၊ သူတို့တွေနဲ့အတူ “တရားမျှတမှု မရှိပါက ငြိမ်းချမ်းမှု မရှိနိုင်” စတဲ့ ကြွေးကြော်သံများ အော်ဟစ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

မက်ဒေါနားဟာ မျက်နှာဖုံး ဝတ်မထားခဲ့ပါဘူး။ ဒါ့အပြင် အမျိုးသမီး ပရိသတ်တဦးကို ဖက်နေခဲ့တာကိုလည်း တွေ့ရပါတယ်။ အဲ့ဒီအချိန်မှာ သူက “ကျမမှာ (Antibodies) ပဋိပစ္စည်း ထွက်နေပါပြီ။ အဲ့ဒီအတွက်တော့ စိတ်မပူပါနဲ့” လို့ ပြောကြားခဲ့ပါတယ်။ အဆိုတော် မက်ဒေါနားဟာ ကိုရိုနာဗိုင်းရပ်စ် ပဋိပစ္စည်း ထွက်ရှိနေကြောင်း စမ်းသပ်တွေ့ရှိခဲ့ရကြောင်း ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းတုန်းက ပြောကြားခဲ့ပါတယ်။

ပါရီမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲအတွင်းမှာ သူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။ ဖေဖော်ဝါရီလနဲ့ မတ်လမှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့တဲ့ ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းခဲ့ရတဲ့အထိ ဖြစ်စေခဲ့တဲ့ COVID-19 ရောဂါကနေ သက်သာလာခဲ့ပြီဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ မေလအစောပိုင်းမှာပဲ ပြောဆိုခဲ့ပါသေးတယ်။

မက်ဒေါနားဟာ Black Lives Matter လှုပ်ရှားမှုကို ထောက်ခံတဲ့အကြောင်း Instagram မှာ ပို့စ်တွေ တော်တော်များများကိုလည်း ရေးသားခဲ့ပြီး George Floyd အထိမ်းအမှတ် ရန်ပုံငွေအတွက် လှူဒါန်းကြဖို့ ပရိသတ်တွေကိုလည်း တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ မကြာသေးခင်တုန်းက ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ကြတဲ့အနုပညာရှင်တွေထဲမှာတော့ အဆိုတော် Ariana Grande ၊ မင်းသား Jamie Foxx ၊ အဆိုတော် Halsey ၊ မင်းသား Michael B. Jordan ၊ မင်းသား Timothee Chalamet နဲ့ Rap အဆိုတော် Kanye West တို့ ပါဝင်ကြပါတယ်။

Ref: straitstimes

You may also like these stories:

ဆန္ဒပြသူတွေ ဖွသွားတဲ့ အမှိုက်တွေကို ရှင်းပေးတဲ့ ဆယ်ကျော်သက် ဂုဏ်ပြုခံရ

Black Lives Matter လှုပ်ရှားမှုအတွက် BTS အဖွဲ့ ဒေါ်လာ ၁ သန်း လှူဒါန်း

ဆန္ဒပြသူတွေနဲ့အတူ တသားတည်း ရပ်တည်လိုက်တဲ့ မင်းသား Jamie Foxx

The post Black Lives Matter လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မက်ဒေါနား appeared first on ဧရာဝတီ.

တောင်ကိုရီးယားမှာ ရုပ်ရှင်ကြည့်ရှုသူ ၂ ဆ ပိုများလာ

$
0
0

COVID-19 ကြောင့် အထိနာခဲ့ရတဲ့ ရုပ်ရှင်လုပ်ငန်းကို ပြန်အဖတ်ဆယ်နိုင်ဖို့ တောင်ကိုရီးယားအစိုးရ ဦးဆောင်တဲ့ ဈေးလျှော့ပေးရေး အစီအမံတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကထက် နိုင်ငံတွင်းမှာ ရုပ်ရှင်ကြည့်တဲ့သူ အရေအတွက် ၂ ဆကျော် တက်လာတယ်လို့ ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရုပ်ရှင်ကြည့်ရှုသူ အရေအတွက် ၁၅၂,၂၈၄ ဦးသာ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တို့မှာတော့ အရေအတွက်ဟာ ၃၁၆,၉၂၉ ဦးအထိ တက်လာခဲ့ပါတယ်။

ဒါဟာ ဒယ်ဂူမြို့မှာ COVID – 19 အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့အချိန်ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၂ နဲ့ ၂၃ ရက်မှာ ရှိခဲ့တဲ့ အရေအတွက်ကနေ ကြည့်မယ်ဆိုရင် လူကြည့်နှုန်း အမြင့်ဆုံး အနေအထားလည်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ခဲ့ရတဲ့ ရုပ်ရှင်လုပ်ငန်းကို ထောက်ပံ့ကူညီဖို့ တောင်ကိုရီးယား အစိုးရဟာ ဒေါ်လာ ၁၃ ဒဿမ ၈ သန်း ရန်ပုံငွေ ချမှတ်ခဲ့ပြီး လျှော့ဈေး ကူပွန်တွေကို ဖြန့်ဝေပေးခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကစလို့ ပျှမ်းမျှ ဝမ် ၁၂၀၀၀ တန် ရုပ်ရှင်လက်မှတ် တစောင်ကို ဝမ် ၆၀၀၀ နဲ့ ဝယ်ယူနိုင်မယ့် ကူပွန်တွေ ဖြန့်ချိခဲ့ပါတယ်။

ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကာကွယ်တားဆီးဖို့ လူတွေကို အိမ်မှာပဲနေဖို့ အကြံပြုထားလို့ CJ CGV အပါအဝင် ဒေသတွင်း ရုပ်ရှင်ရုံတွေမှာ တော်တော်လေး ခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒါဇင်နဲ့ ချီတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ရုပ်ရှင်တွေကိုလည်း ပြသဖို့ ရွှေ့ဆိုင်းခဲ့ရပါတယ်။ လစဉ် ရုပ်ရှင်ကြည့်တဲ့သူ အရေအတွက်ဟာ ပြီးခဲ့တဲ့ ဧပြီလတွင်းမှာ စံချိန်တင်လောက်အောင် ကျဆင်းသွားခဲ့ပါတယ်။

အခုတော့ ရုပ်ရှင်လုပ်ငန်းဟာ နွေရာသီ လူသွားလူလာများမယ့် ရာသီအတွက် ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေပြီး အဆင်မပြေသေးတဲ့ အနေအထားတွေ ရှိနေပေမယ့် အခုနွေရာသီမှာ နာမည်ကျော် ရုပ်ရှင်တချို့ကိုလည်း စတင်ပြသဖို့ ရှိနေပါတယ်။

ဒီနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ဖိတ်ကြားခံထားရတဲ့ ဒါရိုက်တာ Yeon Sang-ho ရဲ့ “Peninsula” ရုပ်ရှင်ကို လာမယ့် ဇူလိုင်လအစောပိုင်းမှာ ပြသတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီ “Train to Busan” နောက်ဆက်တွဲ ရုပ်ရှင်မှာ မင်းသား Gang Dong-won နဲ့ မင်းသမီး Lee Jung-hyun တို့ ဦးဆောင်ပါဝင်ထားကြပြီး အခုနွေရာသီ ကာလအတွက် ပရိသတ်တွေ တော်တော်လေး စိတ်ဝင်စားနေကြတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ဖိတ်ကြားခံထားရတဲ့ ဒါရိုက်တာ Hong Won-chan ရဲ့ “Deliver Us From Evil” အက်ရှင်ရုပ်ရှင်၊ မင်းသား ဆောင်းဂျွန်ကီနဲ့ မင်းသမီး ကင်ထယ်ရီတို့ရဲ့ “Space Sweepers” အာကာသ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တွေကိုလည်း ဆက်တိုက် ဆိုသလို ပြသဖို့ စီစဉ်ထားပါတယ်။

Ref: Yonhap

You may also like these stories:

Black Lives Matter လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မက်ဒေါနား

ရည်းစားဟောင်းရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို ခံခဲ့ရတဲ့ မြတ်နိုးအေး

The post တောင်ကိုရီးယားမှာ ရုပ်ရှင်ကြည့်ရှုသူ ၂ ဆ ပိုများလာ appeared first on ဧရာဝတီ.

Viewing all 7343 articles
Browse latest View live