သရုပ်ဆောင် မိုးအောင်ရင်အား ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးမှ ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားတဲ့ အမှုရဲ့ ၁၅ ကြိမ်မြောက် ရုံးချိန်းမှာ မိုးအောင်ရင်က ကျန်းမာရေး မကောင်းတဲ့အတွက် ခွင့်တိုင်ကြားခဲ့ပါတယ်။ ဒီလို ခွင့်တိုင်ကြားတာဟာ ကြိုတင် ခွင့်တောင်းခြင်းမရှိဘဲ ပျက်ကွက်တာဖြစ်တာကြောင့် ကြိုတင်ခွင့်တိုင်ကြားရန်အတွက် တရားရုံးက သတိပေးခဲ့တယ်လို့ သိရပါတယ်။
“ယနေ့ ရုံးချိန်းက ၁၅ ကြိမ်မြောက် ရုံးချိန်းဖြစ်ပါတယ်။ တရားလို မခင်မြတ်နိုး လာပါတယ်။ သူ့ရဲ့ရှေ့နေ လာပါတယ်။ စွပ်စွဲခံရသူ မိုးအောင်ရင် မလာပါဘူး။ ကျန်းမာရေး မကောင်းတဲ့အတွက် ခွင့်တင်ပြထားပါတယ်။ ကြိုတင်ခွင့်တောင်းခြင်း မရှိဘဲ ပျက်ကွက်လို့ စွပ်စွဲခံရသူ မိုးအောင်ရင်ဘက်ကို ကြိုတင် ခွင့်တိုင်ကြားရန် သတိပေးပြီး ရုံးချိန်း ပြန်ချိန်းပေးခဲ့ပါတယ်”လို့ ရန်ကင်းမြို့နယ် တရားရုံး ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။

နောက်တကြိမ် ရုံးချိန်းကိုတော့ ဇူလိုင်လ ၈ ရက်နေ့ ပြန်လည် ချိန်းဆိုခဲ့ပြီး တရားလိုဖြစ်သူ မခင်မြတ်နိုးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

မခင်မြတ်နိုးအား ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးပြီးပါက မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေး ပြုလုပ်ပြီး မိုးအောင်ရင်ကို ပြန်လည် စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။
စွပ်စွဲခံရသူ မိုးအောင်ရင်မှ တရားလိုရဲ့ စွဲဆိုထားတဲ့အမှု ပြင်ဆင်ချက်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှာ လျှောက်ထားခဲ့ခြင်းကိုလည်း မေလ ၂၉ ရက်နေ့က ပလပ်ကြောင်း အမိန့်ချခဲ့ပါတယ်။ ဒါကြောင့် အမှုကို မူလမြို့နယ် တရားရုံးမှာ ပြန်လည် စစ်ဆေးသွားမှာ ဖြစ်ပေမယ့် ရုံးချိန်းပျက်ကွက်မှုများကြောင့် ဆက်လက် မစစ်ဆေးနိုင်ပါ။
သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး မိုးအောင်ရင် အနေနဲ့ ငွေကျပ် သိန်း ၁၀၀ အာမခံနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
The post ခွင့်မတိုင်ဘဲ ရုံးချိန်း ပျက်ကွက်လို့ မိုးအောင်ရင် သတိပေးခံရ appeared first on ဧရာဝတီ.