အက်ရှင်မင်းသားကြီး ရဲမင်းပိုင်ကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ ဖိုက်တင်၊ အက်ရှင် ဇာတ်ကားတခု ဖြစ်ဖို့အတွက် သိပ်မလွယ်လှဘူးလို့ ပြောပါတယ်။
“ကျနော်တို့နိုင်ငံမှာ ဖိုက်တင်ရုပ်ရှင် အက်ရှင်ဖြစ်ဖို့အတွက် သိပ်မလွယ်လှဘူး။ ရိုးရိုးသာမန် ပုံပန်းသဏ္ဍာန်နဲ့ပဲ သွားလို့ရမယ်။ အခြေအနေအရ သွားရမှာပဲ။ ကျနော်တို့ဈေးကွက် အားနည်းတယ်။ ပြည်ပကို ထုတ်ဖို့ဖြန့်ဖို့ အစွမ်းအစ သိပ်မရှိသေးဘူး။ ဒါပေမယ့် ကြိုးစားနေကြတယ်” လို့ ရဲမင်းပိုင်က ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ လိုအပ်မှုများစွာ ရှိနေပြီး စားဝတ်နေရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဆင်ဆာအခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး အဲဒီအခက်အခဲများကိုတော့ လုပ်ကြည့်မှသာ သိနိုင်တာဖြစ်တယ်လို့ သူက ပြောပါတယ်။
“ကျနော်တို့နိုင်ငံမှာက အများကြီး လိုအပ်တယ်။ လက်ရှိ ကျနော်တို့ လုပ်နေရတဲ့ ဘဝအနေအထားတွေက အခက်အခဲတွေနဲ့ ကြုံနေရတယ်။ စားဝတ်နေရေး ၊ရင်းနှီးမြှပ်နှံမှု၊ ဆင်ဆာအခက်အခဲ အဲဒီအခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ ကျနော်တို့ အနုပညာအလုပ်ကို လုပ်ကြည့်တဲ့အခါမှ သိတာ။ မလုပ်ကြည့်ထားရင် မသိဘူး” လို့ ရဲမင်းပိုင်က ပြောပါတယ်။
ရဲမင်းပိုင်ကတော့ လတ်တလောမှာ “Cover” ဆိုတဲ့ အက်ရှင်ဇာတ်ကားကြီးကို မင်းသား ရန်အောင်၊ လူမင်းတို့နဲ့အတူ ရိုက်ကူးလျက် ရှိပါတယ်။ ရဲမင်းပိုင်က အနုပညာအလုပ်များနဲ့ ၁၄ နှစ်ကြာ ဝေးကွာခဲ့ပြီးနောက် မကြာသေးမီအချိန်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကာ ယခုလက်ရှိအချိန်မှာ အနုပညာအလုပ်များကို ပြန်လည်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
“ကျနော်က အသက်က ကြီးလာပြီဆိုတော့ သိပ်လည်း လုပ်နိုင်လိမ့်မယ်လို့ မထင်ဘူး။ နောက် အလွန်ဆုံး လုပ်နိုင်ရင် ၅ နှစ်လောက်တော့ ရှိမှာပေါ့” လို့ရဲမင်းပိုင်က ဆိုပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ဖိုက်တင်မင်းသား“ရဲမင်းပိုင်” သရုပ်ဆောင် ပြန်လုပ်တော့မည်
The post “ဖိုက်တင်ရုပ်ရှင် ဖြစ်ဖို့အတွက် သိပ်မလွယ်လှဘူး”လို့ ပြောလာတဲ့ အက်ရှင်မင်းသားကြီး ရဲမင်းပိုင် appeared first on ဧရာဝတီ.