စာရေးဆရာမ မစန္ဒာရဲ့ ဝတ္တုကို ဒါရိုက်တာမီးပွားရိုက်ကူးကာ တခေတ်တခါက အောင်မြင်ခဲ့တဲ့ “အရိပ်” ရုပ်ရှင် ဇာတ်ကားကြီးကို ယခုအခါ ဇာတ်လမ်းတွဲအနေဖြင့် ပြန်လည်ပုံဖော်ထားပြီး အရိပ် ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ စုစုလှိုင်နေရာမှာ မေမြင့်မိုရ်က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။
သူမအနေနဲ့ ယခင်က ပန်းဖြူ အကယ်ဒမီရခဲ့တဲ့ စုစုလှိုင်ရဲ့ ကာရိုက်တာကို ပြန်လည် သရုပ်ဆောင်ရတဲ့အပေါ်ကို မေးကြည့်တဲ့အခါ “အရင်တုန်းက အောင်မြင်ခဲ့တဲ့ ဇာတ်ကားကြီးဖြစ်တဲ့အတွက် ပရိသတ်က အရင်ကနဲ့ အခု ဘာကွာသွားမလဲဆိုတာကို ပိုပြီးစိတ်ဝင်စားမှု ရှိတယ်။ အခုက ဇာတ်လမ်းတွဲအနေနဲ့ ပြန်ရိုက်တာဆိုတော့ အရင်က မပါခဲ့တဲ့ ဇာတ်ကွက်လေးတွေလည်း ပါမယ်။ ပြီးတော့ ရိုက်ရတဲ့အခါမှာတော့ တရက်တည်းမှာပဲ လူကြီးပုံစံ ရိုက်လိုက်၊ အသက်ကြီးတဲ့ ပုံစံရိုက်လိုက်၊ ကျောင်းသူပုံစံ ရိုက်လိုက်နဲ့ဆိုတော့ အိုက်တင်ကို ပြန်ပြီးတော့ ချိန်ရတယ်။ အဲဒါလေးတော့ အခက်အခဲ ရှိတယ်” လို့ မေမြင့်မိုရ်က ဧရာဝတီကို ပြောပါတယ်။
အဆိုပါ “အရိပ်” ဇာတ်လမ်းတွဲကို MRTV-4 ရုပ်သံလိုင်းမှာ ပြသနေတာ အပိုင်း ၄ပိုင်းသာ ရှိသေးသော်လည်း ပရိသတ်များက ဝေဖန်အကြုံပြု အားပေးကြတဲ့အတွက် ကျေးဇူးတင်ပြီး သူမပါဝင် သရုပ်ဆောင်ထားတဲ့ စုစုလှိုင်ရဲ့ ဇာတ်ရုပ်ကိုလည်း သဘောကျတယ်လို့ ပြောပါတယ်။
“ဇာတ်လမ်းထဲက စုစုလှိုင်ဖြစ်အောင်တော့ ကြိုးစားပြီးတော့ သရုပ်ဆောင်ထားတယ်။ သူ့ရဲ့ ကာရိုက်တာအရ အေးတိအေးစက် မာနကြီးတဲ့ပုံစံ ရှိတယ်။ နောက်ပိုင်းကျရင် ဆိုးသွားတယ်။ ဆေးလိပ်တွေသောက် မူးယစ်ဆေးတွေသုံး အဲဒီမျိုးတော့ ကြိုးစားပြီးတော့ သရုပ်ဆောင်ထားတယ်” မေမြင့်မိုရ်က ပြောပါတယ်။
ယခင်က အောင်မြင်ခဲ့တဲ့ “အရိပ်” ရုပ်ရှင်ဇာတ်ကားထဲမှ စုစုလှိုင်ဟာ ယောင်္ကျားတွေအပေါ် အထင်မကြီးဘဲ စိတ်ထဲမှာ အငြိုးထားတတ်တဲ့ ကောင်မလေးဖြစ်ပြီး သူမရဲ့ စိတ်ရင်းအမှန်မှာတော့ နူးညံ့တဲ့ စိတ်ထားရှိတဲ့သူ ဖြစ်တာကြောင့် မာကြောခက်ထန်တဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ရမှာ ဖြစ်သလို နူးညံ့တဲ့ ဇာတ်ရုပ်ကိုလည်း သရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ကြိုးစားပြီး သရုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။
“အရိပ်” ဇာတ်လမ်းကတော့ ဝတ္ထုအနေဖြင့် အရမ်းကောင်းခဲ့သလို ဇာတ်ကားကြီးအနေဖြင့် ပြန်လည် ဖန်တီးခဲ့တဲ့ အခါမှာလည်း ပရိသတ်ရင်ထဲရောက်ခဲ့တဲ့အတွက် ယခုအခါတွင် ဇာတ်လမ်းတွဲအနေဖြင့် ဖန်တီးတဲ့အပေါ်မှာ ပရိသတ်များအနေနဲ့ ယခင်ကဇာတ်လမ်းများနဲ့ ထပ်တူ ကျမကျ ကို စောင့်ကြည့်လျက်ရှိတယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ် – “အရိပ်” ဇာတ်ကားမှာ စုစုလှိုင်အဖြစ် မေမြင့်မိုရ်က ပါဝင်သရုပ်ဆောင်မည်
The post “အရိပ်” ဇာတ်လမ်းထဲက စုစုလှိုင်ဖြစ်အောင် ကြိုးစားပြီး သရုပ်ဆောင်ထားတယ်ဆိုတဲ့ မေမြင့်မိုရ် appeared first on ဧရာဝတီ.