သရုပ်ဆောင် ဘေဘီမောင်က အခုချိန်မှာ အိမ်ထောင်မပြု ယောကျာ်းမလိုချင်ဘဲ ကလေးတော့ လိုချင်တယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“အပျိုကြီးတော့ မလုပ်ပါဘူး။ အသက် ၃၀ ကျော်ရင်တော့ အိမ်ထောင်ပြုမှာပါ။ ဒါပေမယ့် ညီမကလေ ယောကျာ်းတော့ မလိုချင်ဘူး၊ကလေးတော့ လိုချင်တယ်။ ကလေး ချစ်တတ်တာကိုးနော်။ သူများကလေးတွေမြင်ရင် ချစ်တယ်။ မြှူတယ်။ ကလေးထိန်းပေးရမယ်ဆို အနွံတာခံနိုင်တယ်။ ယောကျာ်း မလိုချင်ဘူးဆိုတာက ကိုယ်ချစ်တဲ့သူနဲ့တော့ လိုချင်တာပေါ့နော်။ ကံတရားလည်းရှိသေးတယ်လေ”လို့ ဘေဘီမောင်က ပြောပါတယ်။
“ကံ,ကံ၏ အကျိုးလေ။ ကံဇာတာအပေါ် မူတည်နေတော့ သူ့ကိုပဲချစ်လို့ယူမယ်လို့ မပြောရဲတော့ပါဘူး။ပြောပြီးတော့မှ စကားအဖတ်တင်ရင် သူလည်းမကောင်း၊ ကိုယ်လည်း မကောင်းဘူးလေ။ ဘုရားကလက်ထပ်ခွင့်ပေးတယ် ဆိုရင်တော့ သူနဲ့ပဲဆုံဆည်းရမှာပေါ့။လူတိုင်းကတော့ ကိုယ်ချစ်တဲ့သူနဲ့ပဲ လက်ထပ်ချင်တဲ့သူတွေကြီးပဲလေ” လို့ ဘေဘီမောင်က ဆိုပါတယ်။
အိမ်ထောင်ပြုဖြစ်ရင်လည်း ကိုယ့်အပေါ် နားလည်ပေးပြီး တန်ဖိုးထား၊ သစ္စာရှိတဲ့ အမျိုးသားမျိုးကိုုသာ လက်ထပ် ဖြစ်မယ်လို့လည်း ဆိုပါတယ်။ ဘေဘီမောင်က လက်ရှိအချစ်ရေးနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။
“ချစ်သူရယ်လို့လည်း မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူပဲရှိတာပါ။သူလည်းသူ့အလုပ်သူလုပ်၊ ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်လုပ်ဆိုတော့ Phblic မှာ ချပြစရာ မလိုဘူးလေ။ ဒါပေမယ့် အချိန်တန်လို့ရှိရင် ကံ၏ အကျိုးကြောင့် ညားကောင်း ညားနိုင်တာပေါ့နော်”လို့ ဘေဘီမောင်က ဆိုပါတယ်။
ဘေဘီမောင်ရဲ့ ချစ်သူက အနုပညာလောကထဲကတော့ မဟုတ်ဘူးလို့လည်း သိရပါတယ်။ ဘေဘီမောင်က လက်ရှိ အနုပညာအပြင် ပြင်ပ စီးပွားရေးကိုလည်း လုပ်ကိုင်နေပါတယ်။
“အခုဒီရာသီက ကားရိုက်တော့ နည်းနည်း ကျဲတယ်။ ကားရိုက်စိပ်ချင်ရင်တော့ နယ်ဆင်းရိုက်ကြတာ များတယ်။ ညီမက စီးပွားရေးလည်းလုပ်နေတဲ့အခါကျတော့ ၊အခုမှ အသစ်ပြန်လုပ်နေတဲ့အခါကျတော့ သေသေချာချာ နေသား သိပ်မကျသေးဘူး။ ညီမမရှိရင်အဆင်မပြေနိုုင်ဘူး”
“ရန်ကုန်မှာရှိတဲ့ရှုတင်ဆိုရင်တော့ အကောင်းဆုံးဖြစ်အောင် ရိုက်ပေးတယ်။ ရုပ်ရှင်လည်း မဟုတ်၊ ဗီဒီယိုကားဆိုရင်တော့ ညီမ နယ်ကိုဆင်းမရိုက်တော့ဘူး။ ဒီတော့ ဗီဒီယိုကတော့ကျဲတယ်။ရုပ်ရှင်ကားကြီးကတော့ ညီမ တနှစ်ကို ၂ကားလောက်တော့ ရိုက်ရပါတယ်” လို့ ဆိုပါတယ်။
ဘေဘီမောင်က နောက်ပိုင်းမှာ အနုပညာ အလုပ်များ မလုပ်ဖြစ်တော့တဲ့အခါမှာ စိတ်ကူးယဉ် အိပ်မက်တခုရှိ တယ်လို့ လည်းဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလို့လည်း အခုလိုဆိုပါတယ်။
“ညီမမှာ စိတ်ကူးတခုရှိနေတာက နိုင်ငံခြားမှာ အပြီးသွားနေချင်တယ်။အမေရိကားမှာ အဒေါ်တွေလည်း ရှိတဲ့အခါကျတော့ သူတို့ကလည်းခေါ်တယ်။ အဒေါ်တွေက ဆူရှီဆိုင်ဖွင့်ထားတာလေ။ ညီမက သွားရင်တော့ ကိုယ်တိုင် အလုပ်လုုပ်ဖို့သွားမှာ မဟုတ်ဘူး”
“ညီမရဲ့ဒီမှာရှိတဲ့အရင်းအနှီး၊ အိမ်တွေ၊မြေတွေ ရောင်းပြီးတော့ သိန်းတွေ ထောင်လောက် ချီပြီးယူသွားပြီးတော့ ဟိုမှာ ဘာစီးပွားရေးလုပ်ရင်ကောင်းမလဲပေါ့နော်။ ညီမက ကိုယ်ပိုင်စီးပွားရေး သွားလုပ်မှာ။ကိုယ်ကလမ်းကြောင်းရှိ ပြီးသားဖြစ်တဲ့အတွက် အခက်အခဲတော့မရှိဘူး။ နေထိုင်စရာလည်း အခက်အခဲ မရှိတဲ့အတွက် သွားနေဖို့ စိတ်ကူးနေပါတယ်” လို့ ဆိုပါတယ်။
နိုင်ငံခြားမှာသွားနေဖြစ်တဲ့အခါ မြန်မာပြည်ပြန်လာဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး ဘေဘီမောင်က သွားနေဖို့က ကျိန်းသေသလောက်ရှိနေပြီး အပြီးမနေဖြစ်ရင်လည်း ၃၊ ၄ နှစ်တော့ နေဖို့ စီစဉ်ထားတယ်လို့ လည်း ဆိုပါတယ်။
“ညီမက မြန်မာပြည်ကြီးကိုတော့ ပိုချစ်ပါတယ်။ ဗုဒ္ဓဘာသာ နိုင်ငံလည်းဖြစ်ပြီး ဘုရားသွားကျောင်းတက်လည်း နေနိုင်လို့ပါ။ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ ဘုရားရှိနေရင် ဘယ်နေရာမဆို နေလို့ရတယ်ဆိုတဲ့စိတ် ပြန်မွေးတယ်။ညီမဘဝအတွက် တိုးတက်ရာတိုးတက်ကြောင်းတွေလုပ်ရဦးမယ်”
“အခုအနုပညာကလည်း ခေတ်ကသိပ်ကောင်းတာ မဟုတ်သလို ညီမကလည်း အရမ်းကြီးရိုက်ရတဲ့အထဲမှာ မပါဘူး။ဒါကြောင့် နိုင်ငံခြားမှာ စီးပွားရေးသွားလုပ်ချင်စိတ်တွေ ပေါ်လာလို့ပါ။သွားဖို့ကတော့ကျိန်းသေတယ်။အမေ့ကိုလည်းသေချာလုပ်ပေးပြီးမှ သွားမှာပါ”လို့ ဆိုပါတယ်။
ဘေဘီမောင်က သရုပ်ဆောင်အပြင့် သီချင်းဆိုခြင်း၊ ပြင်ပ စီးပွားရေးလုပ်ငန်းများကိုပါ လုပ်ကိုင်နေတဲ့သူတဦးလည်း ဖြစ်ပါတယ်။
The post “အခုချိန်မှာ ယောကျာ်း မလိုချင်ဘူး၊ ကလေးတော့ လိုချင်တယ်” ဆိုတဲ့ ဘေဘီမောင် appeared first on ဧရာဝတီ.