“Avengers: Infinity War” ရုပ်ရှင်ဟာ နောက်ထပ် မှတ်တိုင်သစ်တခုကို စိုက်ထူနိုင်လိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ ဖြန့်ချိခဲ့ချိန်ကတည်းက စံချိန်တွေချိုးခဲ့တဲ့ Marvel ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ရုပ်ရှင်ဟာ အခုဆိုရင် ရုံဝင်ငွေ ဒေါ်လာ ၂ ဘီလီယံကျော် ရရှိတဲ့ ရုပ်ရှင် ၄ ကားစာရင်းမှာ ဝင်သွားခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာကြီးကို ကယ်တင်မယ့် စူပါဟီးရိုးတွေ ပါဝင်တဲ့ အဲဒီရုပ်ရှင်ဟာ ကမ္ဘာတဝန်း ရုပ်ရှင် လက်မှတ်ရောင်းချရတဲ့ စံချိန်တွေကို ချိုးခဲ့ပြီးဖြစ်ပါတယ်။
Infinity War ရုပ်ရှင်ဟာ ဖြန့်ချိပြီး သီတင်း ၇ ပတ်အကြာ၊ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့မှာ အဲဒီစံချိန်ကို ရောက်ရှိခဲ့တာ ဖြစ်တယ်လို့ The Walt Disney Co. က ဇွန် ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။ ရုံဝင်ငွေ ဒေါ်လာ ၂ ဘီလီယံ ကျော်ရရှိ ထားတဲ့ အခြားရုပ်ရှင်တွေကတော့ “Avatar”, “Titanic” နဲ့ “Star Wars: The Force Awakens” ရုပ်ရှင်တို့ပဲ ဖြစ်ပါတယ်။
“Avengers: Infinity War” ရုပ်ရှင်ဟာ လက်ရှိမှာတော့ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့မှာ ဒေါ်လာ ၆၅၆ ဒဿမ ၁ သန်းနဲ့ ရုံဝင်ငွေ ပဉ္စမမြောက်အများဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဒါ့အပြင် စတင်ပြသခဲ့တဲ့ သီတင်းပတ် လကုန် ပိုင်းမှာ ဒေါ်လာ ၂၅၇ ဒဿမ ၇ သန်း ရရှိထားတဲ့ စံချိန်သစ်ကိုလည်း တင်ထားခဲ့ပါတယ်။
တရုတ်နိုင်ငံမှာလည်း ရုံဝင်ငွေ ဒေါ်လာ ၃၆၉ ဒဿမ ၇ သန်း ရရှိထားပြီး တတိယမြောက် ရုံဝင်ငွေ အများဆုံး နေရာမှာ ရပ်တည်နေပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ အအောင်မြင်ဆုံးဟောလိဝုဒ်ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင့် တောင်ကိုရီးယား၊ မက္ကဆီကို၊ ဘရာဇီး၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံတို့မှာ အဖွင့်ပွဲ ပြသတဲ့နေ့ ရုံဝင်ငွေအများဆုံး ရရှိခဲ့တဲ့ စံချိန်ကိုလည်း တင်ခဲ့ပါတယ်။
အခုရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကိုတော့ လာမယ့်နှစ် မေလမှာ ဖြန့်ချိပြသဖို့ စီစဉ်ထားပါတယ်။ လာမယ့် ၂၀၁၉ ခုနှစ်မှာတော့ Captain Marvel ရုပ်ရှင်နဲ့အတူ Spider-Man: Homecoming ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကိုလည်း မြင်တွေ့ကြရဦးမှာပါ။ အဲဒီရုပ်ရှင်နှစ်ခုလုံးဟာ ဒေါ်လာ ၁ ဘီလီယံနီးပါး ရရှိလိမ့်မယ်လို့ Forbes အစီရင်ခံစာ တခုမှာ ဖော်ပြထားပါတယ်။ Avengers 4 ရုပ်ရှင်ဟာလည်း ဒေါ်လာ ၂ ဘီလီယံကျော် ဝင်ငွေ ရရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
Ref: indianexpress
The post ကမ္ဘာတဝန်း ရုံဝင်ငွေ ဒေါ်လာ ၂ ဘီလီယံကျော်သွားတဲ့ “Avengers: Infinity War” ရုပ်ရှင် appeared first on ဧရာဝတီ.