မကြာသေးမီအချိန်က အသက် ၃၄ နှစ် ပြည့်သွားခဲ့တဲ့ မအေးသောင်း(ခ) အေးဝတ်ရည်သောင်းကတော့ သူမရဲ့ အသက်နဲ့ ပတ်သက်ပြီး ဝေဖန်များနဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့ ပြန်လည်ဖြေရှင်းမှုများလည်း ပြုလုပ်ခဲ့ပါတယ်။
ဝေဖန်ခံခဲ့ရတဲ့ အသက် ၃၄ နှစ် မွေးနေ့နဲ့ ပတ်သက်ပြီး ပြောဆိုနေမှုများအပေါ် “အဲဒါလေးကတော့ လိုအပ်မယ် ထင်လို့ပါ။ တကယ်တမ်းတော့ အသက်ထက် ကိုယ်ကပတ်ဝန်းကျင်ကို ဘယ်လောက်ထိ အကျိုးပြုလဲ။ အကျိုးပြုတဲ့သူ ဖြစ်မှာလဲ။ ပြီးတော့ ကိုယ်ဘယ်လောက်ထိ ကောင်းတဲ့သူ ဖြစ်မှာလဲဆိုတာ ပိုအရေးကြီးတယ်လို့ ထင်ပါတယ်”လို့ မအေးသောင်းက ပြောပါတယ်။
မအေးသောင်းက အသက်နဲ့ပတ်သက်ပြီး မွေးနေ့ပြီးသွားတဲ့အချိန်မှာ ဝေဖန်မှုများ များပြားလာတဲ့အတွက် သူမရဲ့ Facebook အကောင့်မှ တဆင့် မှတ်ပုံတင်၊ Passport နဲ့တကွ ရေးသားတင်ကာ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
“အစ်မက ဘာမှ မဖြစ်ဘူး။ အဖေက စိတ်မကောင်းဖြစ်နေတာ။ သမီးကို အသက် ၄၀ ပြောတော့ ကိုယ်အသက်ကြီးသွားလို့ မဟုတ်ဘူး။ သူအသက်ကြီးသွားလို့ စိတ်မကောင်းဖြစ်နေတာ။ ဘယ်လိုမှ မခံစားရပါဘူး။ ပုံမှန်အတိုင်းပါပဲ။ အဲဒီလိုမျိုးတွေက အခုလိုမျိုး မွေးနေ့ကျမှ ပြောကြတယ် ထင်တာပါ။ တကယ်တမ်း အရင်တုန်းကတည်းက အသက်နဲ့ ပတ်သက်ပြီး ဇဝေဇဝါဖြစ်တာလေးတွေက အများကြီးပါပဲ” လို့ မအေးသောင်းက ပြောပါတယ်။
မအေးသောင်းကတော့ တကျော့ပြန် ပြန်လည်အောင်မြင်လာခဲ့ပြီးနောက်မှာ တဖက်မှာလည်း အားပေးမှုများရှိသလို တဖက်မှာလည်း ဝေဖန်မှုများ ရှိနေပါတယ်။ ဒါပေမယ့် ဒီလို ဝေဖန်မှုကိုလည်း သဘောကျတယ်လို့ ပြောပါတယ်။
“ကိုယ့်အပေါ်မှာ ကောင်းတာရော၊ ဆိုးတာရော ဝေဖန်တာကို သဘောကျတယ်။ ကောင်းတဲ့သူ တယောက်တည်း ရှိပြီးတော့လည်း အပေါ် မတက်နိုင်ဘူး။ လိပ်ပြာလိုပဲ အတောင် ၂ ဖက်နဲ့ ကောင်းတဲ့သူရော၊ ဆိုးတဲ့သူရော ၂ ဖက်လုံး အသုံးပြုပြီးတော့မှ အပေါ်ကို ပျံတက်နိုင်မှာ။ ဆိုးတဲ့သူတွေရှိနေတာလည်း သဘောကျတယ်။ ကောင်းတဲ့သူတွေ ရှိနေတာလည်း သဘောကျတယ်” လို့ မအေးသောင်းက ပြောပါတယ်။
မအေးသောင်းက လတ်တလောမှာ ကြော်ငြာများနဲ့ ဓာတ်ပုံများရိုက်ကူးနေပြီး ၈ လပိုင်းမှာတော့ ဇာတ်လမ်းတွဲ တခုရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။ သရုပ်ဆောင် အေးဝတ်ရည်သောင်းက အနုပညာလောကမှ ၅ နှစ်ကြာ ပျောက်သွားပြီး မအေးသောင်းဆိုတဲ့ နာမည်နဲ့ Facebook အသုံးပြုရာမှာ ပရိသတ်ပေးက ဒီနာမည်နဲ့ ပိုမိုအားပေးခဲ့လို့ တကျော့ပြန်လည် အောင်မြင်လာခဲ့ကာ ရုပ်ရှင်ဇာတ်ကားကြီးများလည်း ရိုက်ကူးလာခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ် –
အသက် ၃၄ နှစ် အမှန်ဖြစ်ကြောင်း ပြန်ဖြေရှင်းနေရတဲ့ မအေးသောင်း
The post “ လက်ရှိ အသက်ထက် အရေးကြီးတာတွေ ရှိတယ်”ဆိုတဲ့ မအေးသောင်း appeared first on ဧရာဝတီ.