Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သူများသီချင်းနဲ့ ရပ်တည်တာ သူများ နှာခေါင်းပေါက်နဲ့ အသက်ရှုတာပဲ”လို့ဆိုတဲ့ ချစ်ကောင်း

$
0
0

ဂီတလောကမှာ နှစ် ၃၀ ကျော်ကြာ သီချင်းတွေကို ပရိသတ်ရင်ထဲ ရောက်အောင် သီဆိုတတ်တဲ့ အဆိုတော် ချစ်ကောင်းက လက်ရှိမှာ သီချင်းဆိုပြိုင်ပွဲများ ကြည့်ဖြစ်ပေမယ့် အကဲဖြတ်ဒိုင်တော့ မလုပ်ဖြစ်ပါဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“ပြိုင်ပွဲလေးတွေ ကြည့်ဖြစ်တယ်။ ကျနော့်ကို ဒိုင်လုပ်ဖို့လည်း ကမ်းလှမ်းပါတယ်။ တာဝန်ကြီးလို့ လက်ရှောင်ပါတယ်။ အန္တရာယ်လည်း ကြီးပါတယ်။ ဒိုင်လုပ်ရင် ပိုက်ဆံရတယ်။ ပြိုင်ပွဲဝင်တွေကို ပျစ်ပျစ်နစ်နစ် ဝေဖန်လိုက်ရမှာတို့ အတိုင်းထက် လွန်ကြီး ချီးမြှောက်ပြီး ပြောရမှာတို့ ကျနော် မပြောတတ်ဘူး။ ကျနော်နဲ့ အဆင်မပြေလောက်ဘူး။ ကျနော်က ဒဲ့သမား။ ဒါကြောင့် မလုပ်ဖြစ်တာပါ” လို့ အဆိုတော် ချစ်ကောင်းက ဧရာဝတီကို ပြောပါတယ်။

ဒီနေ့ခေတ် အဆိုပြိုင်ပွဲတွေများစွာ ရှိလာတာနဲ့အမျှ ဒီလိုပြိုင်ပွဲတွေ ရှိတာ ကောင်းသလို၊ မရှိတာလည် းကောင်းတယ်လို့ မြင်မိကြောင်း ချစ်ကောင်းက ဆိုပါတယ်။

“ဒီလိုပွဲလေးတွေ ရှိတာကောင်းတယ်။ အဆိုးအကောင်း အမြဲတွေးပါတယ်။ ကလေးတွေအတွက်တော့ ကောင်းတယ်။ ကြိုးစားချင်စိတ်တွေ ဖြစ်ချင်စိတ်တွေနဲ့ ကောင်းတယ်။ ကျနော်တို့ အတွက်ကတော့ မကောင်းဘူး။ မကောင်းဘူးဆိုတာက ကျနော်တို့တုန်းက ကိုယ့်ဟာကိုယ် ရုန်းခဲ့ရတာ ကိုယ့်သီချင်းကိုယ် ဆိုပြီး တက်တာ။ ဒီဘက်ကလေးတွေက သူများ သီချင်းဆိုပြီး တက်တာ။ ရှိုးတခု လုပ်တယ်။ ကိုယ်တို့က ကိုယ်တို့သီချင်း ကိုယ်တို့ဆိုတယ်။ သူတို့က သူများသီချင်း ဆိုပြီး အခကြေးငွေ ယူသလို ဖြစ်နေတယ်။ အဲ့တာတော့ သတိထားဖို့တော့ လိုတယ်” လို့ ချစ်ကောင်းက ဆိုပါတယ်။

“အောင်မြင်စေချင်ပါတယ်။ အောင်မြင်တာကို လက်ခံတယ်။ ကျနော်တို့ကတော့ ဂိတာပေါ့။ ကျနော်တို့ သီချင်းတွေ ဆိုလိုက်တဲ့ အခါ ကျနော်တို့ကို မငှားတော့ဘူးလေ။ မငှားတော့ ကျနော်တို့က ပါးစပ်လှုပ်မှ ပါးစပ်လှုပ်ရမှာကိုး။ ကျနော်တို့က သီချင်းဆိုမှ ထမင်းစားရမှာလေ” လို့ ချစ်ကောင်းက ဆက်ပြောပါတယ်။

“သူတို့ကောင်းတာကိုလည်း ကျနော်တို့ မေတ္တာပဲ ထားပါတယ်။ ဒီလိုပဲ အောင်မြင်တဲ့ ကလေးတွေနဲ့ပဲ တူတူသွားနေတာပါ။ ဒါပေမယ့် ကိုယ့်အင်၊ ကိုယ့်အား၊ ကိုယ့်မှတ်တိုင်တခုကိုတော့ ထောင်နိုင်အောင်၊ ထူနိုင်အောင် လုပ်ဖို့လိုတယ်။ သူများ သီချင်းနဲ့ ရပ်တည်တာ သူများ နှာခေါင်းပေါက်နဲ့ အသက်ရှူတာပဲ။ ဒါမျိုးတော့ မဖြစ်သင့်ဘူး။ ကိုယ့်သီချင်း ကိုယ်ဆိုပြီး ကိုယ့်ပရိသတ်ကို ဘယ်လိုပေးလိုက်မယ် ဆိုတဲ့ဟာမျိုးကို ဖြစ်စေချင်တာ။ ကြိုးလည်း ကြိုးစားကြပါတယ်။ ကျနော် မလိုလို့ ပြောတာမျိုး မဟုတ်ပါဘူး။ ကျနော်တို့လည်း ခံရခက်တယ်’’လို့ ချစ်ကောင်းက ဆိုပါတယ်။

အဆိုပြိုင်ပွဲဝင် မျိုးဆက်သစ်တွေအနေနဲ့ ကိုယ့်အလုပ်ပေါ်မှာ သစ္စာရှိရှိ အလုပ်လုပ်ဖို့ကိုလည်း အဆိုတော်ချစ်ကောင်းက အကြံပေးစကား ဆိုပါတယ်။

“အကြံပေးချင်တယ်။ ကြိုးစားပါ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပါ။ မှတ်တိုင်ထူပါ။ ကျနော်တို့ဆို နှစ်ပေါင်းများစွာ မှတ်တိုင်ထူခဲ့ကြတယ်။ အဲ့ထူခဲ့တဲ့ မှတ်တိုင်ကို ကိုယ်တိုင်ထူဖို့၊ မလဲအောင် လုပ်ဖို့က ကိုယ့်ကိစ္စ။ ကျနော်ဆို ကိုယ့်ဟာကိုယ် ပြိုင်တယ်။ ချစ်ကောင်းဖြစ်လာတဲ့ အချိန်မှာ ချစ်ကောင်းက ချစ်ကောင်းကို ပြန်ထိုးနှက်ရတယ်။ သူများနဲ့ ပြိုင်စရာ မလိုဘူး။ ကိုယ့်ကိုယ်ကို ယှဉ်ပြိုင်နိုင်တဲ့ အချိန်တခုရောက်အောင် လုပ်ပါ” ချစ်ကောင်းက ဆိုပါတယ်။

အဆိုတော် ချစ်ကောင်းက မကြာခင်မှာ တကိုယ်တော် တေးစီးရီး ထွက်ရှိတော့မှာ ဖြစ်ပြီး အွန်လိုင်းကနေလည်း ပရိသတ်တွေ အတွက် သီချင်းသစ်များ တင်သွားမယ်လို့လည်း ဆိုပါတယ်။

The post “သူများသီချင်းနဲ့ ရပ်တည်တာ သူများ နှာခေါင်းပေါက်နဲ့ အသက်ရှုတာပဲ”လို့ဆိုတဲ့ ချစ်ကောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...