မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးတဦးဖြစ်တဲ့ ထပ်ဆင့် အကယ်ဒမီ ဝတ်မှုံရွှေရည်က ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးတဲ့ အခါ သူမထံရောက်ရှိလာတဲ့ ဇာတ်လမ်းများထဲမှ ပရိသတ်အတွက် ကြည့်ရကျို းနပ်စေမယ့် ဇာတ်ကားမျိုးတွေကို ရွေးချယ်ပြီး ရိုက်ကူးဖြစ်တယ်လို့ ဆိုပါတယ်။
“ဇာတ်ကတော့ ရွေးပါတယ်။ တော်တော်ရွေးတဲ့ထဲမှာ ပါပါတယ်။ ဒီကားက ကစ်ရဲ့ တနှစ်လုံးမှာမှ တတိယမြောက် ရိုက်ဖြစ်တဲ့ ကားပါ။ ကစ် လုပ်ကွက်ကို အရမ်းကြီး ဦးစားပေးတာတော့ မဟုတ်ဘူး။ ကစ် ဇာတ်ကားတွေ ကြည့်ရင် သိမှာပါ။ တချို့ကားတွေက ကိုယ်လုပ်ကွက်ရမှ ကိုယ့်ဇာတ် ဖြစ်မှ ရိုက်တဲ့ကားတွေ မဟုတ်ဘူး။ တချို့ကားတွေမှာဆို မင်းသား အတွက်ကို ဇာတ်ပို့ ပေးလိုက်ရတယ်။ အဲဒီလိုမျိုး ကားတွေလည်း ရိုက်ပါတယ်”လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။
“ပြီးတော့ ဇာတ်လမ်းကောင်းတယ် ဆိုရင်လည်း ကိုယ့်လုပ်ကွက်တွေ ဘာတွေ သိပ်မကြည့်ဘူး။ ပရိသတ်အတွက် ကြည့်ရကျိုး နပ်တဲ့ ကားကောင်း ၁ ကားဖြစ်မယ့် ကားမျိုးကို ရွေးပြီး ရိုက်ပါတယ်”လို့ ဝတ်မှုံရွှေရည်က ဆိုပါတယ်။
ဝတ်မှုံရွှေရည်က မကြာခင်မှာလည်း “ဒဏ္ဍာရီမိုး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသား ၃ ယောက်နဲ့အတူ တွဲဖက် သရုပ်ဆောင်သွားဖို့ ရှိပြီး အဲဒီဇာတ်ကားကိုတော့ ပရိသတ်အတွက် ဇာတ်လမ်းကောင်းလေး ဖြစ်မယ်ထင်လို့ လက်ခံခဲ့တာလို့ ဆိုပါတယ်။ အဲဒီ ဇာတ်ကားမှာတော့ သရုပ်ဆောင် မင်းသား ၃ ဦး နဲ့အတူ တွဲဖက် သရုပ်ဆောင်ရမှာ ဖြစ်ပြီး ပါဝင်ကြတဲ့ မင်းသားတွေကတော့ ရဲတိုက်၊ ဒေါင်းနဲ့ ရွှေထူးတို့ပဲ ဖြစ်ပါတယ်။
“လက်ခံဖြစ်တာကတော့ ဇာတ်လမ်းပေါ့။ ပရိသတ်အတွက် ဇာတ်လမ်းကောင်းလေး ဖြစ်မယ်ထင်လို့ လက်ခံဖြစ်တာပါ။ အတွဲဆန်းတယ်လို့ ခံစားရတယ်။ ကိုရဲတိုက်နဲ့လည်း မဆုံတာ တော်တော်ကို ကြာပြီ။ ဒေါင်းနဲ့ကလည်း ရှေ့မှာ သရဲကား ရိုက်ထားပေမယ့် ဆုံရတဲ့အခန်းက နည်းတယ်ပေါ့။ ရွှေထူးနဲ့ကလည်း ပထမဆုံးကားပါ” လို့ ဝတ်မှုံရွှေရည်က ဆိုပါတယ်။
The post “ပရိသတ်တွေ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားတွေပဲ ရွေးပြီး ရိုက်တယ်” ဆိုတဲ့ ဝတ်မှုံရွှေရည် appeared first on ဧရာဝတီ.