ကနေဒါအဆိုတော် Shawn Mendes ဟာ နာမည်ကျော ်တောင်ကိုရီးယား အမျိုးသားအဆိုတော် အဖွဲ့ဖြစ်တဲ့ Bangtan Boys (ခေါ်) BTS အဖွဲ့နဲ့အတူ သူအဆိုပြုထားတဲ့ ပူးတွဲသီချင်း ဖန်တီးမှုကို ပြုလုပ်မှာ ဖြစ်တယ်လို့ ကတိပေး ပြောဆို လိုက်ပါတယ်။
“There’s Nothing Holdin’ Me Back” သီချင်းအဆိုတော် Shawn ဟာ ပြီးခဲ့တဲ့နှစ်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်ဂီတ ဆုပေးပွဲမှာ BTS အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး အဖွဲ့ရဲ့ တရားဝင် Youtube ချန်နယ်မှာ ဖော်ပြခဲ့တဲ့ စကားပြောဆိုမှုမှာတော့ သူတို့ဟာပူးတွဲ ပရောဂျက် တခုအတွက် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။
သူတို့နှစ်ဖက်လုံးဟာ အဲဒီအချိန်ကစလို့ သူတို့ရဲ့ အစီအစဉ်တွေအကြောင်း ပရိသတ်တွေကို ဆက်လက် ပြောကြား နေခဲ့ပေမယ့် တခုခုထူးခြားတဲ့ ရလဒ်မျိုး ထွက်ပေါ်လာတာတော့ မရှိသေးပါဘူး။ အခုတော့ အဆိုတော် Shawn က အဖွဲ့ရဲ့ ကျပ်တည်းတဲ့ အချိန်ဇယားကြားမှာ သီချင်းကို ဖန်တီးဖို့ ခက်ခဲတဲ့အကြောင်း ဝန်ခံလိုက်ပြီး ကြိုးစားမယ်လို့ ကတိပေး လိုက်တာလည်း ဖြစ်ပါတယ်။
အဆိုတော် Shawn က “နောက်ဆုံးပူးတွဲ သီဆိုမှု တခုအနေနဲ့ ပြောရမယ်ဆိုရင် သူတို့ဟာ အချိန်ရဖို့ တော်တော် လေး ခက်တဲ့အဖွဲ့ပါ။ သူတို့ဟာ အလုပ်များတဲ့ သူတွေပါ။ သူတို့ပူးတွဲ တေးသီချင်းအတွက် ကျနော့်မှာ စာသားတောင် မရှိသေး ပါဘူး” လို့ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာ ပြုလုပ်တဲ့ The Roz & Mocha Show မှာ ပြောကြားလိုက်ပါတယ်။
ဒါပေမယ့် အဆိုတော် Shawn က မျှော်လင့်ချက်ကို လက်လျှော့ကို ငြင်းဆန်ထားတာဟာ သူတို့အဖွဲ့ရဲ့ ပရိသတ် တယောက် ဖြစ်တာကြောင့်လို့ ဆိုထားပြန်ပါတယ်။ သူက “ဖြစ်လာမှာပါ။ ကတိပေးပါတယ်။ ရက်တော့ အတိအကျ မပေးနိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အတူတူ ထပ်မတွေ့ရသေးသလို သီချင်းလည်း မရေးရသေးပါ ဘူး။ ဒါပေမယ့် ဖြစ်လာမှာပါ။ ကျနော့်သူတို့ကို သဘောကျတဲ့အတွက် သူတို့ရဲ့ ပရိသတ်ဖြစ်တဲ့ တွက်ကြောင့် ကျနော် ကတိပေးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အဆိုတော် Shawn နဲ့ BTS အဖွဲ့ဝင်တွေဟာ ဒီနှစ်အတွင်းမှာ အတူတူတွေ့ဆုံနိုင်ခဲ့ခြင်း မရှိခဲ့သေးတာက အထူးအဆန်း တော့ မဟုတ်ပါဘူး။ ကနေဒါ အဆိုတော်ရဲ့ ကိုယ်တိုင်နာမည်ပေးထားတဲ့ အယ်လ်ဘမ်ဟာ အခုလ အစောပိုင်းမှာ U.S. Billboard 200 စာရင်းမှာ ထိပ်ဆုံးရောက်ခဲ့သလို ကနေဒါအဆိုတော် ဂျက်စတင်ဘီဘာနဲ့ မိုင်လီဆိုင်းရပ်စ်တို့ရဲ့ အနောက်မှာ နံပါတ် ၁ အယ်လ်ဘမ် ၃ ချပ်ထုတ်ဝေနိုင်တဲ့ တတိယမြောက် အဆိုတော် ဖြစ်လာခဲ့ပါတယ်။
BTS အဖွဲ့ဟာလည်း “Love Yourself: Tear” အယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပြီးတဲ့နောက် Billboard 200 ကိုရောက်ရှိတဲ့ ပထမဆုံး ကိုရီးယား အယ်လ်ဘမ် ဖြစ်လာခဲ့ပြီး အမေရိကန် ဂီတဇယားသမိုင်းမှာ မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါတယ်။
Ref: aceshowbiz
The post BTS အဖွဲ့နဲ့အတူ ပူးတွဲသီချင်းဖန်တီးမည်ဟု ကနေဒါအဆိုတော် Shawn Mendes ကတိပြု appeared first on ဧရာဝတီ.