မင်းသား Liam Hemsworth နဲ့ အဆိုတော် Miley Cyrus တို့ဟာ လျှို့ဝှက်လက်ထပ်ပွဲ ကျင်းပခဲ့သလားဆိုတဲ့ ကောလာဟလ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။ အဲဒီကောလာဟလကို Life & Style မဂ္ဂဇင်းက စတင်ခဲ့တာ ဖြစ်ပြီး သူတို့နှစ်ဦးဟာ စေ့စပ်ပြီး ၂ နှစ်အကြာ၊ Malibu မြို့မှာ လျှို့ဝှက်အခမ်းအနားတခုနဲ့ လက်ထပ်ခဲ့ကြတာဖြစ်တယ်လို့ ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။
HollywoodLife.com မီဒီယာထံကို အတွင်းသတင်းတခုက “သူတို့နှစ်ဦးဟာ ဒီတကြိမ်မှာတော့ တကယ့်ကို အမှန်အကန် လုပ်ချလိုက်ပါပြီ။ Liam နဲ့ Miley ဟာ အဆိုတော်ရဲ့ Malibu အိမ်ကြီးမှာ လျှို့ဝှက်လက်ထပ်ပွဲကို မကြာသေးခင်က ပြုလုပ် ခဲ့တာပါ။ လက်ထပ်ပွဲ လုပ်ခဲ့တယ် ဆိုတဲ့ အထောက်အထားကို အိမ်နီးနားချင်းတွေကတော့ မတွေ့ခဲ့ရပါဘူး။ ကလေးတွေက နေရာတိုင်းမှာ ပြေးလွှားနေခဲ့ပါတယ်။ Hippie စတိုင် လက်ထပ်ပွဲတခု ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဆိုတော် Miley ရဲ့ မိဘတွေဖြစ်တဲ့ Billy Ray Cyrus နဲ့ Trish တို့အပြင် သူ့ရဲ့မောင်နှမ ၄ ယောက်လည်း တက်ရောက် လာခဲ့တာကို တွေ့ရပါတယ်။ သြစတေးလျမင်းသား Liam ရဲ့ မိသားစု ဘက်မှာတော့ ညီအစ်ကိုတွေဖြစ်ကြတဲ့ မင်းသား Chris နဲ့ Luke Hemsworth တို့ အပါအဝင် တခြားသူတွေလည်း လက်ထပ်ပွဲကို တက်ရောက်ခဲ့ပါတယ်။
အတွင်းသတင်းရဲ့ အဆိုအရ Miley ဟာ အဖြူရောင်၊ ပန်းသွေးခြယ် ဝတ်စုံကို ဝတ်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ဧည့်သည်တော်တွေကို လက်ထပ်ပွဲမှာ သက်သက်လွတ်နဲ့ အော်ဂဲနစ် အစားအစာတွေနဲ့ ဧည့်ခံခဲ့ပါတယ်။
လက်ထပ်ပွဲလာ ဧည့်သည်တွေကို ဖျော်ဖြေတဲ့အနေနဲ့ Miley ဟာ အဆိုတော် Dolly Parton ရဲ့ “Island in the Stream” သီချင်းကို ပြန်လည်သီဆိုခဲ့ပါတယ်။ သူရဲ့ သူငယ်ချင်း အဆိုတော် Wayne Coyne ကလည်း အချစ်သီချင်းတွေကို သီဆိုဖျော်ဖြေခဲ့ပါတယ်။
သတင်းရင်းမြစ်တခုက “သူတို့ဟာ သူတို့ရဲ့ အချစ်တွေ၊ သူတို့တွေရဲ့ သူငယ်ချင်းတွေနဲ့အတူ နေထိုင်ကြီးပြင်း သွားလိုတဲ့ အကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။ အိမ်ထဲမှာတော့ တချို့ကတော့ မျက်ရည်ကျ ခဲ့ကြပါတယ်” လို့ ပြောကြားခဲ့ ပါတယ်။ သူတို့နှစ်ဦးဟာ Liam ရဲ့မိသားစုနဲ့အတူ လက်ထပ်ပွဲကို ကျင်းပဖို့ သြစတေးလျနိုင်ငံကို သွားကြဦးမှာ ဖြစ်တယ်လို့ အတွင်းသတင်းက ဆိုပါတယ်။ ဒါပေမယ့် အခုလိုမျိုး လျှို့ဝှက်လက်ထပ်ပွဲ သတင်းနဲ့ ပတ်သက်လို့ Liam နဲ့ Miley တို့က တုန့်ပြန် ပြောဆိုထားတာတော့ မရှိသေးပါဘူး။
သူတို့နှစ်ဦး လျှို့ဝှက်လက်ထပ်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒီနှစ် အစောပိုင်းမှာလည်း New South Wales ကမ်းရိုးတမ်းမှာရှိတဲ့ Byron Bay ကို သွားရောက် လည်ပတ်စဉ်မှာ လျှို့ဝှက် အခမ်းအနား တခုနဲ့ လက်ထပ်ခဲ့ကြတယ်ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ပါသေးတယ်။ သူတို့ နှစ်ဦးဟာ ၂၀၁၂ ခုနှစ်မှာ စေ့စပ်ခဲ့တာ ဖြစ်ပေမယ့် တနှစ်လောက် ပြတ်သွားကြပါသေးတယ်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာတော့ Byron Bay မှာ နှစ်သစ်ကူးကာလကို အတူဖြတ်သန်းရင်း အချစ်ဇာတ်လမ်းကို ပြန်ဆက်ခဲ့ပါတယ်။
Ref:aceshowbiz
The post လျှို့ဝှက် မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ မင်းသား Liam Hemsworth နဲ့ အဆိုတော် Miley Cyrus appeared first on ဧရာဝတီ.