ယခုနှစ် အတွင်းမှာ ပရိသတ် စိတ်ဝင်စားမှု အများဆုံး ရုပ်သံဇာတ်လမ်းတွဲ တခုဖြစ်တဲ့ “Mr. Sunshine” ဟာ အပတ်စဉ် ရုပ်သံအစီအစဉ် ဇယားမှာ နံပါတ် ၁ နေရာကနေ ရပ်တည်နေတယ်လို့ ဇူလိုင်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေထဲမှာ ဖော်ပြထားပါတယ်။
၁၉၀၀ ပြည့်လွန်နှစ် အစောပိုင်းကာလတုန်းက ဂျိုဆွန်းခေတ်မှာ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မှတ်တမ်း မတင်ခံလိုက်ရတဲ့ သူရဲကောင်းတွေအကြောင်း ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ ဒရာမာဟာ ဇူလိုင်လ ၂ ရက်နေ့ က ၈ ရက်နေ့အထိ အပတ်စဉ် Content Power Index အညွှန်းကိန်းမှာ အမှတ် ၂၃၅ ဒဿမ ၄ မှတ် ရရှိထားတာကို တွေ့ရပါတယ်။
“Descendants of the Sun” နဲ့ “Guardian: The Lonely and Great God” တို့လို နာမည်ကျော် ဇာတ်လမ်း တွေကို ရေးသားခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ Kim Eun Sook က ရေးသားပေးထားတဲ့ အဲဒီဇာတ်လမ်းတွဲဟာ ကနဦး ထုတ်လုပ်မှု ကုန်ကျစရိတ်အများဆုံးနဲ့ ကိုရီးယားဖျော်ဖြေရေး လုပ်ငန်းမှာ လူပြောများခဲ့ပြီး ၉ နှစ်အတွင်း ပထမဆုံး ဒရာမာမှာ ပါဝင်လာတဲ့ မင်းသား လီဗြောင်ဟွန်းကြောင့် ပရိသတ် ပိုမိုစိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် နာမည်ကျော် ဇာတ်လမ်းတွဲ ၂ ခုမှာ ဇာတ်ညွှန်းရေးဆရာမ Kim နဲ့အတူ တွဲဖက်ပါဝင်ခဲ့တဲ့ ထုတ်လုပ်သူ Lee Eung Bok က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ပြသခဲ့တဲ့ ပထမဆုံး အပိုင်းနှစ်ခုမှာတော့ မိဘတွေ သေဆုံးခဲ့ပြီးတဲ့နောက် ဂျိုဆွန်း ပြည်ကနေ ထွက်ပြေးသွားခဲ့ပြီး အမေရိကန် မရိန်းတပ်ဖွဲ့က ဗိုလ်မှူး Eugene Choi ဖြစ်လာတဲ့ Choi Yoo-jin နဲ့ ဂျပန် ကိုလိုနီ ကျူးကျော်သူတွေကို တိုက်ခိုက်ခဲ့တဲ့ အထက်တန်းလွှာက သူဌေးသမီးလေး Ko Ae-shin တို့ရဲ့ ဇာတ်ကြောင်းကို ပုံဖော် ထားပါတယ်။
ဇာတ်ကားရဲ့ ပထမဆုံးအပိုင်း နှစ်ပိုင်းဟာလည်း လူကြည့်နှုန်းနေရာမှာ tvN ရုပ်သံလိုင်းရဲ့ စံချိန်တင်ဇာတ်လမ်းတွဲ “Guardian” ကို ကျော်တက်သွားခဲ့ပါတယ်။
ဇူလိုင်လ ၇ ရက်နေ့မှာ ပထမဆုံးအပိုင်း မပြသမီပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒါရိုက်တာက “ဂျပန်တို့ ကိုရီးယားကို သိမ်းပိုက်ထားတဲ့ ၁၉၃၀ ပတ်ဝန်းကျင်ကာလမှာ ဇာတ်အိမ်တည်တဲ့ ဒရမ်မာ တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် ဂျပန်တွေရဲ့ ကျူးကျော်မှုကနေ နိုင်ငံကို ကာကွယ်ပေးဖို့ ကြိုးစားရုန်းကန်ခဲ့ရတဲ့ လူတွေရဲ့ ၁၉၀၀ ပြည့်လွန်နှစ် အစောပိုင်းကာလက သမိုင်းနောက်ခံ အချက်အလက် ပါတဲ့ ဒရာမာကတော့ မရှိပါဘူး”
“အဲဒီအချိန် ကာလတုန်းကလူတွေရဲ့ အကြောင်းကို ကျနော် ပြောပြလိုပါတယ်။ နိုင်ငံ အများစုကတော့ ပြင်ပက အင်အား စုတွေရဲ့ ခေတ်သစ် ကိုလိုနီ ကျွန်ပြုတဲ့အကြောင်း ကိုယ်ပိုင်ဇာတ်လမ်းတွေ ရှိကြပါတယ်။ ဒါ့ကြောင့် ဒီဇာတ်လမ်းဟာ အားလုံးနဲ့ နီးစပ်တဲ့ အကြောင်းအရာပါ” လို့ ပြောကြားခဲ့ပါတယ်။
နိုင်ငံရပ်ခြားက ပရိသတ်တွေအနေနဲ့လည်း ဒီဇာတ်လမ်းတွဲကို Netflix ကနေ ကြည့်ရှုနိုင်တယ်လို့လည်း ဆိုပါတယ်။
Ref:Yonhap
The post တောင်ကိုရီးယားမှာ လူကြည့်နှုန်းများနေတဲ့ လီဗြောင်ဟွန်း ပါဝင်တဲ့ “Mr. Sunshine” ဇာတ်လမ်းတွဲ appeared first on ဧရာဝတီ.