ဒီတခါမှာတော့ IMDB Rating (7.2) အထိရရှိထားတဲ့ အိန္ဒိယ တမီးလ် (Tamil) ရုပ်ရှင်ဇာတ်ကားကောင်း တကား “Rangoon” ရုပ်ရှင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မှုခင်း-အက်ရှင် ဒရာမာ ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာRajkumar Periasamy က ကိုယ်တိုင်ရေးသားရိုက်ကူးထားတာဖြစ်ပြီး မင်းသား Gautham Karthik အပါအဝင် တခြားသော သရုပ်ဆောင်တွေက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံကနေ အိန္ဒိယကိုပြောင်းလာတဲ့ တမီးလ် မိသားစုက Venkat ဆိုတဲ့ကောင်လေး အရွယ်ရောက်လာချိန်မှာတော့ ရွှေမှောင်ခို လုပ်ငန်းရှင်တဦးရဲ့ လူယုံတော်တယောက် ဖြစ်လာခဲ့ပါတယ်။
အဲဒီအချိန်ကာလမှာ အိန္ဒိယရဲ့ရွှေမှောင်ခိုလုပ်ငန်းဟာ ငွေသောက်သောက်လဲ ရတဲ့ လုပ်ငန်းတခုလည်း ဖြစ်သလို အဖမ်းအဆီးတွေကြားက အန္တရာယ်များတဲ့ လုပ်ငန်းတခုလည်းဖြစ်ပါတယ်။ Venkat နဲ့ သူ့သူငယ်ချင်း ၂ ယောက်ဟာ ရွှေမှောင်ခိုလုပ်ငန်းရှင်တဦးရဲ့ လက်ရုံးတွေဖြစ်တာနဲ့ အညီ ရန်ကုန်ကို ရွှေမှောင်ခိုကူးဖို့ အတွက် မိုးရေး-တမူး နယ်စပ်ကနေ မြန်မာနိုင်ငံကို ဝင်လာခဲ့ပါတယ်။
Venkat ရဲ့ဖခင်ဖြစ်သူဟာ တချိန်က ရွှေဘုံသာလမ်းရဲ့ ရွှေပွဲစားတဦး ဖြစ်တာကြောင့် ရန်ကုန်က ရွှေလုပ်ငန်းရှင် အဖွဲ့အစည်း ဥက္ကဋ္ဌဆီကို အခက်အခဲ မရှိဘဲ ရွှေချောင်းတွေကို ပို့နိုင်ခဲ့ပါတယ်။ ပြဿနာ စတာကတော့ ရွှေလုပ်ငန်းရှင် အဖွဲ့အစည်းက ချေလိုက်တဲ့ သိန်း ၆၀၀ ပါတဲ့ ငွေအိတ်ဟာ Venkat တို့တည်းတဲ့ ဟိုတယ်ကနေ ပြန်အထွက် ကားပေါ်မှာ ဖွင့်ကြည့်မိတဲ့အခါမှာတော့ ငွေသားတွေအစား စက္ကူတွေကိုသာ တွေ့လိုက်ရတဲ့ အချိန်မှာပဲ ဖြစ်ပါတယ်။
ဟိုတယ်မှာ သွားပြန်ရှာပေမယ့် ငွေအိတ်ကိုတော့ မတွေ့ရတော့ပါဘူး။ ရွှေမှောင်ခို လုပ်လာတဲ့ သက်တမ်း တလျှောက်မှာ ရန်ကုန်ကိုရောက်မှ ဒီလိုမျိုးတွေဖြစ်ရတာကြောင့် Venkat တယောက် ဘာတွေဆက်လုပ်မလဲ ဆိုတာကိုတော့ ဇာတ်လမ်းမှာ ဆက်လက် ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။
ဒီရုပ်ရှင်ဟာ တမီးလ် ရုပ်ရှင်တွေထဲမှာတော့ လူကြိုက်များပြီး အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတကား ဖြစ်တာနဲ့အညီ ရန်ကုန်မြို့ရဲ့ တရုတ်တန်း၊ ဆူးလေနဲ့ ပန်းဆိုးတန်း တဝိုက်က ရှုခင်းတွေကိုပါ ထည့်သွင်းရိုက်ကူးထားပြီး မြန်မာလို အနည်းငယ် ပြောဆိုထားတာတွေကိုပါ တွေ့ရပါတယ်။ ဒီဇာတ်ကားက စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။
The post ရန်ကုန်မြို့ရဲ့ ရှုခင်းတွေနဲ့အတူ စိတ်ဝင်တစား ကြည့်ရှုကြရမယ့် Tamil ရုပ်ရှင် “Rangoon” appeared first on ဧရာဝတီ.