အက်ရှင် ဇာတ်ကားများစွာမှာ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် နေထက်လင်းက ရုပ်ရှင်အစည်းအရုံးကို အားမရကြောင်းနဲ့ သူကိုယ်တိုင် အိုင်ဒီယာသစ်များ ရှိပေမယ့် ချမပြဖြစ်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“ကျနော် လတ်တလော အနုပညာလှုပ်ရှားမှုဆိုရင် ကိုဆာမိနဲ့ ရိုက်ထားတာ ပြီးသွားပြီ်။ ညီလေး နေတိုးတို့ ကိုဇင်ဝိုင်း ပါတယ်။ နေမျိုးအောင် ပါတယ်။ နောက်တကား ရိုက်ဖို့လည်း ပြင်ဆင်နေပါတယ်။ ကျနော်တို့ Channel တွေဘက် ပြောင်းရမှာပေါ့ဗျာ။ ကျနော်တို့က ဒီမိုကရေစီ သွားတောင်းတာကို ဒီမိုကရေစီနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေရမှာပေါ့။ မဖြစ်နိုင်တာကို ခဲလုံး အရေညှစ်ပြီး ဆက်လုပ်လို့ မရဘူး ဖြစ်နေတယ်။ ခိုးကူးတွေကလည်း သမနေတာကြာပြီ။ အဲ့တာလည်း နှစ်၂၀ ကျော်ပြီ။ အဲ့အတွက်လည်း ဥပဒေတခု ထွက်မလာသေးဘူး” လို့ နေထက်လင်းက ပြောပါတယ်။
“Channel ပေါ်လာတော့လည်း Channel ဘက် ဝင်စီးမျော ရမှာပေါ့။ ရုပ်ရှင်ကားကြီးတွေအတွက်တော့ ဂုဏ်သိက္ခာတခု ပြန်ယူရမှာပေါ့။ ကျနော်တို့ ပရိသတ်က ဒါလေးကို စားချင်တယ်ဆိုလည်း မကျွေးချင်ကြဘူး။ အစည်းအရုံးကလည်း တခုခုတော့ လုပ်ပေးသင့်တယ်။ ရုပ်ရှင်အစည်းအရုံးကို အားလည်း အားမရပါဘူး။ သူတို့လည်း ကိုယ်စွမ်းရှိသလောက် ဉာဏ်စွမ်းရှိသလောက် လုပ်နေကြတာပဲ။ ကျနော် အိုင်ဒီယာတွေ အများကြီး ရှိပါတယ်။ ပြောလိုက်ရင် သိကုန်မယ်”လို့ နေထက်လင်းက ဆိုပါတယ်။
သရုပ်ဆောင် နေထက်လင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကိုလည်း အားမရကြောင်း၊ မြန်မာနိုင်ငံ အစည်းအရုံးအနေနဲ့ အခွင့်အရေးကိုပဲ ထိုင်စောင့် မနေသင့်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ဥပမာနဲ့ အခုလို နှိုင်းပြထားပါတယ်။

“ရုပ်ရှင်အစည်းအရုံးက ငိုမပြကြဘူး။ စကားပုံရှိတယ် မဟုတ်လား။ ငိုတဲ့ကလေးမှ နို့စို့ရတယ် ဆိုတာလေ။ သူတို့က ငိုမပြကြဘူး။ အခွင့်အရေးကိုပဲ ထိုင်စောင့်နေကြတယ်။ ဒီမိုကရေစီ ဆိုတာ အဲ့လို မဟုတ်ဘူး။ ကျနော် သိတဲ့ ဒီမိုကရေစီက အဲ့လို မဟုတ်ဘူး။ နည်းနည်း ငိုပြရတယ်။ အဲ့ကျမှ အစိုးရက သိမှာ။ တောင်းဆိုရတယ်။ အခုက ထိုင်ပြီးတော့ ကိုယ့်ကို လာပြီးတော့ စကားပြောမလား။ မရဘူး၊ အဲ့လိုမရဘူး”
“ခေါင်းဆောင်ဆိုတာ လှုံ့ဆော်ရတယ်။ ဗိုလ်ချုပ် ဘာလုပ်နေလဲ။ လွတ်လပ်ရေး ထိုင်စောင့် မနေဘူး။ ပင်လုံစာချုပ်ချုပ်၊ ဂျပန်ကိုတိုက်၊ အင်္ဂလိပ်ကိုတိုက်နဲ့ အလုပ်ကို ရှုပ်နေတာ။ ခေါင်းဆောင်ဆိုတာ အဲ့တာလေ။ နောက်လိုက်တွေလည်း ကောင်းဖို့ လိုတယ်။ ဗိုလ်ချုပ်ကို နောက်လိုက်သတ်လို့ သေတာလေ။ ဗိုလ်ချုပ် ဘယ်သူ သတ်တာလဲ အဖြေရှာကြည့်ဦး။ ဗိုလ်ချုပ်နဲ့ အတွေးအခေါ် မတူတဲ့သူတွေ သတ်ပစ်တာ။ ဦးစောကိုလည်း အပြစ်တင်နေလို မရဘူး။ ဦးစောနောက်မှာ လူတွေ ရှိတယ်။ ဒီလောက်ပဲ၊ သိပ်မပြောချင်ပါဘူး”လို့ နေထက်လင်းက ဧရာဝတီကို ပြောပါတယ်။
သရုပ်ဆောင် နေထက်လင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အသစ် ပြောင်းလဲ ဖွဲ့စည်းမယ့် အချိန်တုန်းကလည်း ဥက္ကဋ္ဌအသစ် အဖြစ် ရွေးကောက်ခံယူဖို့ ရုပ်ရှင်အစည်းအရုံးမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။
ဆက်စပ် သတင်းလင့်ခ် – “ကျနော်တို့ လေးစားတဲ့ သူကိုထိတာ ခေါင်ထိရင် အကုန်ထိတယ်လို့ ခံစားရတယ်”
The post “ခေါင်းဆောင်ဆိုတာ လှုံ့ဆော်ရတယ်၊ လွတ်လပ်ရေးကို ထိုင်စောင့် မနေဘူး” appeared first on ဧရာဝတီ.